အပစ်ရပ်စာချုပ်လက်မှတ်ထိုးရန် သမ္မတဖိတ်ခေါ်ချက် ကေအန်ယူလက်ခံ

အပစ်ရပ်စာချုပ်လက်မှတ်ထိုးရန် သမ္မတဖိတ်ခေါ်ချက် ကေအန်ယူလက်ခံ

ရန်ကုန် (မဇ္ဈိမ) ။ ။ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် NCA ကို လက်မှတ်ရေးထိုးရန် သမ္မတဦးသိန်းစိန်က ဖိတ်ခေါ်ပြီးနောက် ကရင်အမျိုးသားအစည်းအရုံး - ကေအဲန်ယူက ဗဟိုအမြဲတမ်းကော်မတီ (၅)ကြိမ်မြောက် အရေးပေါ် အစည်းအဝေးကို သြဂုတ် ၁၄ရက် နှင့် ၁၅ရက်တွင် ပြုလုပ်ခဲ့ပြီး အပစ်ရပ်စာချုပ် လက်မှတ်ထိုးရန် နှင့် လက်မှတ်ထိုးအပြီး နိုင်ငံရေးဆွေးနွေးပွဲအတွက် ပြင်ဆင်မှုဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့ကြောင်း သြဂုတ် ၁၅ရက်က သတင်းထုတ်ပြန်လိုက်သည်။ 

အစည်းအဝေးတွင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့် ညှိနှိုင်းဆောင်ရွက်ရေး ကိုယ်စားလှယ်အဖွဲ့ (SD) နှင့် ပြည်ထေင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့ (၉)ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေး ရလဒ်များကို သဘောတူခဲ့သည်။

နှစ်ရက်တာ အရေးပေါ် အစည်းအဝေးတွင် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးကိစ္စနှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ NCA လက်မှတ်ထိုးရေးဆိုင်ရာ ကိစ္စများ၊ လတ်တလောဖြစ်ပေါ်နေသော မြန်မာနိုင်ငံရေးအခြေအနေ နှင့် ဖြစ်ပေါ်လာနိုင်သည့် အကျိုးဆက်များ၊ ကေအဲန်ယူ၏ အခြေအနေများကို သုံးသပ်ဆွေးနွေးခဲ့သည်။ 

ယင်းအပြင် NCA ကို အကြောင်းအမျိုးမျိုးကြောင့် ပါဝင်လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသည့် အဖွဲ့များအတွက်လည်း နိုင်ငံရေး၊ စစ်ရေး အာမခံချက် နှင့် လူမှုရေး စာနာထေက်ထားမှု အခွင့်အရေးရရန် ကြိုးပမ်းမည်ဟုဆိုသည်။ 

သြဂုတ်လ ၁၁ရက်တွင် သမ္မတဦးသိန်းစိန်က အစိုးရ နှင့် တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့များအကြား တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA)ကို လက်မှတ်ရေးထိုးရန် စာပို့ကာ ဖိတ်ခေါ်ထားသည်။

ငြိမ်းချမ်းရေး ဖော်ဆောင်ရန် တပ်မတော်ဘက်ကလည်း အချုပ်အခြာ အာဏာကို ထိပါးလာမည့် ကိစ္စများမှအပ စစ်ဆေးရေးကြီးများ ပြုလုပ်ရန် ရည်ရွယ်ခြင်း မရှိတော့ဟု သမ္မတ၏ စာတွင် ဖော်ပြထားသည်။

အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့သည် NCAကို ၁၇လကြာ ဆွေးနွေးခဲ့ပြီး အချက် ၃၃ချက်ပါ စာချုပ်မူကြမ်းကို ပြီးစီးကြောင့် အတည်ပြုလက်မှတ်ကို မတ်လ ၃၁ရက်က ရေးထိုးနိုင်ခဲ့ပြီး NCAပါ အချက်အားလုံးကိုလည်း သြဂုတ် ၇ရက်က သဘောတူခဲ့ပြီးဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly