သမ္မတဟောင်း တဖြစ်လဲ လယ်သမားကြီး ဦးသိန်းစိန်

သမ္မတဟောင်း တဖြစ်လဲ လယ်သမားကြီး ဦးသိန်းစိန်
(ဓာတ်ပုံ- အီးပီအေ)

နေပြည်တော်(၂၀၁၇ခုနှစ်၊ အောက်တိုဘာလ ၁၁ရက်)။ ။ တပ်မတော်မှာ သက်တမ်းတစ်ဝက်ကျော်အထိ တာဝန်ထမ်းဆောင်ခဲ့သူ အသက် ၇၂နှစ်အရွယ် သမ္မတဟောင်း ဦးသိန်းစိန်တစ်ယောက် လက်ရှိမှာတော့ လယ်သမားကြီးတစ်ယောက် ဖြစ်နေပါပြီ။

မြန်မာနိုင်ငံရဲ့ စပါးကျီလို့ တစ်ချိန်က တင်စားခေါ်ဝေါ်ခဲ့တဲ့ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသက ကျေးရွာတစ်ခုမှာ မွေးဖွားခဲ့တဲ့ သမ္မတဟောင်း ဦးသိန်းစိန်ဟာ နေပြည်တော်မှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်နေပြီး အခုအချိန်မှာ သူ့ကိုယ်သူ သမ္မတဟောင်းလို့ မသတ်မှတ်ဘဲ လယ်သမားတစ်ယောက်လို့ ခံယူထားတယ်လို့ ဆိုပါတယ်။

“ငါ့ကိုယ်ငါ သမ္မတဟောင်းလို့ မသတ်မှတ်ဘူး။ လယ်သမားလို့ပဲ ငါသတ်မှတ်တယ်” လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုဦးဆောင်ကော်မတီ နာယကလည်း ဖြစ်သူ ဦးသိန်းစိန်က အောက်တိုဘာလ ၁၁ရက်နေ့က သတင်းထောက်တစ်ချို့ရဲ့ မေးမြန်းမှုကို ဖြေကြားခဲ့ပါတယ်။

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ရာဇဌာနီလမ်းဘေးက သမ္မတလယ်တောလို့ သူသိများတဲ့ ဧက ၅ဝဝ စိုက်ခင်းအတွင်းက လယ်ဧက (၂၀)မှာ ဦးသိန်းစိန်က စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

လက်ရှိမှာ စပါးစိုက်ပျိုးထားတဲ့ သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ လယ်တောဟာ ခေတ်မီ စက်မှုလယ်ယာစနစ်နဲ့ စိုက်ပျိုးရေးလုပ်ငန်းကို အကောင်အထည်ဖော်နေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် သန်းပေါင်းများစွာသော မြန်မာ့လယ်သမားတွေရဲ့ လယ်တောမှာ မရှိတဲ့ ‘ရွှေလယ်တော’ လို့ နာမည်ပေးထားတဲ့ ကော်ဖီဆိုင်ကြီး တစ်ဆိုင်လည်း ဦးသိန်းစိန်ရဲ့ လယ်တောထဲမှာ ဖွင့်ထားပါတယ်။

စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းကို ဝါသနာပါတဲ့ သမ္မတဟောင်း ဦးသိန်းစိန်ဟာ သူ့အစိုးရသက်တမ်း ငါးနှစ်အတွင်းမှာ လယ်သမားတွေအတွက် လယ်ယာမြေဥပဒေ ပြဌာန်းပေးခဲ့တာ၊ တစ်ဧကကို စိုက်ပျိုးစရိတ်ချေးငွေ ကျပ်နှစ်သောင်းကနေ ကျပ်တစ်သိန်းအထိ တိုးပေးတာနဲ့ တရုတ်ချေးငွေ ဒေါ်လာ သန်း ၄၀၀နဲ့ တောင်သူတွေ အရင်းအနှီးရအောင် ဖန်တီးပေးခဲ့တာတွေက ထင်ရှားတဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ခေတ်အဆက်ဆက်က လယ်ယာမြေသိမ်းဆည်းခံခဲ့ရတဲ့ လယ်သမားတွေရဲ့ များစွာသော ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ကျုံကူးကျေးရွာမှာ မွေးဖွားခဲ့တဲ့ ဦးသိန်းစိန်ဟာ စစ်တက္ကသိုလ် အပတ်စဉ် (၉) တက်ရောက်ခဲ့ပြီး တပ်မတော်အစိုးရလက်ထက်မှာ ဗိုလ်ချုပ်ကြီးအဆင့်နဲ့ နိုင်ငံတော်ဝန်ကြီးချုပ်အထိ တပ်မတော်မှာ နှစ်ပေါင်း ၄၀ကျော် စစ်ဘက်တာဝန် ထမ်းဆောင်ခဲ့သူပါ။

အဲ့ဒီနောက် ဗိုလ်ချုပ်ကြီးအဆင့်ကနေ နှုတ်ထွက်ပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကနေ ဝင်ပြိုင်ပြီး ၂၀၁၅ခုနှစ်အထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ၈၀ရာခိုင်နှုန်း အနိုင်ရပြီး တက်လာတဲ့ NLD အစိုးရအတွက် အကျပ်အတည်း ဖြစ်နေတဲ့ ရခိုင်ပြည်နယ်တွင်းက အခြေအအနေတွေနဲ့ ပတ်သက်လို့ အစိုးရက အကောင်းဆုံးလုပ်မှာပါလို့ သမ္မတဟောင်းက မျှော်လင့်နေပြီး သူကတော့ “လယ်ပဲစိုက်နေတော့တယ်” လို့ ဆိုပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly