အငြင်းပွားဖွယ်ဥပဒေကြမ်းများကို ထောက်ခံခြင်းနှင့် ပြိုင်ဖက်ပါတီခေါင်းဆောင်များနှင့် ဆက်နွယ်ခြင်းတို့ကြောင့် ဦးရွှေမန်းကို ရာထူးက ဖယ်ရှားခြင်းဖြစ်ဟု ဦးရဲထွဋ်ပြော

အငြင်းပွားဖွယ်ဥပဒေကြမ်းများကို ထောက်ခံခြင်းနှင့် ပြိုင်ဖက်ပါတီခေါင်းဆောင်များနှင့် ဆက်နွယ်ခြင်းတို့ကြောင့် ဦးရွှေမန်းကို ရာထူးက ဖယ်ရှားခြင်းဖြစ်ဟု ဦးရဲထွဋ်ပြော

ဦးရွှေမန်းအား အာဏာရပါတီ၏ ဥက္ကဋ္ဌအဖြစ်မှ ယခုသီတင်းပတ်အတွင်းက ဖယ်ရှားလိုက်ရခြင်းမှာ ဦးရွှေမန်းသည် လွှတ်တော်အတွင်း အငြင်းပွားဖွယ်ရှိသည့် ဥပဒေကြမ်းများကို ထောက်ခံသကဲ့သို့ ပြိုင်ဖက်ပါတီခေါင်းဆောင်များနှင့် ဆက်ဆံမှုများရှိခြင်းကြောင့် ဖြစ်သည်ဟု ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောလိုက်သည်။

ရွေးကောက်ပွဲကျင်းပရန် သုံးလခန့်အလိုတွင် သူရဦးရွှေမန်းအား ယခုကဲ့သို့ ပါတီဥက္ကဋ္ဌရာထူးမှ ဖယ်ရှားလိုက်ခြင်းနှင့် ပတ်သက်ပြီး အစိုးရက အသေးစိတ်ပြောဆိုခြင်းမရှိသေးချိန် သမ္မတပြောရေးဆိုခွင့်လည်း ဖြစ်သူ ဦးရဲထွဋ်က ယခုကဲ့သို့ မှတ်ချက်ပြုပြောကြားလာခဲ့ခြင်းဖြစ်သည်။

ဦးရွှေမန်းက နိုင်ငံ၏ ဒီမိုကရေစီတွင် လွှတ်တော်ကို ပိုမိုအားကောင်းအောင် လုပ်ဆောင်လျက်ရှိခြင်းဖြစ်ကြောင်း ၎င်း၏ ဖေ့ဘုတ်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

ပြီးခဲ့သည့် သြဂုတ် ၁၂ ရက် ဗုဒ္ဓဟူးနေ့က လုံခြုံရေးတပ်ဖွဲ့များက နေပြည်တော်ရှိ ကြံ့ခိုင်ရေးပါတီရုံးချုပ်ကို ဝိုင်းထားခဲ့ချိန်မှစကာ မြန်မာ့နိုင်ငံရေးအခြေအနေပေါ်တွင် အရေးပါဆုံးခေါင်းဆောင်ကြီးနှစ်ဦးကြား ယှဉ်ပြိုင်မှုများကို မြင်သာလာခဲ့ရသည်။

သူရဦးရွှေမန်းသည် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆက်ဆံရင်းနှီးမှုကို တည်ဆောက်လျက် စစ်တပ်နှင့် ဆန့်ကျင်ယှဉ်ပြိုင်လာပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဖွဲ့စည်းပုံပြင်ဆင်ရေး လှုပ်ရှားမှုတွင်လည်း ကျောထောက်နောက်ခံ ပြုခဲ့သည်ဟု သတင်းတွင် ဖော်ပြသည်။ နိုင်ငံကို စစ်အုပ်ချုပ်ရေးမှ အရပ်သားတစ်ပိုင်းအုပ်ချုပ်ရေးသို့ ၂၀၁၁ ခုနှစ်တွင် အာဏာပြောင်းလွှဲအပ်ခဲ့သော်လည်း နိုင်ငံရေးစနစ်များ ပြုပြောင်းလဲရေးတွင် စစ်တပ်လက်တွင်း ဗီတိုအာဏာရှိနေဆဲဖြစ်သည်။

မြန်မာနိုင်ငံကို နှစ်ပေါင်း ၄၉ နှစ်တိုင်အောင် အုပ်ချုပ်ခဲ့သည့် စစ်အုပ်ချုပ်ရေးတွင် သမ္မတဦးသိန်းစိန်နှင့် ဦးရွှေမန်းတို့နှစ်ဦးစလုံးမှာ စစ်အုပ်ချုပ်ရေး၏ အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြသူများဖြစ်သည်။

အာဏာရကြံ့ခိုင်ရေးပါတီမှ အဖွဲ့ဝင်များက ပြီးခဲ့သည့်သီတင်းပတ်များက ဦးရွှေမန်း၏ လက်အောက်တွင် ပါတီမူဝါဒရေးရာများနှင့် ပတ်သက်ပြီး စိုးရိမ်ဖွယ်ရာများရှိနေပါပြီဟုသည်ကို ဖော်ပြသည့် လျှို့ဝှက်စာတစ်စောင်အား သမ္မတဦးသိန်းစိန်ထံသို့ ပေးပို့ခဲ့ကြောင်း ဦးရဲထွဋ်က ပြောသည်။

ထို့ပြင် ပြိုင်ဖက်ပါတီခေါင်းဆောင်များနှင့် ပတ်သက်ဆက်ဆံမှုကလည်း ပွင့်လင်းမြင်သာမှုမရှိကြောင်း ဦးရဲထွဋ်က ပြောသော်လည်း မည်သည့်ခေါင်းဆောင်များဖြစ်သည်ဆိုသည်ကိုမူ ပြောဆိုရန် ငြင်းဆန်သည်။

ဦးရွှေမန်းအား ဖယ်ရှားခြင်းနှင့် ပတ်သက်ပြီး ပါတီပုံရိပ်ထိခိုက်မှုရှိနိုင်ချိန်တွင် ဦးရဲထွဋ်က ဦးရွှေမန်းသည် ပါတီနှင့် နိုင်ငံအတွက်ထက် ကိုယ်ပိုင်နိုင်ငံရေးရည်မှန်းချက်ထက် လုပ်ကိုင်နေကာ ပြီးခဲ့သည့်နှစ်အတွင်း လွှတ်တော်တွင်းလည်း အလွန်စဉ်းစားသံသယဖြစ်ဖွယ်ဆုံးဖြတ်ချက်အချို့ကို ချမှတ်ခြင်းများရှိခဲ့သည်ဟုလည်း ပြောခဲ့သည်။

ထိုသို့ ဦးရွှေမန်း၏ လုပ်ဆောင်ချက်များတွင် ဇွန်လအတွင်းက တပ်မတော်၏ အာဏာကို ကန့်သတ်မည့် ဖွဲ့စည်းပုံပြင်ဆင်ရေးတွင် ထောက်ခံမှုပေးခြင်းလည်း ပါဝင်ကြောင်း ဦးရဲထွဋ်က ပြောကြားသည်။

"သူက အခြားသူတွေကိုလည်း သူစိတ်ဆန္ဒအတိုင်း လိုက်နာဖော်ဆောင်ဖို့ ကြိုးစားတယ်။ ဒါမျိုးက အကြိမ်ကြိမ်ဖြစ်လာခဲ့တယ်။ ဒါက သူ့ရဲ့ ခေါင်းဆောင်မှုပုံစံပဲ။ ဒါကြောင့် ပါတီတွင်း ဒီမိုကရေစီအတွက် စိုးရိမ်စရာတွေ များလာနေခဲ့ရတယ်။”ဟု ဦးရဲထွဋ်က ဆိုသည်။

ရိုက်တာသတင်းဌာနအနေဖြင့် ဦးရွှေမန်းနှင့်လည်း မေးမြန်းနိုင်အောင် သြဂုတ် ၁၅ ရက်က ကြိုးစားဆက်သွယ်ခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

ဦးရွှေမန်းက ၎င်းဖေ့ဘုတ်စာမျက်နှာတွင် သြဂုတ် ၁၅ ရက်က  နိုင်ငံနှင့် နိုင်ငံသားများ ဒုက္ခရောက်စေနိုင်သော မည်သည့်ကိစ္စကိုမှ မိမိမလုပ်သကဲ့သို့ အခြားသူများကိုလည်း မလုပ်စေလိုပါ ဟူ၍ ရေးသားဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly