အွန်လိုင်းစျေးဆိုင်များ လိုင်စင်မရှိလျှင် အရေးယူခံရမည်

အွန်လိုင်းစျေးဆိုင်များ လိုင်စင်မရှိလျှင် အရေးယူခံရမည်
ဓာတ်ပုံ-google
 

ရန်ကုန်၊အောက်တိုဘာ ၁၁ ။         ။ အွန်လိုင်းပေါ်ရောင်းချနေသည့် အလှကုန်၊ ဆေးဝါးနှင့် အစားအသောက်များနှင့် ပတ်သက်ပြီး တရားဝင် စည်းကြပ်တော့မည်ဖြစ်ကြောင်း၊ ခွင့်ပြုချက် လိုင်စင်မပါရှိပါက တရားမဝင်အဖြစ် သတ်မှတ်၍ရနိုင်ကြောင်း ယနေ့ အောက်တိုဘာ(၁၁)ရက်နေ့၌ ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒဿမပုံမှန်အစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။

"အွန်လိုင်းပေါ်ကနေ တရားမဝင်ရောင်းချတဲ့ အလှကုန်ဆေးဝါးအစားအသောက်တွေကို FDAကနေပြီးတော့ စစ်ဆေးမထားတဲ့အတွက် ပြည်သူတွေကို အန္တရာယ်ဖြစ်စေနိုင်လို့ နိုင်ငံတကာ ရဲတပ်ဖွဲ့နဲ့ မြန်မာနိုင်ငံမှာရှိတဲ့ အဖွဲ့(၃)ဖွဲ့ကလည်း ပူးပေါင်းဖော်ထုတ်အရေးယူမယ်လို့ ပုံနှိပ်မီဒီယာတွေပေါ်မှာ တွေ့ရှိရပါတယ် ဒါကြောင့်မို့လို့ နိုင်ငံသားတွေ အလုပ်အကိုင်ရရှိရေးနဲ့ တရားဝင် ရောင်းချနိုင်ဖို့အတွက်ကို တိုင်းဒေသကြီး အစိုးရအနေနဲ့ နိုင်ငံသားများ အွန်လိုင်းပေ့ဂျ်မှ တရားဝင်ရောင်းချနိုင်အောင် အခြေအနေ ဖန်တီးပေးရန် အစီစဉ်ရှိမရှိ သိရှိလိုပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ပန်းပဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးသက်နိုင်ဦးက မေးမြန်းခဲ့သည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သတ်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ အလှကုန်ပစ္စည်း၊ အစာအသောက်နှင့် ဆေးဝါးပစ္စည်း စသည်တို့ကို ဆိုင်ဖွင့်ရောင်းချ၍ဖြစ်စေ အွန်လိုင်းမှ ကြေငြာ၍   ရောင်းချခြင်းဖြစ်စေ ရောင်းချမည်ဆိုပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ လုပ်ငန်းလိုင်စင်၊ မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန(FDA)၏ ခွင့်ပြုမိန့်များကိုရယူကာ ရောင်းချနိုင်သည်ဟု စီမံရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ဖြေကြားခဲ့သည်။

အဆိုပါ အွန်လိုင်းပေါ်တွင် ရောင်းချနေသည့် အလှကုန်၊ ဆေးဝါးနှင့် အစားအသောက်များ ကိစ္စတွင် အချက်နှစ်ချက်ရှိနေပြီး FDA မစစ်ဆေးထားသည့်အတွက် စားသုံးရန်သင့်၊ မသင့်ဆိုသည့် အချက်နှင့် အွန်လိုင်းမှ ရောင်းချသည်များကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသည်ကို အခွန်ကောက်ခံရန် ဆိုသည့် အချက်တို့ဖြစ်သည်ဟု ဦးမြင့်သောင်းက ဆိုသည်။

"တကယ်လို့ ဒီကိစ္စရပ်တွေကို ဖောက်ဖျက်လို့ရှိရင်တော့ ရန်ကုန်တိုင်းဒေသကြီး စားသုံးသူ အငြင်းပွားရေး အဖွဲ့အနေနဲ့ စီစစ်အရေးယူဆောင်ရွက်ဖို့ ရှိပါတယ်။ ထို့အတူ အစားအသောက်၊ ဆေးဝါးနှင့် အလှကုန်ပစ္စည်းများ အပါအဝင် ပြည်ပမှ တင်သွင်းဖို့ရှိပါက တရားမဝင်တင်သွင်းလာတဲ့ ပစ္စည်းများကို ကုန်စည်များ တားစီးရေးနဲ့ ပတ်သတ်ပြီးတော့ ရန်ကုန်ဆိပ်ကမ်းများမှာ အကောက်အခွန်ဦးစီးဌာနမှာလည်းကောင်း နယ်စပ်များမှာ အကောက်ခွန်ဦးစီးဌာနနဲ့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့များ ပါဝင်တဲ့ ဌာနအဖွဲ့များနဲ့ ပူးပေါင်းဆောင်ရွက်လျက် ရှိပါတယ်"ဟု စီမံရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း ကပြောသည်။

ထို့အပြင် စားသုံးသူကာကွယ်ရေး ဥပဒေ၏ ပုဒ်မ(၁၄)၌ အွန်လိုင်းမှ ကြေငြာရောင်းချခြင်းနှင့် ဆက်နွယ်၍ စီးပွားရေးလုပ်ငန်းရှင်သည် ကုန်စည်နှင့် ပတ်သတ်သော အချက်အလက်များကို လိမ်လည်ရောင်းချခြင်း၊ ကုန်စည်၊ ဝန်ဆောင်မှုကို အာမခံပေးရန် လိမ်လည်ထားသော ကြေငြာများ၊ ကုန်စည်၊ ဝန်ဆောင်မှုတွင် မဟုတ်မမှန် သတင်းအချက်အလက်များ ပါဝင်သည့်ကြေငြာများ၊ ကုန်စည်၊ ဝန်ဆောင်မှုတို့ကို အသုံးပြုခြင်းဖြင့် အန္တရာယ်ရှိမှုကို အသိမပေးထားသည့် ကြေငြာများ၊ သက်ဆိုင်သူခွင့်ပြုချက်မရဘဲ အဖြစ်အပျက်၊ တစ်စုံတစ်ဦးကို ဖော်ပြထားသည့် ကြေငြာများ၊ လူမှုကျင့်ဝတ်များကို ဖောက်ဖျက်သည့် ကြေငြာများကို ဖော်ပြဆောင်ရွက်ခြင်းမပြုရန် ကြေငြာထားသည်။

ထိုသို့ပြုလုပ်ဖောက်ဖျက်ပါက ထောင်ဒဏ်အများဆုံး(၃)နှစ်၊ ငွေဒဏ်(၅)သိန်း သို့မဟုတ် ဒဏ်နှစ်ရပ်လုံး ကျသင့်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly