ကျန်းမာရေးသောက်စရာ လက်ဖက်ရည်ကြမ်း

ကျန်းမာရေးသောက်စရာ လက်ဖက်ရည်ကြမ်း

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

ကျန်းမာရေးသောက်စရာ လက်ဖက်ရည်ကြမ်း

green tea ဟာ အရသာထူးကဲကောင်းမွန်တဲ့အပြင် အကျိုးကျေးဇူးတွေလည်း များစွာ ပေးနိုင်တဲ့အတွက် လွန်ခဲ့တဲ့ ရာစုနှစ်ပေါင်းများစွာကတည်းက လူကြိုက်များ ထင်ရှားခဲ့တာပါ။

green tea ရဲ့ သင်မသိလောက်သေးတဲ့ အဓိကကောင်းကျိုးအချို့ကို ဒီဆောင်းပါးလေးမှာ ဝေမျှပေးထားပါတယ်။

ကိုယ်ခံအားကို မြင့်မားစေတယ်။

green tea ကို နေ့စဉ်မှန်မှန်သောက်တဲ့သူတွေဟာ မသောက်တဲ့သူတွေနဲ့ယှဉ်ရင် (သာမန်ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေကြောင့်ဖြစ်တဲ့) ဖျားတာနာတာမျိုး ဖြစ်ခဲတယ်လို့ လေ့လာချက်အမျိုးမျိုးအရ သိရှိရတဲ့အတွက် green tea ဟာ သင့်ရဲ့ ကိုယ်ခံအားကို မျှင့်တင်ပေးနိုင်တယ်ဆိုတာ အင်မတန်သိသာထင်ရှားနေပါတယ်။

ဒါဟာ catechins လို့ခေါ်တဲ့ ဒြပ်ပေါင်းတမျိုးကြောင့်ဖြစ်ပြီး အဆိုပါ ဒြပ်ပေါင်းဟာ လူကို အန္တရာယ်ပေးနိုင်တဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေရန်ကနေ ဆဲလ်တွေကို အကာအကွယ်ပေးနိုင်ပါတယ်။

ဒါ့အပြင် catechins ဟာ ဘက်တီးရီးယားတွေကနေ ထုတ်လုပ်တဲ့ အဆိပ်အတောက်တွေကိုလည်း ပြန်လည်တုံ့ပြန်တိုက်ခိုက်နိုင်စွမ်းရှိနေပါတယ်။

ဘက်တီးရီးယားကြောင့်သာမက အခြားသော ပိုးမွှားနဲ့ မှိုစွဲကပ်ခြင်းကြောင့် ဖြစ်တဲ့ ရောဂါတွေ (ဥပမာ ခံတွင်းနံ့နံခြင်း၊ဝမ်းကိုက်ခြင်း၊အစာမကြေခြင်း၊ဝမ်းလျှောခြင်း၊အူရောင်ခြင်း၊သွားပိုးစားခြင်း၊တုပ်ကွေးဖျားခြင်း၊အအေးမိချောင်းဆိုးခြင်း စသည်)ကိုပါ ကာကွယ်တားဆီးပေးနိုင်ပါတယ်။

ဒန္တသုခရရှိမယ်။

green tea ကနေ ပေးနိုင်တဲ့ နောက်ထပ်အကျိုးကျေးဇူးတခုကတော့ တစ်ရှူးတွေနဲ့ ကြွက်သားတွေကို ညှစ်စေ၊ကျုံ့စေတာပဲ ဖြစ်ပါတယ်။ဒီလိုမျိုး ကျုံ့စေတဲ့အတွက် ကြွက်သားနဲ့ အရေပြားတွေဟာ တင်းရင်းကျစ်လျစ်လာပါတယ်။

ဒါကြောင့် သင့်အနေနဲ့ green tea ကို မကြိုက်လို့ မသောက်ဖူးဆိုရင်တောင် green tea နဲ့ နေ့စဉ်အာလုပ်ကျင်းပေးခြင်းအားဖြင့် သင့်သွားဖုံးတွေကို ကောင်းစွာ ကျုံ့စေတဲ့အတွက် သွားတွေပိုခိုင်လာမှာပဲ ဖြစ်ပါတယ်။ဒီလိုဆိုရင် သွားတွေနဲ့တာ၊ကျွတ်တာမျိုးတွေ အများကြီးလျော့နည်းသွားမှာပါ။

ကင်ဆာ ရန်ကနေ ကာကွယ်ပေးနိုင်မယ်။

free radicals တွေဟာ အချိန်မတိုင်မီ အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေတဲ့အပြင် အချို့သော ကင်ဆာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

green tea မှာ ပါဝင်တဲ့ catechins ဓာတ်တွေဟာ အဆိုပါ အန္တရာယ်ရှိတဲ့ free radicals တွေကို ဓာတ်ပြယ်စေနိုင်တာပြီး nitrosamines (ယမ်းစိမ်း) ကဲ့သို့သော ကင်ဆာဖြစ်စေနိုင်တဲ့ ပစ္စည်းတွေဖြစ်ပေါ်ခြင်းကို တားဆီးစေနိုင်တာမို့ ကင်ဆာဖြစ်ပွါးနိုင်ချေကို လျှော့ချပေးပါလိမ့်မယ်။

အခုဆိုရင် ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ဆရာဝန်နဲ့ ဆေးဝါးကျွမ်းကျင်ပညာရှင်တွေဟာ Green tea ကို သောက်သုံးဖို့ လူနာတွေကို ညွှန်ကြားနေကြပါပြီ။Green tea ဟာ ကင်ဆာကို ထိရောက်စွာ ကာကွယ်ပေးနိုင်တဲ့ အိမ်တွင်းဆေးဝါးတမျိုးပဲ ဖြစ်ပါတယ် (အထူးသဖြင့် ပန်ကရိယကင်ဆာ၊အူမကြီးကင်ဆာ ဖြစ်နိုင်ချေများသူတွေမှာပေါ့)။

ကိုလက်စထရောပမာဏကို လျှော့ချပေးနိုင်တယ်။

Green tea မှာ alkaline ဓာတ်ပြည့်ဝစွာ ပါဝင်တာမို့ ကိုလက်စထရော ပမာဏကို ထိရောက်စွာ လျှော့ချပေးနိုင်ပါတယ်။

နှလုံးနဲ့ သွေးကြောတွေအတွက် ကောင်းတယ်။

သွေးပျစ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ ဓာတ်ပစ္စည်းအမျိုးမျိုးပါဝင်တဲ့ Green tea ဟာ သွေးကြောကျဉ်းခြင်း၊သွေးခဲခြင်း တို့ကို ကာကွယ်ပေးနိုင်သလို လေဖြတ်နိုင်ချေကိုလည်း လျှော့ချပေးနိုင်ပါတယ်။

 ဆီးချိုကိုလည်း ကာကွယ်ပေးနိုင်တယ်။

တကယ်လို့ သင်ဟာ လက်ဖက်ရည် သောက်တဲ့အခါ သကြားတွေ၊နို့ဆီတွေ ထည့်သောက်လေ့မရှိဖူးဆိုရင် ဒါဟာ သတင်းကောင်းပါ။ဘာလို့လဲဆိုတော့ green tea ဟာ ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်လို့ပဲ ဖြစ်ပါတယ်။

အတိအကျပြောရရင် အယ်လ်ကာလီ ဓာတ်သဘာဝရှိတဲ့ green tea ဟာ သွေးတွင်းသကြားဓာတ်ကို လျှော့ချပေးနိုင်လို့ပါ။

ဒါ့အပြင် green tea ရဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိနဲ့ တစ်ရှူးတွေကို ကျုံ့စေ၊ညှစ်စေတဲ့ ဂုဏ်သတ္တိက သင့်ကျန်းမာရေးကို ပိုမိုကောင်းမွန်စေပြီး ပန်ကရိယရဲ့ လုပ်ငန်းဆောင်တာတွေကိုလည်း အားပေးကူညီပါသေးတယ်။

ဆိုလိုတာက ပန်ကရိယကောင်းစွာ အလုပ်လုပ်နိုင်တာနဲ့အမျှ အင်ဆူလင်ဓာတ်ထုတ်လုပ်မှုဟာ ပိုမိုကောင်းမွန်အကျိုးရှိလာမှာဖြစ်ပြီး သွေးတွင်းသကြားဓာတ်တွေကို လိုသလို ထိန်းညှိလာနိုင်မှာဖြစ်တာမို့ ဆီးချိုရောဂါဖြစ်ပွါးမှုကို ကာကွယ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

green tea ဟာ ကောင်းကျိုးများစွာကို သယ်ဆောင်လာပေးတဲ့အတွက် သင့်အနေနဲ့ ၎င်းကို ပုံမှန်သောက်သုံးသင့်တဲ့အပြင် နေ့စဉ်စားသုံးမှုမှာပါ ထည့်သွင်းထားသင့်ပါကြောင်း။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly