အသည်းကွဲဝေဒနာကို ဘယ်လိုကုစားမလဲ

အသည်းကွဲဝေဒနာကို ဘယ်လိုကုစားမလဲ

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe

သင်ချစ်မြတ်နိုးရတဲ့ တစ်ယောက်ယောက်နဲ့ ပြတ်စဲလမ်းခွဲရတဲ့အခါ ဘယ်လိုခံစားရလေ့ရှိသလဲ။ အင်မတန်ကို ကြေကွဲဝမ်းနည်းခံစားရမယ်ဆိုတာ ပြောဖို့တောင်မလိုလောက်ပါဘူး။ လမ်းခွဲတာ၊ပြတ်စဲတာဟာဘယ်လိုပုံစံမျိုးပဲဖြစ်ဖြစ် (အချိန်ကြာကြီးတွဲခဲ့တာပဲ ဖြစ်ဖြစ်၊ ခဏတဖြုတ်တွဲရသေးတာပဲ ဖြစ်ဖြစ်၊ အင်မတန်ချစ်မြတ်နိုးကြတဲ့ စုံတွဲပဲဖြစ်ဖြစ် ဒါမှမဟုတ် သူငယ်ချင်းချစ်သူအဆင့်ပဲဖြစ်ဖြစ်) စိတ်ချင်းဆက်သွယ်ခဲ့ကြပြီးပြီဆိုရင် နာကျင်ခံစားရမှာအသေအချာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအသည်းကွဲတာကို ကုသပေးနိုင်တဲ့ နည်းလမ်းဆေးမြီးတိုလေးတွေလည်း ရှိနေပါသေးတယ်။

အားရပါးရငိုပါ။

ငိုကြွေးတာကို မကောင်းတဲ့အရာတစ်ခုအဖြစ် လူတွေကသတ်မှတ်ကြပေမယ့် ငိုကြွေးခြင်းဟာ တကယ်တမ်းတော့ ခန္ဓာကိုယ်ရဲ့သဘာဝအလျောက်တုံ့ပြန်မှုတစ်ခုသာ ဖြစ်ပါတယ်။ လမ်းခွဲပြတ်စဲတဲ့ စိတ်ဖိအားဒဏ်ရာကြောင့် ထွက်ရှိလာတဲ့ ဟော်မုန်းတွေ မျက်ရည်ထဲမှာပါဝင်ပါတယ်။ ဆိုလိုတာက ငိုကြွေးလိုက်မယ်ဆိုရင် ဒီမကောင်းတဲ့ ဟော်မုန်းတွေ ခန္ဓာကိုယ်ထဲကနေ အပြင်ကိုထွက်ရှိသွားလိမ့်မယ်လို့ဆိုလိုတာ ဖြစ်ပါတယ်။

ဒါကြောင့် သင်ဟာ ယောကျ်ားလေးပဲ ဖြစ်ဖြစ် မိန်းကလေးပဲ ဖြစ်ဖြစ် လမ်းခွဲပြတ်စဲပြီးတဲ့အချိန်မှာ ပထမဆုံးလုပ်ရမယ့်အလုပ်က အားပါးတရငိုလိုက်ဖို့ပါပဲ။ ဘာကိုမှ ဂရုစိုက်မနေပါနဲ့။ အကျယ်ကြီး အော်ငိုလိုက်ပါ။ မျက်ရည်တွေကုန်သွားပြီလို့ထင်ရတဲ့အထိ ငိုပစ်ပါ။

ငိုတာ ရှက်စရာမဟုတ်ပါဘူး။ သိပ္ပံနည်းကျ ပြောရရင် ငိုကြွေးခြင်းဟာ ဝမ်းနည်းမှု၊ စိတ်ထိခိုက်မှုတွေကို ရင်ဆိုင်နိုင်ဖို့ကူညီပေးပါတယ်။ ဒါကြောင့် ဒီတစ်ရက်တော့ ငိုလိုက်ပါ။

တစ်ကိုယ်တည်း နေဖို့အချိန်ပေးပါ။

ပြင်ပကမ္ဘာနဲ့ ခဏတဖြုတ်အဆက်အသွယ်ဖျက်ပါ။ ဒီလိုပြောလိုက်လို့ လနဲ့ချီပြီး အခန်းတံခါးပိတ်နေဖို့ ပြောတာမဟုတ်ပါဘူး။ တခြားလူတွေနဲ့ ခဏတဖြုတ်အဆက်အသွယ် မလုပ်ဖို့ ဆိုလိုတာ ဖြစ်ပါတယ်။ သင့်အသည်းကို ခွဲသွားသူကို သွားပြီးအဆက်အသွယ်မလုပ်ဖို့ကတော့ ပြောစရာတောင်လိုမယ်မထင်ပါဘူးနော်။ လမ်းခွဲပြတ်စဲတာကြောင့် နာကျင်ခံစားရတာတွေဟာ အချိန်ပေးဖို့လိုပါတယ်။ အချိန်ကြာလာရင် သူ့အလိုလို ပြန်ကောင်းလာမှာပါ။ သင်ဘာဖြစ်နေလဲ၊ ဘာကြားချင်လဲဆိုတာကို တဖက်ကနားလည်ပေးနိုင်တဲ့အချိန်မျိုးဆိုရင်တော့ ရင်ဖွင့်ရတာ၊ စကားပြောရတာ အကျိုးရှိပါတယ်။ သင်သိထားဖို့က ဟိုအရင်ချိန်တွေက သင်တခုခုလုပ်ချင်ပေမယ့် သင့်ချစ်သူကမလုပ်ချင်တဲ့အတွက်၊ မကြိုက်တဲ့အတွက် လက်လျှော့လိုက်ရတာ၊ အလျှော့ပေးလိုက်ရတာတွေကို သတိရဖို့ပါပဲ။အခုသင်လုပ်ချင်တာတွေကို အားပါးတရလုပ်ပါတော့။

အားပေးနှစ်သိမ့်မှုကို ရှာဖွေပါ။

ကဲ အခု စကားပြောရမယ့်အပိုင်း လာပါပြီ။ ဒါပေမယ့် အတင်းဖိအားပေးခံရလို့ စကားပြောတာမျိုးကိုတော့ မလုပ်ပါနဲ့၊ သင်တကယ်ပြောချင်စိတ်၊ ရင်ဖွင့်ချင်စိတ်ပေါက်လာမှ ပြောပါ။ ဒီနေရာမှာ တစ်ခုသတိထားသင့်တဲ့အချက်က သင့်အနေနဲ့ အကူအညီလိုအပ်နေတဲ့အကြောင်း တခြားလူတွေကိုမပြောပြဖူးဆိုရင် သူတို့အနေနဲ့ တစ်ခါတရံမှာ အခြေအနေတွေကို ပိုဆိုးရွားသွားအောင်၊ သင့်အနေနဲ့ ပိုခံစားသွားရအောင် လုပ်မိတတ်ကြတယ်ဆိုတာပါပဲ (တကယ့်ကိုတခါတရံမှပါ)။ ဒါ့ကြောင့် သင့်အနေနဲ့ ဘယ်လောက်တောင် ဆိုးဆိုးရွားရွားခံစားနေရတဲ့အကြောင်းနဲ့ ဒီရက်ပိုင်းအတွင်း အကူအညီလို၊ နှစ်သိမ့်ပေးဖို့လိုအပ်နေတဲ့အကြောင်း သူတို့ကို သေချာပေါက်ပြောပြပါ။

သူငယ်ချင်းဘော်ဒါတွေအနေနဲ့ သင့်ကိုအများကြီးပျော်အောင် လုပ်ပေးနိုင်တယ်ဆိုတဲ့အချက်ကိုလည်း မမေ့ဖို့လိုပါတယ်။ ကျောပိုးအိတ်တစ်လုံးလွယ်ပြီး ခရီးသွားပါ၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်ပါ၊ လုပ်ချင်တာတွေအကုန် လျှောက်လုပ်ပါ။ ဒါဆိုရင် သင်လက်ရှိခံစားနေရတဲ့ အသည်းကွဲတဲ့ ရောဂါကို မေ့သွားမှာပဲ ဖြစ်ပါတယ်။

မျှော်လင့်ချက် ရှင်သန်ပါစေ။

နောက်ဆုံးအနေနဲ့ သိထားသင့်တဲ့အချက်က “မျှော်လင့်ချက်မကုန်ဆုံးဖို့” ပဲ ဖြစ်ပါတယ်။ မျှော်လင့်ခြင်းဟာ ရှင်သန်ခြင်းရဲ့အဓိကသော့ချက်ပဲ ဖြစ်ပြီး ပိုပြီးကောင်း၊ ပိုပြီးသင့်တော်တဲ့ လက်တွဲဖော်ကို ထပ်မံတွေ့ရှိစေဖို့အတွက်တောင် ကူညီပေးနိုင်ပါသေးတယ်။ သင့်အနေနဲ့ လက်လျှော့အရှုံးပေးလိုက်ချင်စိတ်တွေ တဖွားဖွားပေါ်လာပြီး မျှော်လင့်ချက်ကင်းမဲ့စိတ်ပျက်တာမျိုး ဖြစ်နေမှာအမှန်ပါ။ ဒါပေမယ့် စိတ်မပျက်ပါနဲ့၊ မျှော်လင့်ချက်ရှင်သန်ပါစေ။

ဘယ်လိုအရာကိုမဆို အချိန်ကကုစားပေးနိုင်ပါတယ်။ တစ်ခုသောမနက်ခင်းမှာ သင်မျက်စိနှစ်လုံးပွင့်လာတဲ့အခါ သင့်ရဲ့ “ကြေကွဲခြင်းကာလ” ကုန်ဆုံးပြီဆိုတာ သင်သတိထားမိလာမှာဖြစ်ပြီး ဘဝကိုမူလကအတိုင်း ဆက်လက်ရှင်သန်ပါ။ အားမွေးပါ။ လူတိုင်းလူတိုင်းဟာ အတိတ်ကိုချန်ထားခဲ့ပြီး ရှေ့ဆက်သွားနိုင်ဖို့အားအင်တွေရှိပါတယ်။ ဒါပေမယ့် ဒီအားအင်တွေကိုရှာတွေ့ဖို့ အချိန်ကာလတော့ အနည်းငယ်လိုအပ်ပါလိမ့်မယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly