အစိုးရကို ပြစ်တင်မည့်အစား အမှန်ကိုသိအောင် ကြည့်မြင်ကြရန် ဒေါက်တာဝင်းမြတ်အေးပြော

အစိုးရကို ပြစ်တင်မည့်အစား အမှန်ကိုသိအောင် ကြည့်မြင်ကြရန် ဒေါက်တာဝင်းမြတ်အေးပြော
ဓာတ်ပုံ - MOI

 

ရန်ကုန်၊ အောက်တိုဘာ ၇ ။                     ။ အစိုးရကို ပြစ်တင်ဝေဖန်မှုအစား အမှန်ကိုသိအောင်ကြည့်မြင်ကြရန်လိုအပ်ကြောင်း လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောဆိုလိုက်သည်။

မစ္စတာကိုဖီအာနန်အပါအဝင် အမေရိကန်ကိုယ်စားလှယ်၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ၊  ICRCအဖွဲ့မှ ညွှန်ကြားရေးမှူး တို့နှင့် အစည်းအဝေး တက်ရောက်ဆွေးနွေးစဉ်   ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ မြန်မာနိုင်ငံ၏ ရပ်တည်ချက်နှင့် ရှေ့ဆက်မည့်ပြည်သူ့ အစိုးရ အတွက် ပြစ်တင်ဝေဖန်မှုအစားအမှန်ကို သိအောင်ကြည့်မြင်ကြရန်နှင့် မျှတမှုကို အခြေခံသည့် ပူးပေါင်းဆောင်ရွက်မှုတို့ကို လိုလားသည့် ကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြသည် “ ဟု အစိုးဘက်ကထုတ်ပြန်ထားသည်။

အဆိုပါအစည်းအဝေးတွင် ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ Master Plan ရေးဆွဲ ချမှတ် ဆောင်ရွက်သည့် ကိစ္စများ၊ နိုင်ငံတကာစီးပွားရေး ကုမ္ပဏီများအနေဖြင့် ဖွံ့ဖြိုးမှု အကောင်အထည် ဖေါ်ရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ ရခိုင်အရေးကိစ္စနှင့်ပတ်သက်၍ ဖြစ်ပေါ်တိုးတက်မှု ကိစ္စရပ်များ၊ ထွက်ပြေးတိမ်းရှောင်သူများကို ပြန်လည်စိစစ် လက်ခံရေးနှင့် ပြန်လည်နေရာချထားမည့်ကိစ္စရပ်များ၊ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်ရာတွင် Red Cross Movement နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ ကိုလည်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ပြည်ထောာင်စုဝန်ကြီးသည် အောက်တိုဘာ ၂ ရက်နေ့မှစတင်ကာ ၆ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ၅ ရက်ကြာပြုလုပ်ခဲ့သည့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အမှုဆောင် ကော်မတီ  (၆၈)ကြိမ်မြောက် အစည်းအဝေးတတ်ရောက်နေခြင်းလည်းဖြစ်သည်။

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးတွင် ကမ္ဘောဒီယား၊  သီရိ လင်္ကာ၊ အာဖဂန်နစ်စတန်နိုင်ငံများတွင် ဒုက္ခသည်များအား လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးအပ်ခြင်း၊   ပြန်လည်ပေါင်းစည်းခြင်းနှင့် နေရပ်သို့ ပြန်လည်ပို့ဆောင်နိုင်ရေး အပါအဝင် လက်ရှိမြန်မာနိုင်ငံ ရခိုင်ပြည်နယ်အခြေ အနေနှင့် ထိုင်းနိုင်ငံရောက် ဒုက္ခ သည်များ ပြန်လည်လက်ခံရေး ကိစ္စရပ်ဆွေးနွေး တင်ပြမှုများအပေါ် သုံးသပ်ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်းလည်းသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly