YRTA ဆိုင်ရာ ဥပဒေအတည်တကျ ထွက်ပေါ်ရန် လိုဟုဆို

YRTA ဆိုင်ရာ ဥပဒေအတည်တကျ ထွက်ပေါ်ရန် လိုဟုဆို
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

ရန်ကုန်၊အောက်တိုဘာ၉ ။            ။ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်ကြီးကြပ်မှုအာဏာပိုင်အဖွဲ့(YRTA) အနေဖြင့် တာဝန်ယူဆောင်ရွက်လာသည်မှာ တစ်နှစ်ကျော် သက်တမ်းရှိနေပြီဖြစ်သော်လည်း YRTA ဆိုင်ရာဥပဒေ မရှိသေးသဖြင့် ဥပဒေအတည်တကျ ထွက်ပေါ်လာရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦကျော်ဇေယျက ပြောသည်။

လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရန်ကုန်ရေကြောင်းဘတ်စ်(YWB)၊ အများပိုင်ဘတ်စ်ကားစနစ်(YBS) အပါအဝင် အဝေးပြေးယာဉ်လိုင်းများ၊ ကုန်တင်ယာဉ်များကိုပါ ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်ကြီးကြပ်မှု အာဏာပိုင်အဖွဲ့(YRTA)မှ တာဝန်ယူ ကွပ်ကဲနေသည်။

"ကျွန်တော်တို့ အမြင်ပေါ့ အခုYRTAလုပ်နေတာတောင်မှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ သတ်သတ်မှတ်မှတ် ဥပဒေ မရှိသေးဘူးလေ။ Water Bus ရော ကုန်တင်ယာဉ်ကြီးတွေရော အာဆီယံအဆင့်နဲ့ မှီအောင် ဘာညာကြီးကြပ်ပြီး ဒီYRTAကပဲလုပ်မယ်။ နောက်တစ်ခါ ကျောင်းကားကိစ္စတွေလည်း YRTA ကပဲ ကြီးကြပ်ဆိုတော့ ဥပဒေသက်သက်မှတ်မှတ် မရှိသေးဘဲ လုပ်နေတဲ့ အတွက် ဒါတွေဟာ ကျွန်တော်တို့ အနေနဲ့ ထောက်ပြတာပါ။ အစိုးရအဖွဲ့ကို ဥပဒေကြမ်းကော်မတီကိုလည်း ပြောထားတာပေါ့နော်"ဟု ဦးကျော်ဇေယျကဆိုသည်။

ဥပဒေအသစ် မပေါ်ပေါက်သေးသည့် အချိန်တွင် ရှိပြီးဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေး ဥပဒေနှင့် ရန်ကုန်တိုင်းဒေသကြီး ရေယာဉ်များ စနစ်တကျ ပြေးဆွဲရေး ဥပဒေတို့အား လိုက်နာကျင့်သုံးသင့်ကြောင်း ဦးကျော်ဇေယျကဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရမှ ဥပဒေပါအတိုင်း ကွပ်ကဲရေးအဖွဲ့ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်ကြီးကြပ်မှု အာဏာပိုင်အဖွဲ့(YRTA)ကို စနစ်တကျ ဖွဲ့စည်းထားသည်။

သို့သော်လည်း အာဏာပိုင်အဖွဲ့၏ မော်တော်ယာဉ်ဆိုင်ရာ အတွင်းရေးမှူးနေရာတွင် ကုန်းလမ်းသယ်ယူပို့ဆောင်ရေးမှ တိုင်းဦးစီးမှူး သို့မဟုတ် ညွှန်ကြားရေးမှူးအဆင့်ရှိသူဖြစ်ရမည်၊ ထို့အတူ ရေယာဉ်များအတွက်လည်း တိုင်းဦးစီးမှူးမှ အတွင်းရေးမှူးဖြစ်ရမည်ဟု ဦးကျော်ဇေယျက ဝေဖန်ထောက်ပြသည်။

"အခုအာဏာပိုင်အဖွဲ့ကျတော့ ပြင်ပပုဂ္ဂိုလ်တွေ လုပ်ငန်းရှင်တွေနဲ့ရေနှောပြီးတော့ဆိုတဲ့ အခါကျတော့ ဥပဒေမရှိဘူးပေါ့။ အဲဒါလေးကို ကျွန်တော်က ထောက်ပြတာပါ"ဟု ဒဂုံမြို့နယ်၊ မဲဆန္ဒနယ်(၂) ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကပြောသည်။

(၅၅)ယာဉ်လိုင်းနှင့် (၃၇)ယာဉ်လိုင်းတို့ ထောက်ကြန့်မြို့နယ်တွင် ဇူလိုင်လ (၇)ရက်နေ့၌ ယာဉ်မတော်တဆမှုဖြစ်ခဲ့ပြီး ယာဉ်မောင်းအပါအဝင် လူ(၁၀)ဦး သေဆုံးခဲ့သည်။

ဇူလိုင်လ(၈)ရက်နေ့၌ YRTAမှအစည်းအဝေးပြုလုပ်ကာ (၅၅)ယာဉ်လိုင်းအား အကန့်သတ်မရှိ ပိတ်သိမ်းရန် ဆုံးဖြတ်ချခဲ့သည်။

ထိုကိစ္စသည် မော်တော်ယာဉ်ဥပဒေတွင်မပါရှိဘဲ အစည်းအဝေးမှ လိုအပ်သလိုဆုံးဖြတ်ချထားသဖြင့် ဥပဒေအရကြည့်လျင် မှားယွင်းနေသည်ဟု ဦးကျော်ဇေယျက ပြောသည်။

"အရင်ဥပဒေနဲ့ အရေးယူတယ်ဆိုတာ နှုတ်ပြောဗျ။ ကျွန်တော်သိသလောက်ဆိုရင် အရင် ဥပဒေ မဟုတ်ဘူး။ တစ်ခုခုလုပ်ရမယ်ဆို YRTAက အစည်းအဝေးဆုံးဖြတ်ချက်နဲ့ လုပ်လိုက်တယ်။ ဥပမာ(၅၅) ယာဉ်လိုင်းပေါ့ဗျာ"ဟု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ပြောပြသည်။

ဘေးအန္တရာယ်ဖြစ်စေနိုင်သည်အထိ မော်တော်ယာဉ်ကို အရမ်း(သို့မဟုတ်) ပေါ့လျော့စွာ မောင်းနင်ခြင်းတို့ ပြုလုပ်ပါက ရဲဝတ်စုံဖြင့် ရဲအရာရှိသည် ဖမ်းဝရမ်းမပါရှိဘဲ ဖမ်းဆီးနိုင်သည်ဟု (၂၀၁၅)မော်တော်ယာဉ် ဥပဒေ၏ အခန်း(၁၂) ပုဒ်မ(၇၀) အပိုဒ်ခွဲ(က)၊(၃)တွင် ဖော်ပြထားသည်။

ရန်ကုန်တိုင်းဒေသကြီး မော်တော်ယာဉ်ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ (YRTA)ကို ၂၀၁၆ခုနှစ် ဇူလိုင်လ(၈)ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

ယခုနှစ်ဆိုလျင် YRTAအဖွဲ့၏ သက်တမ်းမှာ တစ်နှစ်နှင့် သုံးလကြာမြင့်လာပြီဖြစ်သည်။

ထို YRTAအဖွဲ့တွင် နာယကအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ဥက္ကဌအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးလျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ အတွင်းရေးမှူးအနေဖြင့် ဒေါက်တာမောင်အောင်တို့ တာဝန်ယူဆောင်ရွက်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags