သူ၏အသင်းတွင် ထိပ်တန်းကစားသမားမရှိဟု အင်္ဂလန်နည်းပြဆောက်ဂိတ်ပြော

သူ၏အသင်းတွင် ထိပ်တန်းကစားသမားမရှိဟု အင်္ဂလန်နည်းပြဆောက်ဂိတ်ပြော

အောက်တိုဘာ ၈၊ အင်္ဂလန် ။            ။ အင်္ဂလန်နည်းပြဆောက်ဂိတ်က သူ၏အသင်းတွင် ထိပ်တန်းကစားသမားမရှိကြောင်း ပြောဆိုလိုက်သည်။ လက်ရှိအင်္ဂလန် ကစားသမားများမှာ ဥရောပတွင် ကြီးမားသည့်အောင်မြင်မှုမျိုးရရှိဖူးသူများ မဟုတ်ကြောင်း ဆောက်ဂိတ်က ဆိုသည်။

အင်္ဂလန်အသင်းသည် ဆလိုဗေးနီးယားအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့ပြီးနောက် ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲကို အောင်မြင်ခဲ့သည်။ နည်းပြဆောက်ဂိတ်သည် အင်္ဂလန်ကို ခြေစစ်ပွဲအောင်မြင်အောင် အလွယ်တကူ စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်သည်။

"ခြေစစ်ပွဲအောင်တာနဲ့သူတို့ကို ထိပ်တန်းကစားသမားတွေလို့ ခေါ်နိုင်ပြီလား။ ပြောင်းရွှေ့ကြေးနဲ့ ချန်ပီယံလိဂ်မှာ ကစားဖူးရုံလောက်နဲ့တင် ထိပ်တန်းကစားသမားဆိုပြီး ပြောနေကြပါတယ်။

ဆီမီးဖိုင်နယ်၊ ဖိုင်နယ်တွေကစားပြီး ဆုဖလားတွေရဖူးတယ်ဆိုရင်တော့ ကျွန်တော်တို့ကို ထိပ်တန်းကစားသမားလို့ ခေါ်လို့ရပါပြီ။ ကျွန်တော်တို့ရဲ့အဓိကရည်မှန်းချက်ကတော့ ဒါပါပဲ။ ဒီအတွက် သက်သေပြသွားမှာပါ။ ကျွန်တော်ကလည်း ကျွန်တော့်ကစားသမားတွေလိုပဲ ထိပ်တန်းနည်းပြ မဟုတ်သေးပါဘူး" ဟု ဆောက်ဂိတ်က ဆိုသည်။

အင်္ဂလန်အသင်းသားများမှာ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ခြေစွမ်းပြကစားနိုင်လျှင်တောင် ထိပ်တန်းကစားသမားများဟု ကိုယ့်ကိုကိုယ် မယူဆနိုင်သေးကြောင်းနှင့် ပီကေး၊ ရာမို့စ်၊ တိုနီခရုစ်နှင့်နျူအာတို့လို ကစားသမားများကသာ ထိပ်တန်းဖြစ်ကြောင်း ဆောက်ဂိတ်က ဆိုသည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly