လန်ဒန်၌ လမ်းသွားလမ်းလာများအား ကားနှင့် ၀င်တိုက်ခဲ့သော အမျိုးသားကို ရဲတပ်ဖွဲ့ဖမ်းဆီး

လန်ဒန်၌ လမ်းသွားလမ်းလာများအား ကားနှင့် ၀င်တိုက်ခဲ့သော အမျိုးသားကို ရဲတပ်ဖွဲ့ဖမ်းဆီး

လန်ဒန်၊ ယူကေ၊ အောက်တိုဘာ ၈ ။             ။ လန်ဒန်မြို့ရှိ သဘာဝသမိုင်းပြတိုက်အနီး၌ စနေနေ့က လမ်းသွားလမ်းလာများကို ကားနှင့်အရှိန်ပြင်းစွာ ဝင်တိုက်ခဲ့ကာ လူပေါင်းများစွာကို ဒဏ်ရာရရှိစေခဲ့သော အမျိုးသားအား လန်ဒန်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

အဆိုပါဖြစ်ရပ်သည် ဗစ်တိုးရီးယားအဲန်အဲလ်ဘတ်ပြတိုက်နှင့် သိပ္ပံပြတိုက်တို့တည်ရှိသော ကမ္ဘာလှည့်ခရီးသွား ဧည့်သည်အများအပြား လာရောက်လည်ပတ်ရာ ကန်ဆင်တန်တောင်ပိုင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ လက်နက်ကိုင်ရဲများ ရောက်ရှိလာခဲ့ပြီး လူအုပ်အတွင်းသို့ အရှိန်နှင့်မောင်းဝင်လာ သော ကားအနက်တစ်စီးအနီးတွင် အမျိုးသားတစ်ဦးကို ဖမ်းဆီးနေခဲ့ပုံအား တွစ်တာသို့တင်ခဲ့သော ဗီဒီယိုများ၌ တွေ့မြင်ခဲ့ရသည်။

လန်ဒန်ရဲတပ်ဖွဲ့က ဒေသစံတော်ချိန် ညနေ ၂း၂၁နာရီခန့်တွင် ၎င်းတို့အားသတင်းပေးချက်ကြောင့် ယာဉ်တိုက်မှု ဖြစ်ပွားရာနေရာသို့ ရောက်ရှိသွားခဲ့ကြောင်း ပြောခဲ့သည်။

“ယာဉ်နဲ့ဝင်တိုက်မှုကြောင့် လမ်းသွားလမ်းလာအများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ အခင်းဖြစ်ပွားရာနေရာမှ အမျိုးသားတစ်ဦးကို ဖမ်းဆီးထားပါတယ်။ ကျူးလွန်ခဲ့သူရဲ့ ရည်ရွယ်ချက်ကို ရှာဖွေနေပြီး စုံစမ်းစစ်ဆေးမှုတွေ ကို စတင်နေပါပြီ ” ဟု ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ထဲ၌ ဖော်ပြထားခဲ့သည်။

ဆက်လက်ထုတ်ပြန်ခဲ့သော သတင်းများ၌ လူပေါင်း ၁၁ဦးခန့်ကို ဒဏ်ရာရရှိစေခဲ့သော အဆိုပါဖြစ်စဉ်သည် အကြမ်းဖက်တိုက်ခိုက်မှုနှင့် ဆက်စပ်မှုမရှိကြောင်း လန်ဒန်ရဲတပ်ဖွဲ့က ကြေညာခဲ့သည်။

“ကန်ဆင်တန်တောင်ပိုင်းမှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်ဟာ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ ဆက်စပ်မှုမရှိဘူးလို့ မှတ်ယူ ထားပါတယ်။ ဒါဟာ သာမန်ဖြစ်ရိုးဖြစ်စဉ် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပါတယ်” ဟု လန်ဒန်ရဲတပ်ဖွဲ့က ၎င်းတို့၏ တွစ်တာစာမျက်နှာ၌ ဖော်ပြထားသည်။

ပြီးခဲ့သော ၆လအတွင်း ဗြိတိန်၌ အကြမ်းဖက်တိုက်ခိုက်မှု ငါးခုခန့် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၃၅ဦးခန့် သေဆုံးခဲ့ရ သောကြောင့် နိုင်ငံတစ်ဝှမ်း၌ လုံခြုံရေးများ တင်းကြပ်စွာ ချထားလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly