၂၂ ဘီးယာဉ် ၃ စီးပေါ်မှ ပိတောက်သစ် တန် ၅ဝ ကျော်ဖမ်းမိ

၂၂ ဘီးယာဉ် ၃ စီးပေါ်မှ ပိတောက်သစ် တန် ၅ဝ ကျော်ဖမ်းမိ
ဓာတ်ပုံ-သစ်တောဦးစီးဌာန

ရန်ကုန်၊ အောက်တိုဘာလ ၉ ။           ။ ရှမ်းပြည်နယ်အတွင်း မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး၊ ဆမဆယ်ကျေးရွာ၊ ဘောလုံးကွင်းအနီးနှင့် ပင်တီးကျေးရွာအနီးရှိ ၂၂ ဘီးယာဉ် ၃ စီးပေါ်မှ တရားမဝင် သယ်ဆောင်လာသော ပိတောက်သစ် တန် ၅ဝ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ ယနေ့ အောက်တိုဘာလ ၉ ရက်တွင် သတင်းထုတ်ပြန် သည်။

အဆိုပါ ၂၂ ဘီးယာဉ် ၃ စီးပေါ်မှ ဖမ်းဆီးရမိခဲ့သော ပိတောက်သစ် တန် ၅ဝ ကျော်ကို ဆက်စပ်တရား ခံ ၃ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိဦးဆောင်သော အဖွဲ့ဝင်များ နှင့် ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ အောက်တိုဘာလ ၅ ရက်နေ့တွင် သတင်း အရ မန္တလေး-မူဆယ် ပြည်ထောင်စု လမ်းမကြီး၊ ဆမဆယ်ကျေးရွာ၊ ဘောလုံးကွင်းအနီးနှင့် ပင်တီးကျေးရွာ အနီးတွင် ရပ်တန့်ထားသော SINO Truck ၂၂ ဘီးယာဉ်တစ်စီးပေါ်မှ (၁၄ ဒသမ ၈၃၄၂)တန်ရှိ ပိတောက်သစ် ၁၈၆ တုံးကို ယာဉ်မောင်းတစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ထိုနေ့တွင် ကျောက်မဲမြို့နယ်သစ်တောဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့မှ မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး၊ ပင်တီးကျေးရွာအနီး SCANIA ၂၂ ဘီးယာဉ်ပေါ်မှ (၂ဝ ဒသမ ၃၈၉၂)တန်ရှိ ပိတောက် သစ် ၁၁၆ တုံးနှင့်အတူ ယာဉ်မောင်းတစ်ဦး၊ UD ၂၂ ဘီးယာဉ်ပေါ်မှ (၁၅ ဒသမ ဝ၃၃၈)တန်ရှိ ပိတောက်သစ် ၁ဝ၈ တုံးနှင့်အတူ ယာဉ်မောင်းတစ်ဦးတို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ကြောင့် ပိတောက်သစ် တန် ၅ဝ ကျော်ကို အောက်တို ဘာလ ၅ ရက်နေ့ တစ်ရက်တည်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ထိုသို့ တရားမဝင်သယ်ဆောင်လာသည့် ပိတောက်သစ်များနှင့်အတူ ဖမ်းဆီးရမိခဲ့သော ဆက်စပ်ပတ်သက်သူ ၃ ဦးအား ဥပဒေနှင့်အညီအရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly