ကျုးကျော်များ တွံတေး၌ နေရာချထားပေးမည်ဆိုသည့်သတင်း မဟုတ်မှန်

ကျုးကျော်များ တွံတေး၌ နေရာချထားပေးမည်ဆိုသည့်သတင်း မဟုတ်မှန်

ရန်ကုန်၊အောက်တိုဘာ၁၀ ။           ။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကျုးကျော်များကို တွံတေး ၌ နေရာချထားပေးမည်ဆိုသည့် သတင်းမှာ မဟုတ်မှန်ဘဲ စာရင်းကောက်ခံသည့် အဆင့်သာရှိသေးကြောင်း ရန်ကုန်မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က မဇ္ဈိမကို အတည်ပြုပြောသည်။

ရန်ကုန်ကျုးကျော်များထားရှိရန် တွံတေးမြို့ကိုရွေးချယ်ထားကြောင်း ယနေ့အောက်တိုဘာလ(၁၀)ရက်နေ့၌ သတင်းတစ်ရပ်တွင် ဖော်ပြထားခဲ့သည်။

"ကျွန်တော်တို့ဝန်ကြီးချုပ်ကြီးက ကျုးကျော်တွေနဲ့ပတ်သတ်ပြီး စာရင်းကောက်တဲ့အဆင့်ပဲရှိပါသေးတယ် ။ ပြောရင်တော့ Squatter Registration(ကျုးကျော်စာရင်းသတ်မှတ်ခြင်း)ပဲရှိပါသေးတယ် ။ စဉ်းစားနေတုန်းပဲရှိပါသေးတယ် ။သူတို့အတွက် Solution(အဖြေ)ကမရှိသေးပါဘူး"ဟု ရန်ကုန်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ပြောပြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ကျုးကျော်စာရင်းကောက်ခံမှုဆောင်ရွက်ရာတွင် ကျုးကျော်အဖြစ်သတ်မှတ်သည်ကို လက်မခံသူများလည်းရှိနေသည်။

"ဒါကတော့သူ့ကိစ္စပေါ့နော်။ လက်မခံရင်တော့ မပါဘူး"ဟု ဦးမြင့်နိုင်က ဆိုသည်။

ကျုးကျော်များကို နေရာချထားပေးချိန်ရောက်ရှိလာပါက ကျုးကျော်စာရင်းကောက်ခံသည့်အချိန်တွင် ပါဝင်သည့်သူများကိုသာ ချထားပေးမည်ဟုဆိုသည်။

အဆိုပါကျူးကျော်ကိစ္စကို ပြတ်ပြတ်သားသား ကိုင်တွယ်သွားမည်ဖြစ်ကြောင်းကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ၂၀၁၇ခုနှစ် ဇွန်လ(၉)ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ ပြောကြားခဲ့ဖူးသည်။

၂၀၁၆ စက်တင်ဘာလမှ စတင်ကောက်ခံခဲ့သည့် စာရင်းများအရ ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်(၁၃) မြို့နယ်၌ ကျုးကျော်ဟုသတ်မှတ်ထားသူပေါင်း (၄)သိန်းခန့် ရှိနေပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly