မန္တလေးမြို့တွင် ကျင်းပသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ကြိုဆိုထောက်ခံပွဲသို့ မြို့ခံများ နှင့် တိုင်းရင်းသား များတက်ရောက်

မန္တလေးမြို့တွင် ကျင်းပသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ကြိုဆိုထောက်ခံပွဲသို့ မြို့ခံများ နှင့် တိုင်းရင်းသား များတက်ရောက်

မန္တလေး ၊ အောက်တိုဘာ၇ ။           ။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ပြည်သူလူထု၏ ကြိုဆိုထောက်ခံပွဲ အခမ်းအနားကို အောက်တိုဘာ(၇)ရက် ညနေ(၄)နာရီက မန္တလေးမြို့ မဟာအောင်မြေမြို့နယ် (၆၂)လမ်း၊ (၄၀)လမ်း နှင့် (၄၁)လမ်းကြား မနော်ရမ္မံ လူထုဟစ်တိုင်ကွင်းတွင် ပြုလုပ်ခဲ့ရာ မန္တလေးမြို့ခံများ နှင့် မန္တလေးရောက် တိုင်းရင်းသားများ စုစုပေါင်း (၄၀၀၀)ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကြိုဆိုထောက်ခံပွဲသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် နှင့် ဝန်ကြီးများ၊ အစိုးရအဖွဲ့ဝင်များ၊ မန္တလေးမြို့ရောက် တိုင်းရင်းသားများ၊ ရပ်မိရပ်ဖများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့ကြသည်။

'' နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင်ဖြစ်ဖြစ် ရခိုင်အရေးနဲ့ပတ်သက်ရင်ဖြစ်ဖြစ် ကျွန်တော်တို့ အားလုံး အခု ဝိုင်းဝန်းထောက်ခံနေတာ ကောင်းတဲ့ အလာအလားပါပဲ၊ ယုံကြည်နေသေးတယ်ဆိုတာ ပြတာပါ၊ အခက်အခဲတွေ ကြုံခဲ့ရင် ပြည်သူအားနဲ့ ကျော်လို့ရတယ်ဆိုတာ ပြချင်တာပါ၊ ကျွန်တော်တို့က အမုန်းတရားမရှိဘူး မေတ္တာနဲ့ပဲ အခက်အခဲတွေကို ကျော်လွန်မှာပါ၊ အောက်တိုဘာ(၁၀)ရက်နေ့မှာလဲ ဘာသာပေါင်းစုံ ဆုတောင်းပွဲ လုပ်သွားဖို့ရှိပါတယ် '' ဟု မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။

ယခုအခါ တစ်နိုင်ငံလုံးအရေး ကြုံတွေ့လျက်ရှိရာ ပြည်သူများ ကိုယ်စား မားမားမတ်မတ် ရပ်တည်၍ ဦးဆောင်ဖြေရှင်းပေးနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင်   ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံသည်အနေဖြင့် တက်ရောက်ခြင်းဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် နှင့် တသွေးတသားထဲ ဆိုသည့် သဘော ပြသနိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း မန္တလေးရောက် ကယန်းတိုင်းရင်းသား၊ မွန်တိုင်းရင်းသား နှင့် ရှမ်းတိုင်းရင်းသားအဖွဲ့များက ဆိုသည်။

အဆိုပါ ထောက်ခံပွဲတွင် စိန်ဒူးဝါး ဆိုင်းအဖွဲ့မှာ တီးခတ်ဖျော်ဖြေပေးခဲ့ပြီး စာရေးဆရာ သုံးဦးက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား   ထောက်ခံကြိုဆိုသောအားဖြင့် ဟောပြောခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မန္တလေးတိုင်းဒေသကြီးမှ ကြီးမှူး၍ မန္တလေးခရိုင်၊ ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊ မိတ္တီလာခရိုင်၊ မြင်းခြံခရိုင်၊ ညောင်ဦးခရိုင်၊ ရမည်းသင်းခရိုင်တို့တွင် ဘာသာပေါင်းစုံ ဆုတောင်းပွဲကို အပတ်စဉ် အင်္ဂါနေ့တိုင်း အောက်တိုဘာ (၁၀)ရက်၊ (၁၇)ရက်၊ (၂၄)ရက် နှင့် (၃၁)ရက်တို့တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly