ကံဆိုးလှတဲ့ တိုင်းပြည်

ကံဆိုးလှတဲ့ တိုင်းပြည်

မိမိတို့နိုင်ငံတွင် သြဂုတ်လဆန်းကတည်းက နေရာအနှံ့ ရေကြီးရေလျှံမှုများ ဆက်တိုက်ဖြစ်ခဲ့ သည်။ ရက်ပေါင်းများစွာ မိုးရက်ဆက်ရွာသွန်းပြီးနောက် တောင်ပေါ်မြေပြန့်မကျန် ရေကြီးရေလျှံမှုများ ဆက်တိုက်ဖြစ်လာခဲ့သည်မှာ တိုင်းနှင့်ပြည်နယ် ၁၄ ခုရှိသည့်အနက် ၁၁ ခုမှာ ရေကြီးလာခဲ့သည်။

တစ်တိုင်းတစ်ပြည်လုံးက စေတနာရှင်ပြည်သူများက တခဲနက် ကူညီကယ်ဆယ်ရေးများ အားသွန်ခွန်စိုက် ကူညီကြသည့်တိုင် တကယ်တော့ ဝန်နှင့် အား မမျှနိုင်ချေ။ ဖြစ်ပျက်လာသည့် ရေဘေးဒုက္ခကြီးနှင့် နှိုင်းယှဉ်လျှင် ကူညီကယ်ဆယ်ရေး အတိုင်းအတာက ဆင်နှင့် ပုရွက်ဆိတ်လို ဖြစ်နေသည်။

သို့သော် စေတနာရှင် ပြည်သူတွေကတော့ အားမလျှော့ကြသေးပါ။ နေ့စဉ်ရက်ဆက် နည်းလမ်းပေါင်းစုံ အသုံးပြုလျက် ရန်ပုံငွေရှာဖွေခြင်း ကယ်ဆယ်ရေးပစ္စည်းများ အလှူခံခြင်း ဖြစ်ပွားသည့်ဒေသများဆီ ခက်ခက်ခဲခဲ သွားရောက်ကာ ကူညီကြခြင်းဖြင့် အမျိုးသားရေး ပြဿနာကြီးကို ဝိုင်းကူ ဖြေရှင်းပေးနေကြရသည်။

ယခုအခါ ရေကြီးမှုဒဏ်ကတစ်ဆင့် စားဝတ်နေရေး၊ ကျန်းမာရေးနှင့် အခြားအရေးကိစ္စများက ကျွဲကူးရေပါ ဆိုသလို စတင်ကြုံလာနေကြရပြီ ဖြစ်သည်။ အထူးသဖြင့် စားရေးကိစ္စ ကျန်းမာရေးကိစ္စ ဖြစ်သည်။ လယ်တွေ ပျက်ကုန်သည်။ ကုန်ဈေးနှုန်တွေ မတည်မငြိမ် ဖြစ်ကုန်သည်။ ရေကျသွားပြီး နောက် တင်ကျန်ရစ်ခဲ့သည့် ရွှံ့နုန်းများအောက်က အိုးအိမ်များကို ပြန်လည် တူးဖော်နေကြရသည်။ သည်ကြားထဲ လမ်းတွေပျက်၊ တံတားတွေကျိုး၊ တောင်တွေ မြေတွေ ပြိုသည်။ တကယ်တော့ မြန်မာ့ ဘဝ ကမ္ဘာပျက်သည့် သဘောပင် ဖြစ်တော့သည်။

သည်လိုဖြစ်လာတော့ တစ်မျိုးသားလုံးအရေး ဖြစ်သဖြင့် ရဟန်းသံဃာတော်များကအစ၊ လူငယ် ကျောင်းသားများ၊ ပရဟိတအဖွဲ့များ၊ အခြားအသင်းအဖွဲ့ပေါင်းစုံက ကူညီကယ်ဆယ်ရေး လုပ်ငန်းများ အားသွန်ပြီး လုပ်လာကြရသည်။ ရုတ်တရက် ကြုံတွေ့ရသည့် ရေဘေးဖြစ်သဖြင့် ဘေးသင့်နေသည့် ဒေသများဆီ အရောက်သွားရန် ခက်ခဲခြင်း၊ မှန်ကန်သည့် သတင်း အချက်အလက်များ ရရှိရန် ခက်ခဲခြင်းနှင့် နေရာမှန် လိုအပ်ချက်အမှန် ထိရောက်အောင် ကူညီရေးကိစ္စများသည်လည်း ကသောင်းကနင်း ဖြစ်ကြရသည်။

တကယ်တော့ သည်လို တစ်မျိုးသားလုံး အခက်အခဲနှင့်ကြုံလာသည့်အခါ ယခုလို တစ်ဦး တစ်ယောက်ချင်း ထလုပ်လို့ မလွယ်ကူသည့် သဘာဝဘေးအန္တရယ်များ ကျရောက်လာသည့် အခါ သက်ဆိုင်ရာတာဝန်ရှိသူများ ကိုယ်တိုင်က ဦးဆောင်ပြီး ကူညီကယ်ဆယ်ရေးအလုပ်များ လုပ်ကြ ရမည်သာဖြစ်သည်။ ဥပမာ ရေဘေးသင့်မြို့တစ်မြို့မှာ ဆိုပါစို့။ သက်ဆိုင်ရာ တာဝန်ရှိသူများ ကိုယ်တိုင်က ရှေ့ထွက်လာကာ ပရဟိတစိတ်ရှိသူများကို ဦးဆောင်စည်းရုံးကြရမည်သာ ဖြစ်သည်။

ဗဟို ကူညီကယ်ဆယ်ရေးစခန်းများ ဒေသတိုင်းမှာ ဖွင့်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများ လုပ်နေကြသူတိုင်းနှင့် စနစ်တကျ ချိတ်ဆက်လုပ်ကိုင်ရမည် ဖြစ်သည်။ လူတွေ ကူညီချင်သထက် ကူညီလာချင်အောင် အမျိုးသားရေး အကျပ်အတည်းကြီးကို အမျိုးသားရေးစိတ်ဓာတ်ဖြင့် ဝိုင်းလုပ်ချင် လာအောင် သူတို့ ကိုယ်တိုင်က ဦးဆောင်ကာ အချက်အလက်အမှန်များ အခြေအနေအမှန်များကို ထုတ်ပြန်ခြင်း၊ ချိတ်ဆက်ပေးခြင်း အစရှိသော ကူညီကယ်ဆယ်ရေးအလုပ်များကို လုပ်ကြရမည်သာ ဖြစ်သည်။
အခုတော့ အားလုံးသိကြသည့်အတိုင်း သည်လို ဖြစ်မလာခဲ့ပါ။ တစ်တိုင်းပြည်လုံး၏ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများကို စေတနာရှင်ပုဂ္ဂိုလ်များ၊ လူငယ်များ၊ အဖွဲ့အစည်းများက ကိုယ့်ဖာသာ ဆုံးဖြတ် ကိုယ့်ဖာသာစီစဉ် ကိုယ့်အစီအစဉ်နှင့်ကိုယ်သာ ရင်ဆိုင်ဖြေရှင်းနေကြရသည်။ အမျိုးသားရေး အကျပ်အတည်းကြီးကို တစ်ဦးကောင်း တစ်ယောက်ကောင်း နည်းဖြင့်သာ ရင်ဆိုင်လုပ်ကိုင် နေကြရသည်။

သည်လို တစ်မျိုးသားလုံး သဘာဝဘေးဥပါဒ် အန္တရာယ်ကြီးနှင့် နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင် ဖြတ်သန်းနေရစဉ် တိုင်းပြည်တာဝန်ရှိသူများသည် အနယ်နယ်အရပ်ရပ် ကြားလို့မှမတော်သော မသင့်မြတ်မှုများ၊ မညီမညွတ်မှုများ၊ ပဋိပက္ခများဖြင့် အလုပ်ရှုပ် အချိန်ကုန်နေကြသည်ဟူသော သတင်းများကလည်း လူသိထင်ရှား ကြားလာကြရသည်။

ထိုအခါ မိဘများ မသင့်မြတ်သည့်အခါ ထမင်းဆာနေသော ကျန်းမာရေးချို့တဲ့နေသော သားသမီးများ ဖြစ်ကြသည့် မိမိတို့ တိုင်းသူပြည်သားများ၏ဘဝမှာ မည်သူ့ကို အားကိုးရမည်မသိ ဖြစ်လာကြရတော့သည်။ လတ်တလော အခြေအနေများအရ ပြောရလျှင်တော့ မိမိတို့ပြည်သူများ ကံဆိုးခဲ့ပြီလားဟူ၍ပင် မေးရမလို ဖြစ်နေပြီလောဟု တင်ပြလိုက်ရပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags