ဆူဒန်အပေါ် နှစ်၂၀ ကြာ ချမှတ်ထားခဲ့တဲ့ စီးပွားရေးပိတ်ဆို့မှု အမေရိကန် ပြန်လည်ရုပ်သိမ်း

ဆူဒန်အပေါ် နှစ်၂၀ ကြာ ချမှတ်ထားခဲ့တဲ့ စီးပွားရေးပိတ်ဆို့မှု အမေရိကန် ပြန်လည်ရုပ်သိမ်း

 

အောက်တိုဘာ ၇ ။                ။ ပြီးခဲ့တဲ့ ၁၉၉၇ ခုနှစ်ကတည်းက ဆူဒန်နိုင်ငံအပေါ် ချမှတ်ထားခဲ့တဲ့ အပြင်းထန်ဆုံးသော စီးပွားရေးပိတ်ဆို့မှုတွေကို ပြန်လည်ရုပ်သိမ်းပေးလိုက်ပြီဖြစ်ကြောင်း အမေရိကန်အစိုးရက အောက်တိုဘာ ၆ ရက်မှာ ထုတ်ပြန်ကြေညာခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ အာဖရိကမြောက်ပိုင်း နိုင်ငံတွင်း ဒေသတစ်ချို့မှာ မူလက ရှိနေခဲ့တဲ့ တိုက်ပွဲတွေ အဆုံးသတ်သွားစေအောင် အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုတွေ၊ လူသားချင်းစာနာမှု အခြေအနေတွေမှာ တိုးတက်လာနေမှုတို့ကို အသိအမှတ်ပြုချီးမြှောက်တဲ့အနေနဲ့ ယခုလို စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေ ဖြေလျော့ရုပ်သိမ်းပေးဖို့ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း ဝါရှင်တန်အစိုးရက ပြောပါတယ်။

" နိုင်ငံက ပဋိပက္ခဖြစ်နေခဲ့တဲ့ ဒေသတစ်ချို့မှာ ရန်တွေကို ချုပ်ငြိမ်းစေခဲ့တဲ့ ဆူဒန်အစိုးရရဲ့လုပ်ရပ်ကောင်းတွေကို အသိအမှတ်ပြုတဲ့အနေနဲ့ ခုလို စီးပွားရေးပိတ်ဆို့မှုတွေကို ဒီကနေ့ကစပြီး ရုပ်သိမ်းပေးလိုက်ပြီဖြစ်ပါတယ်" ဆိုပြီး အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး ဟယ်သာ နော်အာ့တ်က ပြောပါတယ်။

အမေရိကန်သမ္မတဟောင်း ဘရက်ခ် အိုဘားမားအစိုးရလက်ထက်ကတည်းက ယင်းနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု ဆန်ရှင်တစ်ချို့ ယာယီ ရုပ်သိမ်းပေးဖို့ ဆုံးဖြတ်ခဲ့သလို လက်ရှိ သမ္မတထရမ့်ကလည်း ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက ၎င်းအနေနဲ့ ဆူဒန်အပေါ် အရေးယူပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ သုံးလ စောင့်ကြည့်သွားမယ်လို့ ထုတ်ဖော်ကြေညာထားခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဆူဒန်အစိုးရအနေနဲ့ ယင်းနိုင်ငံတစ်ဝန်း လူသားချင်း စာနာမှု အကူအညီတွေ ပေးအပ်မှုပိုင်းမှာ ပိုမိုတိုးတက်အောင် လုပ်ဆောင်သွားရမှာဖြစ်ပြီး ဒေသတွင်း ပဋိပက္ခတွေကို ကိုင်တွယ်ရင်ဆိုင်တဲ့နေရာမှာ အမေရိကန်နဲ့ ဆက်လက်ပူးပေါင်းသွားဖို့ လိုကြောင်း ဟယ်သာက ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly