ကြက်ဟင်းခါးပင် စိုက်ပျိုးခြင်း အပိုင်း (၁)

By မဇ္ဈိမ
10 October 2017
ကြက်ဟင်းခါးပင် စိုက်ပျိုးခြင်း အပိုင်း (၁)

 

"ရေကြိုက်ပေမယ့် ရေဝပ်တာကို မကြိုက်တာကတော့ ကြက်ဟင်းခါးသီးပါ။ ဆေးဘက်ဝင်ပြီးတော့ အရသာက ခါးသလိုလိုနဲ့ တစ်ကယ်တမ်းစားကြည့်လိုက်ရင်တော့ အရသာက ချိုမွှေးနေပါတယ်။ စိုက်ပျိုးပြီး ၂ လအကြာမှာပဲ အသီးကို စတင်ခူးဆွတ်လို့ရပါပြီ။ ဘယ်လိုစိုက်ပျိုးရလဲဆိုတာကို ကြည့်လိုက်ရအောင် ခင်ဗျာ။"

ကြက်ဟင်းခါးပင်ရဲ့ မူရင်းဒေသကတော့ အာရှတိုက်နဲ့ အာဖရိကတိုက်တို့ပဲ ဖြစ်ပါတယ်။ ကြက်ဟင်းခါးပင်ကို မြေအမျိုးအစား မရွေးစိုက်ပျိုးနိုင်ပေမယ့် မြေသြဇာကောင်းမွန်တဲ့ မြေမျိုးမှာဆိုရင်တော့ ပိုမိုဖြစ်ထွန်းပါတယ်။ ရေကိုကြိုက်နှစ်သက်ပေမယ့် ရေဝပ်တာကိုတော့ မကြိုက်ပါဘူး။ ကြက်ဟင်းခါးပင်ကို စိုက်မယ်ဆိုရင်တော့ မြေ၁ဧကကို နွားချေး ၇ စီး ဒါမှမဟုတ် ၈ စီးခန့်ချပြီးတော့ ထယ် တစ်စက် ထိုးပေးရမှာပါ။

ပြီးရင်တော့ အမိုနီယမ်ဆာလဖိတ် ပေါင်၁၀၀ ဒါမှမဟုတ် ပေါင်၁၅၀ ခန့် ချပြီးတော့ ထွန် ၈ စက် မွှေပေးရမှာပါ။ စိုက်တန်း တစ်တန်းနဲ့တစ်တန်းကိုတော့ ၃ ပေ ကနေ ၅ ပေအထိ ခွာထားပေးရမှာ ဖြစ်ပြီး၊ တစ်ပင်နဲ့ တစ်ပင်ကိုတော့ ၁ပေ၊ ၂ပေ ခန့်ခွာပြီး စိုက်ပျိုးပေးရမှာပါ။

အပင်ငယ်စဉ်ကပင် ပေါင်းလိုက်ခြင်း၊ မြေကြပ်နေမယ်ဆိုရင်တော့ မြေဆွပေးခြင်းတို့ကို ပြုလုပ်ပေးရန် လိုအပ်ပါတယ်။ အပင် ၃ ပေ ၊ ၄ ပေခန့် မြင့်လာရင်တော့ ခေါင်ညွန့်တွေကို နှိမ်ပေးရမှာပါ။

စိုက်ပျိုးပြီး ၂ လခန့် ကြာရင်တော့ အသီးတွေကို စတင်ခူးဆွတ်နိုင်ပါပြီ။

Mizzima ရဲ့ စိုက်ပျိုးပျော်ရွှင် သိစေချင် အဖွဲ့သားတွေ ရောက်ရှိနေတဲ့ နေရာကတော့ ပုသိမ်မြို့နယ်၊ ကိုးဆူစံပြကျေးရွာထဲက ကြက်ဟင်းခါးခြံထဲမှာပဲ ဖြစ်ပါတယ်။ အခုဆိုရင်တော့ ဒီမှာရှိနေတဲ့ စိုက်ပျိုးရေးဦးကြီးတွေနဲ့ တွေ့ဆုံပြီးတော့ မေးမြန်းတင်ဆက်ထားတာတွေကို လာမယ့် ကြာသာပတေးနေ့ အပိုင်း(၂) မှာ စောင့်မျှော် အားပေးကြပါဦးခင်ဗျာ။

ဆက်လက်ဖော်ပြပါမည်။

Mizzima Weekly