ရန်ကုန်၊ အောက်တိုဘာ ၈ ။ ။ အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင် (PC) အနေဖြင့် အောက်တိုဘာလအတွင်း “ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု (NDAA) တို့ထံ သွားရောက်ဆွေးနွေးမည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးကပြောသည်။
သွားရောက်တွေ့ဆုံရာတွင် မြောက်ပိုင်းမဟာမိတ်များအနေဖြင့် တွေ့ဆုံမည်မဟုတ်ဘဲ တစ်ဖွဲ့ချင်းအနေဖြင့်သာ တွေ့ဆုံသွားမည်ဖြစ်ကြောင်းသိရသည်။
“ အကြမ်းဖျင်းကတော့ စီစဉ်နေတာတော့ ဒီလ အရှေ့ပိုင်းဖြစ်လိမ့်မယ်ထင်တယ် “ ဟု ၎င်းကပြောဆိုသည်။
ထိုသို့ သွားရောက်တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းအနေဖြင့် ကျန်းမာရေးမကောင်းသေးသော ကြောင့်လိုက်ပါနိုင် မည်မဟုတ်ကြောင်းလည်း ဦးအောင်စိုးကဆိုသည်။
“ ငြိမ်းချမ်းရေးကော်မရှင်ရဲ့ဥက္ကဌကတော့ အနားယူနေတုန်းဆိုတော့ ဥက္ကဌတော့ပါနိုင်မှာမဟုတ်ဘူးထင်တယ်။ PC က ဒုဥက္ကဌလောက်တော့ ပါမယ်ထင်တယ် “ ဟု ၎င်းကပြောဆိုသည်။
သို့သော်မည်သည့်ကိစ္စများဆွေးနွေးကြမည်ကို ပြောဆိုခဲ့ခြင်းမရှိခဲ့ပေ။
“ ဝ “ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု (NDAA) တို့သည် အစိုးရနှင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) ကိုရေးထိုးထားခြင်းမရှိသေးသည့်အဖွဲ့လည်းဖြစ်သည်။
ထို့အပြင် NCA လက်မှတ်မထိုးဘဲ အခြားနည်းဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရန် တောင်းဆိုနေသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေးကော်မတီ (FPNCC) အဖွဲ့ဝင်လည်းဖြစ်သည်။
UWSA မှဦးဆောင်ပြီး မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့မှ ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်တွင် " ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေးကော်မတီ" FPNCC ကိုဖွဲ့စည်းခဲ့ပြီးနောက် ယင်းကော်မတီအနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) ကို လက်မခံဘဲ အခြားသောလမ်းကြောင်းဖြင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေး ညှိနှိုင်းသွားမည် ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။