​ရေခူသုပ်​

မင်္ဂလာပါရှင်

ဒီတပတ်တော့ ရေခူသုပ်စားဖြစ်ပါတယ်။ရေခူက ပင်လယ်စာတမျိုးဖြစ်ပြီးတော့ စားရတာ ထုတ်ထုတ်အိအိလေးနဲ့အရသာရှိပါတယ်။ ဒီတိုင်စားစား ထမင်းနဲ့စားစား အမြည်းပဲလုပ်လုပ် အဆင်ပြေစေတဲ့စားစရာပါ။ရေခူကိုဈေးဝယ်စင်တာတွေမှာလဲရနိုင်သလို online ကနေလဲရောင်းချကြတာတွေလဲ အများကြီးရှိပါတယ်။ဈေးလဲသင့်တင့်ပါတယ်။ရေခူသုပ်ကို ကိုယ်နှစ်သက်သလိုသုပ်စားကြပါတယ်။ အခုတော့ရေခူကို အစပ်သုပ်ပါမယ်။

လိုအပ်တာတွေကတော့
ရေခူ ၂၀သား
ခရမ်းချဉ်သီး အနည်းငယ်
ကြက်သွန်နီ အနည်းငယ်
ငရုတ်သီးစိမ်း အနည်းငယ်
နံနံပင် အနည်းငယ်
မျှင်ငပိ အနည်းငယ်
သံပုရာသီး အနည်းငယ်  လိုအပ်ပါတယ်။

အရင်ဆုံး ရေခူကို သန့်စင်အောင်ရေဆေးပြီးရင် ပွက်ပွက်ဆူနေတဲ့ရေထဲ ၂မိနစ်ခန့်ထည့်ပြုတ်ပါ။အကြာကြီးမပြုတ်ရပါဘူး။အကြာကြီးပြုတ်ရင်နူးအိပြီးစားမကောင်းပါဘူး။
၂မိနစ်ပြည့်ရင်တော့ဆယ်ပြီး ရေအေးထဲ ခဏစိမ်ပြီးပြန်ဆယ် ရေညှစ်ပါးပါးလှီးထားပါ။

ပြီးရင်တော့ ငပိနဲ့ငရုတ်သီးကို အနည်းငယ်ကင်ပါ။ပြီးရင်မညက်တညက်လေးထောင်းပါ။ ကြက်သွန်နီပါးပါးလှီးထားပါ။ နံနံပင် နဲ့ခရမ်းချဉ်သီး ကိုလည်းလှီးထားပါ။ ပြီးရင်တော့ ရေခူထည့်ပါ။ အစပ်ကြိုက်ရင် ငရုတ်သီးစိမ်းလဲလှီးထည့်ပေးလို့ရပါတယ်။သံပုရာသီးတစိတ်လောက်ထည့်ရင်အချဉ်အတွက်အဆင်ပြေပါတယ် အစာပလာတွေစုံလင်ပြီ ဆိုရင်အားလုံးရောနယ်လို့ရပါပြီ။

အခုဆိုရင်တော့ ချဉ်ငံစပ် အရသာနဲ့ပင်လယ်စာရေခူသုပ်လေးရပါပြီ။ ရေခူသုပ်ကိုမိမိနှစ်သက်သလို အချိုအစပ် သုပ်စားလို့ရပါတယ်။

ပေစိလက်ရာအစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။ ဒီအစီအစဉ်ကို COOKမှ အဓိက ကူညီပံ့ပိုးပေးပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly