ဒေါ်အောင်ဆန်းစုကြည်က နိုဗယ်ဆုကိုလိုက်တောင်းခဲ့ခြင်းမဟုတ်ဟု ကာဒီနယ်ချားလ်စ်ဘို ကာကွယ်ပြောကြား

ဒေါ်အောင်ဆန်းစုကြည်က နိုဗယ်ဆုကိုလိုက်တောင်းခဲ့ခြင်းမဟုတ်ဟု ကာဒီနယ်ချားလ်စ်ဘို ကာကွယ်ပြောကြား
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

 

ရန်ကုန်၊ အောက်တိုဘာ ၁၁  ။            ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးနိုဗယ်ဆုကို လိုက်တောင်းခဲ့ခြင်းမဟုတ်ဟု ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်၊   မြန်မာနိုင်ငံကတ်သလစ် ဂိုဏ်းချုပ် ဆရာတော်ကြီးများအဖွဲ့ချုပ်၊ ရန်ကုန်ကတ်သလစ် ဂိုဏ်းချုပ်သာသနာ ရဟန်းအမတ် ကာဒီနယ်ချားလ်စ်ဘို က ဘာသာပေါင်းစုံ ဆုတောင်းပွဲတွင် ယမန်နေ့က ပြောဆိုလိုက်သည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနှင့်ပက်သက်ပြီး  ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နိုဘယ်ဆု ပြန်ရုတ်သိမ်းရန် ကမ္ဘာတလွှားရှိ လူပေါင်း ၃ သိန်းခွဲကျော်က အင်တာနက်မှဆန္ဒပြုလက်မှတ်ထိုးထားခြင်းနှင့် ပတ်သက်ပြီးပြောဆိုခဲ့ခြင်းဖြစ်သည်။

“ ဒေါ်အောင်ဆန်းစုကြည်ကနိုဗယ်ဆုတံဆိပ်ကို လိုက်တောင်းခဲ့တာမဟုတ်ပါဘူး။ နိုင်ငံတကာအဖွဲ့အစည်းတွေကသာ  ဒေါ်အောင်ဆန်းစုကြည် နောက်ကိုလိုက်ပြီးတော့ ဆုတွေပေးနေခဲ့ပါတယ်” ဟု ကာဒီနယ်ချားလ်စ်ဘို က ပြောသည်။

“ ဒါပေမယ့် သူတို့မယူပြစ်နိုင်တဲ့အရာတစ်ခုဟာ တိုင်းသူပြည်သားတွေက ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာရှိခဲ့တဲ့ ချစ်ခြင်းမေတ္တာ “ ဟုလည်း၎င်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဆောင်ကာ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံး ငြိမ်းချမ်းသာယာဝပြောစေဖို့ ရည်ရွယ်ပြီး “ ဘာသာ ပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲ “ ကို အောက်တိုဘာ ၁၀ရက် ညနေပိုင်းကပြုလုပ်ခဲ့စဉ် ပြောဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပက်သက်ပြီး နော်ဝေးနိုင်ငံရှိ နိုဘယ်ဆု ကော်မတီ ဥက္ကဌက ဆုပေးခြင်းသည် မရွေးချယ်ခင်ကာလကလုပ်ကိုင်ခဲ့ သည့် စွမ်းဆောင်မှုများအတွက်ပေးတာဖြစ်ပြီး   နောက်ပိုင်းကာလကိစ္စများနှင့်မသက်ဆိုင်ကြောင်း လွန်ခဲ့သည့် စက်တင်ဘာလဆန်းပိုင်းက ပြောဆိုထားသည်။

ထို့အပြင် မည်သည့်နိုဗယ်ဆုအမျိုးအစားမဆို  ပေးပြီးပါက ပြန်ရုပ်သိမ်းနိုင်သည့် စည်းကမ်းချက်မရှိကြောင်းလည်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly