U2 အဖွဲ့မှ အဆိုတော်ဘိုနို အာဂျင်တီးနားသမ္မတနှင့်တွေ့ဆုံ

U2 အဖွဲ့မှ အဆိုတော်ဘိုနို အာဂျင်တီးနားသမ္မတနှင့်တွေ့ဆုံ

 

ဗြူနိုအေးရိစ်၊ အောက်တိုဘာ ၁၀ ။             ။ အာဂျင်တီးနားသမ္မတ မော်ရီစီယိုမက်ခရီနှင့် U2 အဖွဲ့မှ ဦးဆောင်အဆိုတော်ဘိုနိုတို့ တနင်္လာနေ့က ဗြူနိုအေးရိစ်မြို့ှရှိ ကာဆာရိုဆာဒါသမ္မတအိမ်တော်၌   တွေ့ဆုံခဲ့ကြောင်း တာဝန်ရှိသူများက ထုတ်ပြန်ကြေညာ ခဲ့သည်။

အိုင်းရစ်တီးဝိုင်းအဖွဲ့ U2 သည် အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့တို့တွင် ဗြူနိုအေးရိစ်မှ ၃၇ မိုင်ခန့်ကွာဝေးသော လာပလာတာမြို့၌ ဖျော်ဖြေပွဲများကျင်းပသွားမည်ဖြစ်သည်။

အာဂျင်တီးနားသမ္မတရုံးက ဘိုနိုနှင့် သမ္မတမက်ခရီတို့ တွေ့ဆုံစဉ်၌ ပြောကြားခဲ့သော ဆွေးနွေးချက်များကို အသေးစိတ်ထုတ်ပြန်ခြင်းမရှိသော်လည်း ဘိုနိုနှင့်အတူ သမ္မတမက်ခရီ၊ အစိုးရအဖွဲ့အကြီးအကဲ မားကို့စ်ပီနာ တို့ စကားပြောဆိုနေသော ဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။

နာမည်ကျော် U2 အဖွဲ့၏ ဦးဆောင်အဆိုတော်ဘိုနိုသည် သူ၏လူသားချင်းဆိုင်ရာ လုပ်ဆောင်ချက်များကြောင့် လူသိများထင်ရှားသူတစ်ဦးဖြစ်ပြီး နိုဘယ်လ်ငြိမ်းချမ်းရေးဆုအတွက်လည်း ဇကာတင်စာရင်းထဲ၌ ပါဝင်ခဲ့သူတစ် ဦးဖြစ်သည်။

လက်ရှိအချိန်တွင် U2 အဖွဲ့သည် The Joshua Tree Tour 2017 ခေါင်းစဉ်ဖြင့် ကမ္ဘာလှည့်ဖျော်ဖြေပွဲများ ပြုလုပ်လျက်ရှိပြီး အားပေးမှုအမြောက်အမြား ရရှိလျက်ရှိသည်။

အိုင်ယာလန်တီးဝိုင်း U2 ၏အဖွဲ့ဝင်များမှာ ဘိုနို၊ The Edge၊ အဒမ်ကလေတွန်နှင့် လာရီမူလန်တို့ဖြစ်ကြပြီး ၁၉၇၆ ခုနှစ်ကတည်းက U2 အဖွဲ့ကိုဖွဲ့စည်းခဲ့ကြခြင်းဖြစ်သည်။

U2 အဖွဲ့၏ အောင်မြင်ကျော်ကြားသော သီချင်းများထဲမှ ပေါက်သီချင်းများမှာ With or Without You ၊ I Still Haven't Found What I'm Looking For ၊ Where the Streets Have No Name၊ Desire ၊ New Year's Day နှင့် Sunday Bloody Sunday တို့ဖြစ်ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly