ဟာရီကိန်းမုန်တိုင်း နိတ် အမေရိကန်နိုင်ငံတောင်ပိုင်းသို့ ၀င်ရောက်တိုက်ခတ်

ဟာရီကိန်းမုန်တိုင်း နိတ် အမေရိကန်နိုင်ငံတောင်ပိုင်းသို့ ၀င်ရောက်တိုက်ခတ်

နယူးအော်လိန်း၊ အမေရိကန်ပြည်ထောင်စု၊ အောက်တိုဘာ ၈၊ ၂၀၁၇ ။             ။ ဗဟိုအမေရိက၌ လူဒါဇင်ပေါင်းများစွာကို သေဆုံးစေခဲ့ပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်စေခဲ့သော ဟာရီကိန်း   မုန်တိုင်း နိတ်သည် စနေနေ့တွင် အမေရိကန်နိုင်ငံရှိ လူဝီစီယားနားပြည်နယ်သို့ ဝင်ရောက်တိုက်ခတ်ခဲ့ပြီး ထိုမှတဆင့် မစ်စစ်စပီပြည်နယ်သို့ ဦးတည်ထွက်ခွာသွားခဲ့သည်။

စနေနေ့ညနေပိုင်းတွင် တိုက်ခတ်ခဲ့သော ဟာရီကန်းမုန်တိုင်းနိတ် ကုန်းတွင်းပိုင်း သို့မဝင်ရောက်မီကတည်းက ပြည်နယ်တာဝန်ရှိသူများသည် ပြည်သူများကိုဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်ကြရန် အကူအညီပေးခဲ့ပြီး ယခုမုန်တိုင်းသည် နှစ်လအတွင်း အမေရိကန်နိုင်ငံသို့ ဝင်ရောက်တိုက်ခတ်သည့် သုံးခုမြောက်ဟာရီကိန်း မုန်တိုင်းဖြစ်သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အရှိန်ပြင်းစွာနှင့် လျင်မြန်စွာရောက်ရှိလာသော ဟာရီကိန်းမုန်တိုင်းကို ရင်ဆိုင်ဖို့ တာဝန်ရှိသူများအနေဖြင့် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် လူဝီစီယားနား၊ မစ်စစ်စပီ၊ အယ်လ်ဘားမား နှင့် ဖလော်ရီဒါပြည်နယ်တို့မှ ပြည်သူများအနေဖြင့် ၎င်းတို့၏ဒေသတာဝန်ရှိသူများ၏ ညွှန်ကြားချက်ကိုလိုက်နာ ရန်နှင့် ဘေးကင်းအောင်နေကြဖို့ တွစ်တာမှတဆင့် ပြောကြားခဲ့သည်။

“ဟာရီကိန်းမုန်တိုင်းနိတ်ရဲ့ ဗဟိုချက်မဟာ ယခုအခါမှာ မစ်စစ်စပီမြစ်ဝှမ်းဒေသအတွင်းသို့ ဝင်ရောက်လာခဲ့ပါပြီ” ဟု အမေရိကန်အမျိုးသားဟာရီကိန်းစင်တာ (NHC) က ဒေသစံတော်ချိန် စနေနေ့ညနေ ၇ နာရီ၌ သတင်း ထုတ်ပြန်ခဲ့သည်။

“ခန့်မှန်းချက်များအရ မုန်တိုင်းနိတ်ရဲ့ ဗဟိုချက်မဟာ မစ်စစ်စပီကမ်းရိုးတန်းဒေသကို ယခုညမှာ ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ပါမယ်။ ပြီးတာနဲ့ မုန်တိုင်းနိတ်ရဲ့ ဗဟိုချက်မဟာ မစ်စစ်စပီ၊ အယ်လ်ဘားမား နဲ့ တန်နက်စီ ပြည်နယ်တို့ကို ယနေ့ညမှစပြီး တနင်္ဂနွေနေ့ညအထိ တိုက်ခတ်သွားပါလိမ့်မယ်” ဟု NHC က ပြောခဲ့သည်။

ခန့်မှန်းချက်များအတိုင်း တိုက်ခတ်လာပါက ဟာရီကန်းမုန်တိုင်းနိတ်သည် လွန်ခဲ့သော ၂၀၀၅ ခုနှစ်က တိုက်ခတ်ခဲ့သည့် ဟာရီကိန်းမုန်တိုင်း ကတ်တရီနာပြီးနောက်တွင် နယူးအော်လိန်းပြည်နယ်သို့ တိုက်ခတ်သည့် အဆိုးရွားဆုံး မုန်တိုင်းတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly