တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို သီးခြားဆီတွေ့ဆုံရန် အပစ်ရပ် ၈ ဖွဲ့တောင်းဆိုထား

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို သီးခြားဆီတွေ့ဆုံရန် အပစ်ရပ် ၈ ဖွဲ့တောင်းဆိုထား

ရန်ကုန်၊ အောက်တိုဘာ ၁၁ ။          ။ အပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၈ဖွဲ့မှဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) မှ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် သီးခြားဆီတွေ့ဆုံလို သည်ဟု တောင်းဆိုထားကြောင်း PPST အဖွဲ့ဝင် ဦးခွန်မြင့်ထွန်းက ပြောသည်။

အောက်တိုဘာလ ၁၅ ရက်နေ့ နေပြည်တော် မြန်မာကွန်ဗင်းရှင်းစင်တာ ၁ တွင်ပြုလုပ်မည့် NCA လက်မှတ်ရေးထိုးသည့် ၂ နှစ်ပြည့် အခမ်းအနား အပြီးတွင်ထိုသို့တွေ့ဆုံရန်တောင်းဆိုခဲ့ခြင်းဖြစ်သည်။

“ သီးခြားဆီတွေ့ဖို့ဆိုတာကတော့ အလွှတ်သဘော တွေ့ဆုံကြဖို့ ကျွန်တော်တို့ဘက်ကဒါကို ပြောတာဖြစ်ပါတယ်။ ဟိုဘက်ကအချိန်ပေး နိုင်မှုမပေးနိုင်မှု ကတော့ မသိသေးပါဘူး။ ကျွန်တော်တို့ကတော့ ဒီလိုသွားရောက်စဉ်ကာလမှာတော့ ခေါင်းဆောင်တွေကြားမှာ အလွတ်သဘောတွေ့ဆုံမှုတွေ လုပ်ခြင်းအားဖြင့် ငြိမ်းချမ်းရေးသွားတဲ့အခါမှာ ပိုပြီး ပွင့်ပွင့်လင်းလင်း လွတ်လွတ်လပ်လပ် ရင်းရင်းနှီးနှီးဆွေးနွေးနိုင်ဖို့အတွက်ကိုရည်ရွယ်တာဖြစ်ပါတယ် “ ဟု ဦးခွန်မြင့်ထွန်းက ပြောသည်။

အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့မှ ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် အောက်တိုဘာ ၉ ရက်နေ့မှ ၁၀ ရက်နေ့အထိ အရေးပေါ် အစည်းအဝေးတရပ် ခေါ်ယူဆွေးနွေးမှုပြုလုပ်အပြီးတွင် ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

ထိုအစည်းအဝေးတွင် ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ်နှင့် NCA နှစ်ပတ်လည်နေ့ အခမ်းအနားအတွက် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။ ထို့အပြင် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ ဖွဲ့တို့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခဲ့သော ၂ နှစ်ပြည့် အခမ်းအနားကို မြောက်ပိုင်း မဟာမိတ်အဖွဲ့ ၇ ဖွဲ့ပါဝင်သော ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေး ညှိနှိုင်းရေးကော်မတီ(FPNCC) အဖွဲ့ဝင်များအား ဖိတ်ခေါ်မည် ဟု PPST အဖွဲ့ကဆိုသည်။ ယင်းသို့ဖိတ်ကြားရန် အစိုးရအဖွဲ့၏ခွင့်ပြုချက်ကိုလည်း ရရှိထားပြီးဖြစ်ကြောင်း ဦးခွန်မြင့်ထွန်းက ပြောသည်။

“အဲဒီအဆိုပြုမှုကို အစိုးရဘက်က လက်ခံပြီးတော့မှ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရော၊ ယူအန်အက်ဖ်စီရော ဒီအခမ်းအနားကို ဖိတ်ကြားဖို့ နှစ်ဖက် သဘောတူပြီး ဖြစ်ပါတယ်”ဟု သူက ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ  (KNLA/PC) ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊  မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP) တို့သည် သမ္မတဦးသိန်းစိန်လက်ထက်၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ တွင်အစိုးရနှင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) ကိုရေးထိုးခဲ့ကြခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags