ခေါင်းတစ်ခြမ်းကိုက်ရောဂါအကြောင်း

ခေါင်းတစ်ခြမ်းကိုက်ရောဂါအကြောင်း

ရေးသားသူ Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

အဓိပ္ပာယ်ဖွင့်ဆိုချက်

ခေါင်းတစ်ခြမ်းကိုက်ခြင်းဆိုတာ ဘာလဲ။

ခေါင်းတစ်ခြမ်းကိုက်ခြင်းဆိုတာဟာ အာရုံခံ သတိပေးတဲ့ လက္ခဏာတွေဖြစ်တဲ့ ပြိုးပြိုးပြက်ပြက် အလင်းရောင်၊ ခြေလက်ထုံကျဉ်ခြင်း၊ ပျို့အန်ခြင်းနဲ့ အလင်းနဲ့ အသံကို အာရုံခံမှုတိုးများခြင်း စသော အချက်များအလျင်ကြိုဖြစ်ပြီး (သို့) အတူတွဲ ဖြစ်သော ခေါင်းကိုက်မှုတစ်ခု ဖြစ်ပါတယ်။ နာကျင်မှုဟာ ပြင်းထန်ပြီးတော့ နာရီများစွာ (သို့) ရက်ပေါင်းများစွာ ကြာမြင့်တတ်ပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာ သွေးကြောဖေါင်းပွမှုနဲ့ ဒီသွေးကြောတွေကို ရစ်ပတ်ထားတဲ့ အာရုံကြောမျှင်တွေကနေ ဓါတုပစ္စည်း ထုတ်လုပ်မှုတို့ကြောင့် ပေါင်းစပ်ဖြစ်ပေါ်ပါတယ်။ ခေါင်းကိုက်နေစဉ်မှာ သွေးကြောဟာ ကြီးမားလာပါတယ်။ ဒါဟာ ရောင်ရမ်းခြင်းနဲ့ နာကျင်ခြင်းကို ဖြစ်စေတဲ့ ဓါတု ပစ္စည်းတစ်မျိုးကို ထုတ်လုပ်ပေးပြီးတော့ သွေးကြော ကြီးလာခြင်းကို ထပ်မံဖြစ်စေပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာ sympathetic အာရုံကြောစနစ်ကိုတုံ့ပြန်ခြင်းကိုဖြစ်စေကာ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ဖြစ်စေပါတယ်။ ဒီလိုတုန့်ပြန်မှုဟာ အစာအိမ်ကနေ အူသိမ်ထဲကို အစာစွန့်ထုတ်ခြင်းကို ကြာမြင့်စေပြီး သွေးလည်ပတ်မှုကို နှေးကွေးစေပါတယ်။ ဒါ့ပြင် အလင်းနဲ့ အသံတွေကို အာရုံခံမှုကိုလည်း မြင့်မားစေပါတယ်။

အမေရိကန် ၂၈ သန်းကျော်ဟာ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ခံစားနေရပြီး အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ခေါင်းပိုကိုက်တတ်ကြပါတယ်။

အမေရိကန်နိုင်ငံက သုတေသီတွေက ခေါင်းတစ်ခြမ်းကိုက်တတ်တဲ့ ကလေးတွေဟာ အပြုအမူပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်တဲ့ အာရုံစူးစိုက်မှု ပြဿနာတွေ၊ စိတ်ပူပန်ခြင်းတွေ၊ စိတ်ကျခြင်းတွေကို ခေါင်းမကိုက်တဲ့ကလေးတွေထက် ပိုမိုခံစားရနိုင်ခြေ ရှိတယ်လို့ ပြောပါတယ်။

ဦးနှောက်အနာတွေနဲ့ ခေါင်းတစ်ခြမ်းကိုက်ခြင်း ဆက်နွယ်မှု – ခေါင်းတစ်ခြမ်းကိုက်တတ်တဲ့ အမျိုးသမီးတွေဟာ white matter hyperintensities လို့ ခေါ်တဲ့ ဦးနှောက်အနာတစ်မျိုးကို အခြားအမျိုးသမီးတွေထက် ပိုမိုရရှိနိုင်ပါတယ်လို့ နယ်သာလန်က ဆေးဖက်ဆိုင်ရာ ဂျာနယ်တစ်ခု မှာ နိုဝင်ဘာ ၂၀၁၂ က ဖော်ပြခဲ့ပါတယ်။ သူတို့က ခေါင်းတစ်ခြမ်းကိုက်ရဲ့ ပြင်းထန်မှု၊ အကြိမ်ရေနဲ့ ဘယ်လောက်ကြာအောင်ကိုက်နေတာလဲ ဆိုတာတွေက အနာတွေရဲ့ တိုးတက်မှုနဲ့ မဆက်စပ်ဘူးလို့ဆိုပါတယ်။

ဖြစ်ပွားနိုင်စေသည့် အကြောင်းရင်းများ

ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဘယ်အရာတွေက ဖြစ်စေပါသလဲ။

အချို့လူတွေဟာ သူတို့ကို ခေါင်းကိုက်စေတဲ့အရာတွေကို သေချာစွာ ပြောပြနိုင်ပေမယ့် လူအတော်များများကတော့ မပြောပြနိုင်ပါဘူး။ ဖြစ်နိုင်ခြေရှိတဲ့ အရာတွေကတော့

  • ဓါတ်မတည့်မှုများ
  • စူးရှတဲ့အလင်းရောင်၊ ဆူညံတဲ့အသံ၊ အချို့သောရေမွှေး (သို့) အနံ့
  • စိတ်ပိုင်းဆိုင်ရာ (သို့) ရုပ်ပိုင်းဆိုင်ရာ ဖိစီးခြင်း
  • ဆေးလိပ်သောက်ခြင်း (သို့) ဆေးလိပ်ငွေ့နှင့် ရှုရှိုက်မိခြင်း
  • အစာ မစားခြင်း
  • အရက်
  • ရာသီပြောင်းလဲမှုများ၊ ကိုယ်ဝန်တားဆေး၊ သွေးဆုံးစဉ် ဟော်မုန်းပြောင်းလဲမှုများ
  • စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်း
  • Tyramine ပါဝင်သော အစားအစာများ (ဝိုင်အနီ၊ ချီးစ်၊ ငါးကြပ်တိုက်၊ ကြက်အသည်း၊ သဖန်းသီး၊ ပဲအချို့)၊ အချိုမှုန့်၊ နိုက်ထရိတ် (ဝက်ပေါင်ခြောက်၊ ဟော့ဒေါ့၊ အမဲအူချောင်း)
  • အခြားအစားအစာတွေဖြစ်တဲ့ ချောကလက်၊ အခွံမာသီး၊ ပဲထောပတ်၊ ထောပတ်သီး၊ ငှက်ပျောသီး၊ ရှောက်သီး၊ ကြက်သွန်နီ၊ နို့ထွက်ပစ္စည်းများ၊ သနပ်များ

ဒီအရာတွေဟာ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို အမြဲ မဖြစ်စေနိုင်သလို ဒီအရာတွေကို ရှောင်ကြဉ်ခြင်းကလဲ ခေါင်းတစ်ခြမ်းကိုက်ခြင်းကို အမြဲမကာကွယ်နိုင်ပါဘူး။

လက္ခဏာများ

ခေါင်းတစ်ခြမ်းကိုက်ခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ။

ခေါင်းတစ်ခြမ်းကိုက်ခြင်းရဲ့ လက္ခဏာတွေဟာ ခေါင်းမကိုက်ခင် (သို့)ခေါင်းကိုက်နေစဉ်အတွင်း (သို့) ခေါင်းကိုက်ပြီးသောနောက်တွင် ဖြစ်ပေါ်တတ်ပါတယ်။ ခေါင်းကိုက်ခြင်းအမျိုးမျိုး ရှိတတ်ပေမယ့် အတွေ့များတဲ့ လက္ခဏာတွေကတော့

  • အသင့်အတင့်ကနေ ပြင်းထန်တဲ့ နာကျင်မှု (ခေါင်းတစ်ခြမ်း ကနေ ဆက်တိုက်ကိုက်ခြင်း)
  • သွေးတိုးနေသလို တဒိန်းဒိန်း ကိုက်ခဲခြင်း
  • ကိုယ်လက် လှုပ်ရှားမှုလုပ်စဉ် နာကျင်ခြင်း
  • နာကျင်မှုကြောင့် ပုံမှန် လှုပ်ရှားမှု မလုပ်နိုင်ခြင်း
  • ပျို့ခြင်း
  • အန်ခြင်း
  • အလင်းနှင့် အသံကို အာရုံခံမှု မြင့်မားခြင်း

လူအတော်များများဟာ ခေါင်းတစ်ခြမ်း ကိုက်တော့မယ် ဆိုတာကို ခေါင်းမကိုက်ခင်မှာ ရောင်ဝါလက္ခဏာတွေကြောင့် သိတတ်ကြပေမယ့် လူအချို့ကတော့ မသိကြပါဘူး။ စိတ်ရှုပ်ထွေးဖွယ် အတွေးတွေ၊ အတွေ့အကြုံတွေ၊ ထူးဆန်းတဲ့အလင်းရောင်တွေ မသာယာတဲ့ အနဲ့တွေ ရတတ်ကြပါတယ်။

သုတေသီတွေက ဒီလိုတွေ မြင်ပြီး ခေါင်းကိုက်တတ်တဲ့ အမျိုးသမီးတွေမှာ နှလုံးရပ်မှုဖြစ်နိုင်ခြေပိုများပြီး ကိုယ်ဝန်တားဆေးအသစ်သုံးတဲ့ အမျိုးသမီးတွေမှာတော့ သွေးခဲဖြစ်နှုန်း ပိုမိုမြင့်မားတယ်လို့ ဖေါ်ပြခဲ့ပါတယ်။

ခေါင်းတစ်ခြမ်းကိုက်တတ်တဲ့ အမျိုးသမီးတွေမှာ နာရီပေါင်းများစွာ မတိုင်ခင် (သို့) တစ်ရက်လောက်ကြိုပြီးတော့ သိနေလေ့ရှိပါတယ်။ ဒီလက္ခဏာတွေကတော့ အားအင်ပြင်းထန်ခြင်း၊ အချိုစားချင်ခြင်း၊ ရေဆာခြင်း၊ နုန်းခြင်း၊ စိတ်တိုခြင်းနဲ့ စိတ်ကျခြင်း တို့ပဲ ဖြစ်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly