အစိုးရ ငြိမ်းချမ်းရေးကော်မရှင် ယခုလအတွင်း “ဝ” နှင့်မိုင်းလား သွားမည်

အစိုးရ ငြိမ်းချမ်းရေးကော်မရှင် ယခုလအတွင်း “ဝ” နှင့်မိုင်းလား သွားမည်
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ အောက်တိုဘာ ၈ ။           ။ အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင် (PC) အနေဖြင့် အောက်တိုဘာလအတွင်း “ ဝ   ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်  (UWSA)နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု (NDAA) တို့ထံ သွားရောက်ဆွေးနွေးမည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုးကပြောသည်။

 သွားရောက်တွေ့ဆုံရာတွင် မြောက်ပိုင်းမဟာမိတ်များအနေဖြင့် တွေ့ဆုံမည်မဟုတ်ဘဲ တစ်ဖွဲ့ချင်းအနေဖြင့်သာ တွေ့ဆုံသွားမည်ဖြစ်ကြောင်းသိရသည်။

“ အကြမ်းဖျင်းကတော့ စီစဉ်နေတာတော့ ဒီလ အရှေ့ပိုင်းဖြစ်လိမ့်မယ်ထင်တယ် “  ဟု ၎င်းကပြောဆိုသည်။

ထိုသို့ သွားရောက်တွေ့ဆုံရာတွင် ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဌ ဒေါက်တာတင်မျိုးဝင်းအနေဖြင့် ကျန်းမာရေးမကောင်းသေးသော ကြောင့်လိုက်ပါနိုင် မည်မဟုတ်ကြောင်းလည်း ဦးအောင်စိုးကဆိုသည်။

“  ငြိမ်းချမ်းရေးကော်မရှင်ရဲ့ဥက္ကဌကတော့ အနားယူနေတုန်းဆိုတော့ ဥက္ကဌတော့ပါနိုင်မှာမဟုတ်ဘူးထင်တယ်။ PC က ဒုဥက္ကဌလောက်တော့ ပါမယ်ထင်တယ် “ ဟု ၎င်းကပြောဆိုသည်။

သို့သော်မည်သည့်ကိစ္စများဆွေးနွေးကြမည်ကို ပြောဆိုခဲ့ခြင်းမရှိခဲ့ပေ။

“ ဝ “  ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်  (UWSA)နှင့် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု (NDAA) တို့သည် အစိုးရနှင့် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) ကိုရေးထိုးထားခြင်းမရှိသေးသည့်အဖွဲ့လည်းဖြစ်သည်။

ထို့အပြင် NCA  လက်မှတ်မထိုးဘဲ  အခြားနည်းဖြင့် ငြိမ်းချမ်းရေးဆွေးနွေးရန် တောင်းဆိုနေသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေးကော်မတီ (FPNCC)  အဖွဲ့ဝင်လည်းဖြစ်သည်။

UWSA မှဦးဆောင်ပြီး မြောက်ပိုင်းမဟာမိတ် ၇ ဖွဲ့မှ ပြီးခဲ့သည့် ဧပြီလ ၁၉ ရက်တွင် " ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေးကော်မတီ" FPNCC ကိုဖွဲ့စည်းခဲ့ပြီးနောက် ယင်းကော်မတီအနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် (NCA) ကို လက်မခံဘဲ အခြားသောလမ်းကြောင်းဖြင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေး ညှိနှိုင်းသွားမည် ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly