နိုင်ငံရေးအခြေအနေကြောင့် ချယ်ရီ FM ရပ်ဖို့ ညွှန်ကြားခြင်းဖြစ်

နိုင်ငံရေးအခြေအနေကြောင့် ချယ်ရီ FM ရပ်ဖို့ ညွှန်ကြားခြင်းဖြစ်
ပြန်ကြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေ

နိုင်ငံရေးအခြေအနေအရလည်းကောင်း၊ စာချုပ်နှင့် ကျင့်ဝတ်အရလည်းကောင်း နှစ်ဦးနှစ်ဖက် နစ်နာမှုများရှိနိုင်သောကြောင့် Cherry FM ထုတ်လွှင့်မှုကို အချိန်သုံးလကြာရပ်နားရန် နှစ်ဦးနှစ်ဖက်သဘောတူထားသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးတင့်ဆွေက မဇ္ဈိမကို ပြောသည်။

“တော်တော်လေး ပြဿနာရှိနိုင်တဲ့ အနေအထားမျိုးကိုလည်း စိုးရိမ်တယ်။ နို့မို့ဆိုရင် နှစ်ဖက်လုံး နစ်နာမှုတွေ ဆုံးရှုံးမှုတွေက များနေမယ်။ အဲ့တော့ ဒီကြားထဲမှာ အကောင်းဆုံးအဖြေတစ်ခုကို ညှိနှိုင်းရှာဖွေကြရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ခေါ်ယူပြီးတော့ ဆွေးနွေးတာဖြစ်ပါတယ်” ဟု ဦးတင့်ဆွေက ပြောသည်။

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ချယ်ရီ FMတို့ စစ်အစိုးရလက်ထက်၂၀၁၀ခုနှစ်က ချုပ်ဆိုထားသည့် စာချုပ်အရသော်လည်းကောင်း၊ ထပ်မံဖြည့်စွက်စွက်ထားသည့် ကျင့်ဝတ်အရသော်လည်းကောင်း၊ နိုင်ငံရေးအခြေအနေအရလည်းကောင်း သုံးလခန့် ရပ်နားရန် ဩဂုတ် ၁၅ က နေပြည်တော်တွင် ညှိနှိုင်းခဲ့ကြခြင်းဖြစ်သည်။

ညှိနှိုင်းချက်၏ ရလာဒ်အဖြစ် “ဒီကြားထဲမှာ သုံးလလောက်တော့ Cherry FM ကို စက်တွေကိုလည်း Upgrade လုပ်ဖို့တွေ ရှိလို့ ရပ်ထားတဲ့ဟာမျိုးနဲ့ လုပ်မယ်၊ အဲ့ဒီအတွက်ကိုလည်း သဘောတူတယ်ဆိုပြီးတော့ နှစ်ဖက်ညှိနှိုင်းချက်အရ အဲ့လိုသဘောတူညီချက် ရရှိထားတာရှိပါတယ်” ဟု ဦးတင့်ဆွေက ဆိုသည်။

သို့သော် ချယ်ရီ FM ၏  အမည်မဖော်လိုသူတာဝန်တစ်ဦးကမူ ချယ်ရီ FM ထုတ်လွှင့်မှုကို မိမိသဘောဆန္ဒအလျောက် ရပ်နိုင်ရန် ပြန်ကြားရေးဝန်ကြီးဌာနက စာတင်ခိုင်းကြောင်း၊ ၎င်းတို့အနေဖြင့် စာတင်မည်မဟုတ်ဘဲ တရားဥပဒေကြောင်းအရ ဖြေရှင်းသွားမည်ဟု ဩဂုတ် ၁၅ နေ့လည်ပိုင်းက မဇ္ဈိမကို ပြောဆိုထားသည်။

ချယ်ရီ FMသည် ပြီးခဲ့သည့် သုံးရက်အတွင်း အာဏာရပါတီ၏ ဥက္ကဌရာထူးမှ ဖြုတ်ချခံလိုက်ရသည့် သူရဦးရွှေမန်း၏ ချွေးမဖြစ်သူ ဒေါ်ဇေဇင်လတ် ဦးဆောင်လုပ်ကိုင်နေသည့် လုပ်ငန်းတစ်ခုဖြစ်သည်။

ချယ်ရီ FM သည် လွန်ခဲ့သည့် ၆နှစ်က ပြန်ကြားရေးဝန်ကြီးဌာနနှင့် သဘောညီချက်စာချုပ်ဖြင့် အသံလွှင့်နေခြင်းဖြစ်ပြီး သူရဦးရွှေမန်း ပါတီအကြီးအကဲမှ ဖြုတ်ချခံရသည့်နေ့ကစပြီး ထုတ်လွှင့်မှု ရပ်ဆိုင်းသွားသည်။

လွန်ခဲ့သည့် ၆ နှစ်က ချုပ်ဆိုခဲ့သည့် စာချုပ်တွင် “တပ်မတော်အစိုးရလက်ထက်မှာ ချုပ်ဆိုထားတဲ့စာချုပ်တွေပေါ့။ အဲ့ဒီစာချုပ်တွေအရတော့ အစိုးရအနေနဲ့က ဒါက အားလုံးကို ထိန်းချုပ်ထားတဲ့အနေအထားနဲ့ ချုပ်ဆိုထားတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အဲ့ဒီမှာပါတဲ့ အချက်တွေက တော်တော်လေးပြင်းထန်ပါတယ်။ စက်တွေကို သိမ်းနိုင်တဲ့အနေအထားထိ စာချုပ်တွေမှာ ပါဝင်ပါတယ်။ တစ်စုံတစ်ခုဆိုရင် သက်ဆိုင်ရာ အခြေအနေအရ မကြိုက်ဘူး၊ သဘောမတူဘူး၊ မနှစ်သက်ဘူးဆိုရင် ပစ္စည်းပစ္စယတွေအားလုံးက သိမ်းဆည်းနိုင်ကြောင်းလည်း သဘောတူပါတယ်ဆိုပြီးတော့ စာချုပ်ချုပ်ထားတာ ဖြစ်ပါတယ်” ဟု ဦးတင့်ဆွေက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags