မှန်းချက်နှင့် နှမ်းထွက်မကိုက်ခဲ့သည့် Blade Runner 2049 ဇာတ်ကား

မှန်းချက်နှင့် နှမ်းထွက်မကိုက်ခဲ့သည့် Blade Runner 2049 ဇာတ်ကား

 

နာမည်ကျော်အနုပညာရှင်များ ပါဝင်သရုပ်ဆောင်ထားသည့် Blade Runner 2049 ဇာတ်ကားသည် အမေရိကန်၌ စတင်ပြသခဲ့သည့် စနေ၊တနင်္ဂနွေပိတ်ရက်အတွင်း မျှော်မှန်းထားသလောက် ရုံဝင်ငွေမရရှိဘဲ မှန်းချက်နှင့် နှမ်းထွက်မကိုက်ခဲ့ကြောင်း သိရသည်။

Warner Bros ရုပ်ရှင်ကုမ္ပဏီမှ ဖြန့်ဖြူးသော Blade Runner 2049 ရုပ်ရှင်သည် အမေရိကန်ပြည်တွင်း၌ စတင်ပြသည့် ရက်ပိုင်းအတွင်း လက်မှတ်ရောင်းရငွေ ဒေါ်လာ ၄၅သန်းမှ ၅၀ အတွင်းရရှိမည်ဟု မျှော်မှန်းထား ခဲ့သော်လည်း ယခုအခါတွင် ပြည်တွင်းရုံဝင်ငွေ ဒေါ်လာ ၃၁.၅သန်းခန့်သာ ရရှိခဲ့သည်။

ပြသချိန် ၁၆၃ မိနစ်ခန့်ကြာမြင့်ပြီး ရုံအရေအတွက် ကန့်သတ်ပြီးပြသခဲ့သော Blade Runner 2049 သည် မျှော်မှန်းထားသလောက် ရုံဝင်ငွေမရရှိခဲ့သော်လည်း ယခုအပတ်၏ အမေရိကန်ရုံဝင်ငွေဇယား၌ ထိပ်ဆုံးမှဦး ဆောင်နေသလို ဗြိတိန်ရုံဝင်ငွေဇယား၌လည်း ထိပ်ဆုံးမှဦးဆောင်လျက်ရှိပြီး နိုင်ငံတကာမှ ရုံဝင်ငွေ သန်း ၅၀ ကျော်ခန့် ပြန်လည်ရရှိထားသည်။

Blade Runner 2049 ဇာတ်ကား၌ မင်းသားကြီး ဟယ်ရီဆန်ဖို့ဒ် နှင့် မင်းသားငယ် ရိုင်ယန်ဂေါ့စ်လင်းတို့ ဦးဆောင်ပါဝင်ထားပြီး ရုပ်ရှင်ရိုက်ကူးမှ ကုန်ကျငွေ သန်း ၁၅၀ ခန့်အထိ ရှိခဲ့သည်။ Blade Runner 2049 သည် ရုပ်ရှင်ဝေဖန်ရေးဆရာများထံမှ ရွှန်းရွှန်းဝေသော မှတ်ချက်များ ရရှိထားသည့် ဇာတ်ကားကောင်း တစ်ကားဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly