ကျပ်သိန်း ၂ဝ နီးပါးတန်ဖိုးရှိ မူးယစ်ဆေးပြားများ မန္တလေးတွင် ဖမ်းမိ

ကျပ်သိန်း ၂ဝ နီးပါးတန်ဖိုးရှိ မူးယစ်ဆေးပြားများ မန္တလေးတွင် ဖမ်းမိ
ဓာတ်ပုံ-မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့

ရန်ကုန်၊ အောက်တိုဘာလ ၁၁ ။          ။ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ဆည်တော်ကြီးကျေးရွာ၊ အမှတ်(၈)ရပ်ကွက်ရှိ နေအိမ်အတွင်း ထရံ တွင် ရှိသော ကြွပ်ကြွပ်အိတ်အတွင်းမှ ကျပ်သိန်း ၂ဝ တန်ဖိုးရှိ ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှ ယနေ့ အောက်တိုဘာလ ၁၁ ရက်တွင် သတင်းထုတ်ပြန်သည်။

ဆည်တော်ကြီးနယ်မြေရဲတပ်ဖွဲ့က အောက်တိုဘာလ ၁ဝ ရက်၊ ညနေ ၇ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် မူးယစ် ဆေးဝါးသတင်းအရ သက်သေများနှင့်အတူ အမှတ်(၈)ရပ်ကွက်ရှိ အသက် ၃၇ နှစ်အရွယ် မောင်ဇော် (ခ) ဇော်မျိုးထွန်းဆိုသူ နေအိမ်အတွင်းသို့ ဝင်ရောက်ရှာဖွေရာမှ အဆိုပါ ဆေးပြားများကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဇော်မျိုးထွန်းဆိုသူ၏ နေအိမ်ထရံမှ ကြွပ်ကြွပ်အိတ်အတွင်းထည့်ထားသည့် ကပ်ခွာ ပလပ်စတစ်အိတ်ဖြင့် ထုတ်လျက် WY စာတမ်းပါ ပန်းရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၂ဝဝ ပြားစီပါ ၃ ထုပ်၊ ၁၉၉ ပြားပါ ၁ ထုပ်နှင့် 88/1 စာတမ်းပါ ကြက်သွေးရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၉ ပြားပါ ၁ ထုပ်၊ စုစုပေါင်း ဆေးပြား ၉၈၈ ပြားကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သည့် ဆေးပြား ၉၈၈ ပြားမှာ အလေးချိန် ၈၉ ဒသမ ၈၂ ဂရမ်ခန့်ရှိပြီး ဆေးပြား တစ်ပြား လျှင် ကာလတန်ဖိုး ၂ဝဝဝ ကျပ်နှုန်းဖြင့် ကျပ်သိန်း ၂ဝ နီးပါး(ကျပ် ၁၉၉၆ဝဝဝ)ရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လက်ရှိတွင် အဆိုပါ စိတ်ကြွဆေးပြားများနှင့်အတူ ဖမ်းဆီးရမိခဲ့သည့် မောင်ဇော် (ခ) ဇော်မျိုးထွန်းဆိုသူအား ဆည်တော်ကြီးနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly