မင်္ဂလာဒုံတွင် ကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်

မင်္ဂလာဒုံတွင် ကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်

ရန်ကုန်၊ အောက်တိုဘာလ ၁ဝ ။           ။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာအုပ်စု၊ လေးထောင့်ကန်ရပ်ကွက်၊ ကံကော် ၂ လမ်းထဲတွင် ကားနှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သွားရောက်ကူညီပေးခဲ့သည့် ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ စခန်းမှူး ကိုထင်လင်းအောင်က မဇ္ဈိမသို့ ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုမှာ အောက်တိုဘာလ ၉ ရက်၊ နေ့လည် ၁ နာရီခန့်အချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ် တိုက်မှုကြောင့် ဆိုင်ကယ်စီးလာသည့် အမျိုးသားမှာ ဦးခေါင်းထိခိုက်ဒဏ်ရာများ၊ ဒူးခေါင်းနှင့် တံတောင်ဆုတ် ပြဲဒဏ်ရာများ ရရှိခဲ့သော်လည်း အသက်အန္တရယ်မစိုးရိမ်ရ ကြောင်း သိရသည်။

“ တိုက်တာကတော့ ရပ်ကွက်အတွင်းထဲမှာ တိုက်တာပေါ့။ မျက်နှာချင်းဆိုင်တိုက်တာ။ ဆိုင်ကယ်သမားက မျက်နှာနဲ့ ဦးခေါင်း ထိခိုက်ဒဏ်ရာရတယ်။ နှုတ်ခမ်းလည်း ကွဲတယ်။ နောက် လက်တွေနဲ့ ဒူးခေါင်းတွေ ဆုတ်ပြဲ သွားတယ်ပေါ့။ ရပ်ကွက်ထဲမှာဆိုတော့ ဆိုင်ကယ်တွေက အရမ်းမောင်းတာ။ ကားကလည်း မောင်းဆိုတော့ လမ်းအကွေ့အထွက်မှာ ဒဲ့တိုက်တာပေါ့”ဟု ကိုထင်လင်းအောင်က ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော အမျိုးသားအား ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ မေဓါဝီဆေးရုံသို့ အချိန်မီ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“ အရေးယူမှုအပိုင်းကတော့ သူတို့က ရွာသားအချင်းချင်းဆိုတော့ သူတို့က မိသားစုဆန်ဆန် ကျေအေးတယ် လို့တော့ ကြားပါတယ်ခင်ဗျာ”ဟု ကိုထင်လင်းအောင်က ဆိုသည်။

ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းမကြီးတွင် ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှု များအပြင် အကြောင်းအမျိုးအမျိုးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ကူညီပေးခဲ့သည်မှာ ၂ဝ၁၇ ခုနှစ်၊ ဇန်နဝါရီလမှ စပြီး ယခုအချိန်အထိ လူနာပေါင်း ၃၅ဝ ကျော်ရှိပြီ ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly