မကွေးရဲစခန်းမှ အချုပ်သား ၆ ဦး ထွက်ပြေး

မကွေးရဲစခန်းမှ အချုပ်သား ၆ ဦး ထွက်ပြေး

မကွေး အောက်တိုဘာ၁၁ ။          ။ မကွေးတိုင်းဒေသကြီး၊မကွေးမြို့ ၊မြို့မရဲစခန်း အချုပ်ခန်းအမှတ်(၆)ရှိ အချုပ်ကျ အချုပ်သမား (၆) ဦး သည် ယနေ့ နံနက်ပိုင်းက အချုပ်ခန်းဖောက်ကာ ထွက်ပြေးသွားကြောင်း မြို့မရဲ စခန်းမှ ကနဦး သတင်းရရှိသည်။

“ကျွန်တော်တို့ နံနက် ၆နာရီလောက်က သိရပါတယ်။ အချုပ်ခန်း အခန်း(၆)မှာ မုဒိန်းမှု နဲ့ အချုပ်ကျနေတဲ့ အချုပ်သား(၄)ယောက်၊ မှုးယစ်(၁) ယောက်နဲ့ခိုးမှုနဲ့ (၁)ယောက် ပေါင်း(၆)ယောက် အချုပ်ခန်း ဖောက်ထွက်ပြေးတယ်၊ CCTVကင်မရာ စစ်ဆေးကြည့်တော့ နံနက် ၃ နာရီ ၇ မိနစ် ၄၄စက္ကန့်မှာ အချုပ်ခန်း ခေါင်မိုးဖောက် ထွက်ပြေးတယ်လို့ သိရပါတယ်၊ ဒီလောက်ဘဲ ပြောနိင်ပါသေးတယ်။ ဒီထွက်ပြေးနေတဲ့ အချုပ်သားတွေ ဖမ်းမိဖို့ ရဲတပ်ဖွဲ့တွေ ကြိုးစား ဆောင်ရွက် နေကြပါတယ်၊ အခုလောလောဆယ်ကတော့ တာဝန်ကျ ကင်းမှူးတပ်ကြပ် ညွှန်လှိုင်နဲ့ ကင်းတပ်သား(၆)ယောက်ကို ချုပ်ထားပြီး ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေး ဥပဒေနဲ့ အရေးယူဖို့ ဆောင်ရွက်နေပါတယ် ”ဟု မြို့မရဲစခန်း စခန်းမှူးဒုရဲမှူးဝင်းကျော်ကပြောသည်။

မကွေးမြို့ မြို့မရဲစခန်း အချုပ်ခန်းဖောက် ထွက်ပြေးနေသူများမှာ စကုမြို့နယ် မင်းရွာနေ ဘိုဘိုလတ် အသက်၂၈နှစ်၊ မကွေးမြို့ အထက်ပွဲကြိုရပ်နေ စိုင်းသီဟ ၂၁နှစ်၊ မကွေးမြို့ မြင်ကွန်းကျေးရွာနေ ချစ်ကို ၂၄နှစ်၊ မကွေး မြို့နယ် ယင်းဆိပ် ကျောင်းတော်ဦးကျေးရွာနေ အောင်ဇော်လင်း ၂၈နှစ်၊မကွေးမြို့ နယ်အလပ်ချောင်းကျေးရွာနေ သိန်းမင်းထိုက် ၁၈နှစ်၊ မကွေးမြို့နယ် သစ်ရာကောက်ကျေးရွာနေ ခိုင်စိုး ၂၈နှစ်တို့ဖြစ်ကြောင်း မြို့မရဲစခန်းမှ သိရသည်။

အဆိုပါ အချုပ်ခန်းဖောက် ထွက်ပြေးနေသူများအား မကွေးတိုင်းရှိ ရဲစခန်များ နယ်မြေရဲကင်းများ ချိတ်ဆက်ကာ ပိတ်ဆို့ ရှာဖွေလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly