ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများ အတွက် ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ခွဲစိပ်ကု ဆရာဝန်ကြီး၊ ပါမောက္ခ ဌာနမှူး ဦးဘုန်းမြင့်နှင့် တွေ့ဆုံခြင်း အပိုင်း(၄)

ကျောက်ကပ်နှင့် ဆီးလမ်းကြောင်းဆိုင်ရာ ပြဿနာများ အတွက် ကျောက်ကပ်နှင့် ဆီးလမ်းကြောင်း ခွဲစိပ်ကု ဆရာဝန်ကြီး၊ ပါမောက္ခ ဌာနမှူး ဦးဘုန်းမြင့်နှင့် တွေ့ဆုံခြင်း အပိုင်း(၄)

မေး - အခုတစ်ခါ မေးလာတဲ့သူကတော့ Moe Aung ဆိုတဲ့သူပါ။ သူမေးထားတာကတော့ ခါးနာနေတာ ၂ နှစ်ကျော်ပါပြီ။ ဓါတ်မှန်ရိုက်တော့လဲ ခါးကျည်းပေါင်းရှိနေတယ်လို့ ပြောပါတယ်။ အမြဲတမ်း နာနေပါတယ်။ ဘယ်လိုလုပ်ရင် ကောင်းနိုင်မလဲဆိုတာ အကြံပြုပေးပါဦး ဆရာခင်ဗျာတဲ့။

ဖြေ - ဟုတ်ပါပြီ။ ကိုမိုးအောင်ရဲ့ အသက်ပေါ် မူတည်တာပေါ့နော်။ နောက်တစ်ခုက ကိုယ်လုပ်တဲ့ အလုပ်ပေါ့နော်။ အထိုင်များတဲ့ အလုပ်တွေလား။ သို့မဟုတ်ရင်လည်း အင်အားသုံးပြီး လုပ်ရတဲ့ အလုပ်တွေလား။ ဒါတွေပေါ် မူတည်ပြီးတော့လည်း ခါးနာတာတွေ ရှိတယ်။ ခါးအရိုး ကျည်းပေါင်းတက်တယ်ဆိုတာကတော့ ပြောရရင်တော့ ယိုယွင်းလို့ ဖြစ်လာတဲ့ဟာတွေ အဲ့တော့ ကျွန်တော်တို့ ရောဂါတွေကုတဲ့အထဲမှာ ဥပမာ တုပ်ကွေးဖြစ်တယ်။ ဖြစ်တော့ ဖျားတဲ့အချိန်မှာ အဖျား ၁၀၄ ၊ ၁၀၅ ဖျားလိုက်မယ်။ ပြီးရင် ပြန်ကောင်းသွားတယ်။ ကောင်းရင်လည်း Normal ပြန်ရောက်တယ်။ ဒါက ရောဂါတစ်မျိုးပေါ့။ ယိုယွင်းလို့ ဖြစ်လာတဲ့ ရောဂါတွေသည် တဖြည်းဖြည်းချင်းဖြစ်တယ်။ ဖြည်းဖြည်းချင်း တက်သွားတယ်။ အဆင်း ပြန်မဖြစ်တော့ဘူး။ ဒါမျိုးပေါ့နော်။ ဒီ ခါးအရိုး ကျည်းပေါင်းတက်တဲ့ဟာကလည်း ကိုယ်ခန္ဓာပြောင်းလဲတဲ့ အချက်တစ်ချို့ကြောင့် အရိုးအဆစ်တွေမှာ အရိုးအတက်လေးတွေ ထွက်လာတယ်။ ဒါကြောင့်လဲ ခါးနာတယ်ပေါ့။ နောက်တစ်ခုကတော့ ကျောရိုးဆစ်တွေမှာ အရိုးအတက်တွေ ထွက်တဲ့ရောဂါ အဲဒါတွေသည် ကျွန်တော်ကတော့ အကိုက်အခဲပျောက်ဆေးသောက်ရင်လည်း ခဏပဲ သက်သာမယ်။ နောက်တစ်ခုက ခါးရိုးဆစ်တွေမှာ ဘေးမှာရှိနေတဲ့ ကြွက်သားတွေကို သန်မာအောင်လို့ လေ့ကျင့်ခန်းလုပ်ဖို့ လိုတယ်။ ဒီလေ့ကျင့်ခန်းလုပ်လို့ ခါးရိုးဆစ်ဘေးမှာရှိတဲ့ ကြွက်သားတွေ သန်မာလာရင် ဒီခါးရိုးဆစ်က ထွက်လာတဲ့ အရိုးအတက်တွေထဲကို ဘေးသားတွေ အနှောင့်အယှက်တွေမဖြစ်အောင် မတ်မတ်လေး ထိန်းထားပေးနိုင်ရင် သက်သာမယ် တစ်အချက်ပေါ့။ နှစ်ကတော့ ခါးကို အနားပေးဖို့ လိုတယ်ပေါ့။ ကျွန်တော်တို့ ထိုင်နေတယ်ဆိုတာကလည်း ကိုယ်ခန္ဓာရဲ့ ဝိတ်ကြီးကို ခါးရိုးဆစ်ကြီးတွေက ထမ်းထားရတာ။ အဲတော့ ထိုင်နေရင်လည်း ဒါက တကယ်တော့ ခါးအရိုးဆစ်ပေါ်မှာ ဒဏ်ပိနေတာပဲ။ အဲတော့ အဲလိုမျိုးလူတွေကျရင် အထိုင်များတယ်ဆိုရင် အထိုင် တစ်နာရီ သို့မဟုတ် တစ်နာရီခွဲလောက် ထိုင်ပြီးရင် ၁၀ မိနစ် ၁၅ မိနစ်လောက် လှဲနေလိုက်ပါ။ လှဲလိုက်ချင်းအားဖြင့် ခါးရိုးဆစ် တစ်ခုနဲ့တစ်ခုပေါ်မှာ Body ဝိတ်ကြီးက စွဲပြီးတော့ ဖိထားတာ လျော့သွားမယ်။ အဲတော့ ခါးတကယ်နာတဲ့ ရောဂါကတော့ ဆေးတွေနဲ့အတူတူ တွဲလုပ်သင့်တာကတော့ ခါးအရိုးဆစ်တွေကို မကြာခန အနားပေးဖို့ပဲ။ အဲ့တော့တစ်နာရီထိုင်ပြီးရင် သို့မဟုတ် နှစ်နာရီထိုင်ပြီးရင် ခန လှဲနေလိုက်ပေါ့။ အကြာကြီး တစ်သမတ်တည်း မနေပါနဲ့။ Position လေး ပြောင်းသင့်တယ်။ ဥပမာ ထိုင်နေရာကနေ ထပြီးတော့ လမ်းလျှောက်လိုက်တယ်ဆိုရင်လည်း ခါးအရိုးပေါ်မှာရှိတဲ့ အကြောတွေက လျော့သွားတာပေါ့။ ထပြီးတော့ လမ်းလျှောက်မယ် မတ်တပ်ရပ်လိုက်မယ် ပြီးရင် ပြန်ထိုင်မယ် သို့မဟုတ်ရင်လည်း ခဏ လှဲလိုက်မယ်။ ဆိုတော့ Position Change လေး မကြာခဏ လုပ်ပေးမယ်ဆိုရင်တော့ ခါးအရိုးပေါ်မှာ ဒဏ်ဖြစ်တာလေး လျော့သွားမယ်။ အဲဒါဆိုရင်တော့ ဆေးသောက်ရတာလည်း နည်းသွားလိမ့်မယ်။

မေး - ဟုတ်ကဲ့ပါဆရာကြီး။ နောက်ထပ် မေးခွန်းနှစ်ခုလောက်ကို ရွေးချယ်လိုက်ပါမယ်နော်။ Daw Thin Thin Htay ရဲ့ မေးခွန်းကို ကျွန်တော် ရွေးချယ်ပေးပါမယ်။ ဆရာကြီးရှင်တဲ့ ကျွန်မက အခု အသက် ၅၈ နှစ်ရှိပါပြီ။ သည်းခြေမှာ ကျောက်အမှုန့် ရှိပါတယ်။ တစ်နှစ်ရှိပါပြီ ဆီးသွားရင် အမြှုပ်လည်း နည်းနည်းဖြစ်တယ်။ ဆီးချိုစစ်ကြည့်ပါတယ် မရှိပါဘူး Fame က Cholecrush သည်းခြေကျောက်ပျော်ဆေး သောက်ပါတယ်ဆရာ။ နောက်ပြီး ခါးနာတာလဲ ရှိပါတယ်။ အသက် နှစ်ဆယ်နဲ့ သုံးဆယ်ကျော်တုန်းက ဒဏ်ဖြစ်ဘူးပါတယ။် လေကျင့်ခန်းလည်း လုပ်ပါတယ်တဲ့ အဲတော့ ဘာဆက်လုပ်ရမလဲ စားသင့်တဲ့ဆေးနဲ့ ရှောင်ရမယ့် အရာတွေရှိရင် ပြောပါတဲ့။ ကျော်မသွားပါနဲ့နော်တဲ့။

ဖြေ - သည်းခြေအမှုန်ရှိတာကတော့ ကျွန်တော်ကတော့ ဆီးကျောက်ဆရာဝန်ဆိုတော့ သည်းခြေအမှုန်ရှိတာနဲ့ Cholecrush ကို ဘာမှ သိပ်ပြီးတော့မှတ်ချက် မပေးတော့ပါဘူး။ အဆင်ပြေတာလေး ဆက်လုပ်ပါပေါ့နော်။ ခါးနာတာကတော့ အသက် နှစ်ဆယ်ကျော် သုံးဆယ်တုန်းကလည်း ဖြစ်ဖူးတယ်။ လေ့ကျင့်ခန်းလည်းလုပ်ပါတယ် ခါးနာတာကတော့ ခုနက ကျွန်တော်တို့ ပြောခဲ့တဲ့အတိုင်းပဲ   ကျောက်ကပ်ကြောင့် ဆီးလမ်းကြောင်းကြောင့် ဖြစ်နိုင်သလို အရိုးအကြောအဆစ်တွေကြောင့်လဲ ဖြစ်နိုင်တယ်ပေါ့။ ကြွက်သားတွေကြောင့်လဲ ဖြစ်နိုင်တယ်။ အဲလို ဖြစ်နိုင်တယ်ဆိုတော့ ဘယ်ဟာကြောင့် ဖြစ်တာလဲဆိုတာလေးကိုတော့ သက်ဆိုင်ရာ ဆရာဝန်ကြီးတွေနဲ့ နည်းနည်းလေး ရှင်းလင်းသွားအောင် အရင်လုပ်လိုက်ပါ။ လုပ်လိုက်ပြီးရင်း အရိုးအကြောကြောင့် ဖြစ်တယ်ဆိုရင်တော့ ကျွန်တော်တို့က ခါးနာပျောက်တဲ့ အကိုက်အခဲပျောက်ဆေးလေးတွေ သုံးပါ။ ဒါတောင်မှပဲ ကျွန်တော်တို့က အကိုက်အခဲပျောက်ဆေးကို အခုနောက်ပိုင်းမှာ နှစ်ရှည် အကြာကြီးသောက်တာကို နည်းနည်းလေး ကြောက်လာတယ်။ နှစ်ရှည် မသောက်စေချင်ပါဘူး။ နောက်ပြီးတော့ အများကြီးလည်း မသောက်စေချင်ဘူး။ အကြာကြီးလည်း မသောက်စေချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ တစ်က အကိုက်အခဲပျောက်ဆေး တော်တော်များများက အစာအိမ်ကို ထိခိုက်တယ်။ နှစ်က ကျောက်ကပ်ကိုလည်း ထိုခိုက်တယ်။ နှစ်ရှည် အကိုက်အခဲပျောက်ဆေး သောက်တဲ့အတွက်ကြောင့် ကျောက်ကပ် ပျက်ဆီးတာ။ အဲဒါတွေလည်း ရှိတဲ့အတွက်ကြောင့် ဆေးတွေကို အများကြီး မမှီခိုပါနဲ့။ သို့သော် သက်ဆိုင်တဲ့ဆရာဝန်က လိုလို့ပေးတယ်ဆိုရင်တော့ သောက်ပါ။ တစ်ခါတစ်လေကျတော့ အကိုက်အခဲပျောက်ဆေးသည် မြန်မာပြည်မှာ ကြိုက်သလိုဝယ်လို့ရတယ်။ လွယ်လွယ်ကူကူ ဝယ်လို့ရတယ်ဆိုတော့ လွယ်လွယ်ရတော့ လွယ်လွယ်သောက်ပြီးတော့ နှစ်ရှည်ကြာ ဖြစ်သွားလို့ရှိရင် ခုနက ကျွန်တော်တို့ပြောတဲ့ ပြဿနာလေးတွေ လာနိုင်တယ်။ အဲတော့ ကျွန်တော် ဒီမှာလည်း အကြံပေးချင်တာကတော့ ကျွန်တေ်ာ ဒီမှာ ဆေးကိုသောက်ဖို့ ညွှန်းတာထက်လေ အကြံညဏ်လေးတွေပဲ ကျွန်တော် ပေးချင်ပါတယ်။ ကျွန်တော်ပြောခဲ့သလို ဆေးတွေပေးတဲ့အတွက် ကောင်းသွားရင် ပြဿနာမရှိဘူး။ တကယ်လို့များ တစ်ခုခုဖြစ်ခဲ့ရင် ဒီဆရာပြောလိုက်တာပဲလေ သောက်လိုက်တာ ဒီလိုဖြစ်သွားတယ်ဆိုတာမျိုးလေးကိုလည်း လူနာဘက်ကိုလည်း မခံစားစေချင်ဘူး။ ကျွန်တော်တို့ကလည်း ကိုယ့်ကိုကိုယ် အပြစ်တစ်ခုလို့ မကောင်းတာဖြစ်ခဲ့ရင် ကိုယ်လည်း စိတ်မကောင်းဖြစ်ရမှာပေါ့။ ဒီတော့ ဆေးအပိုင်းနဲ့ ပတ်သက်ရင်တော့ သေချာ စစ်ဆေး လေ့လာပြီးမှပဲ ဆေးကို အကြံပေးချင်ပါတယ်။ အခုကတော့ နေဖို့ထိုင်ဖို့ပဲပေါ့နော်။ ခါးရဲ့ကြွက်သားတွေ သန်မာအောင် လေးကျင့်ခန်း လုပ်စေချင်တယ်။ မကြာခဏ လူနေတဲ့ထိုင်တဲ့ Position အနေအထားလေး ပြောင်းစေချင်တယ်။ နောက်တစ်ခုကတော့ ပက်လက်လှဲအိပ် ခါးအောက်မှာ အခုခံလေးတစ်ခုပေါ့ ခပ်ပါးပါးလေးခုပြီးတော့ ပက်လက်လှဲအိပ်တာသည် ခါးပေါ်မှာ ဒဏ်ဖြစ်တာလေးကို အသက်သာဆုံး ဖြစ်စေတယ်ပေါ့။ အဲဒီအကြံလေးပဲ ကျွန်တော် ပေးပါရစေပေါ့။

မေး - ဟုတ်ကဲ့။ မေးခွန်းတစ်ခုလောက် ကျန်ပါသေးတယ်။ ဒါကတော့ ကျွန်တော်တို့ မြန်မာတိုင်းရင်းသား တော်တော်များမျာ းစိတ်ဝင်စားမယ့် မေးခွန်းနဲ့ တူပါတယ်ခင်ဗျာ။ ဆိုတော့ U Khin Latt မေးထားတာပါခင်ဗျာ။ ဆီးကျောက်တည်တာ မြန်မာနည်းနဲ့ ကုလို့ရပါသလားတဲ့။ ဆိုတော့ တစ်ချို့ကလည်းပြောကြတယ် မြန်မာနည်းနဲ့ ဆီးကျောက်ကြွေတာတို့ ကြားဖူးတယ်။ ဆိုတော့ ဒါကို ဆရာကြီး ဘယ်လိုအကြံပေးလိုပါသလဲ။

ဖြေ - အဲဒါကတော့ ကျွန်တော် သူ့မေးခွန်းကိုတော့ တိုက်ရိုက်မဖြေတော့ဘူး။ ကျွန်တော်တို့ ဆီးကျောက်ကိုလည်း မြန်မာနည်းနဲ့ဆိုရင် ကျွန်တော်တို့ ဘယ်လိုခေါ်မလဲ ကျောက်ကျေဆေးတွေ ရှိတယ်။ အဲဒါနဲ့ပတ်သက်ပြီေးတာ့ ကျွန်တော် ၂၀၀၁-၂၀၀၂ မှာ ဆီးပညာရောဂါ ပါရဂူဘွဲ့အတွက်အကို စာတမ်းတစ်ခု တင်ရမယ်ဆိုတော့ ကျွန်တော် အဲဒါလေးကို လိုက်ပြီးတော့ စုံစမ်းတယ်။ စုံစမ်းတော့ အဲဒီအချိန်တုန်းက နိုင်ငံတော်အကြီးအကဲတွေက တိုင်းရင်းဆေးကို အရမ်း တင်နေတဲ့အချိန်ဆိုတော့ ကျွန်တော်တို့ စဉ်းစားတယ် အဲဒါဆိုရင်တော့ တိုင်းရင်းဆေးနဲ့ ပတ်သက်တဲ့ ဗဟုသုတလေး Paper လေးတစ်ခု လုပ်မယ်ပေါ့။ အဲ့တော့ မြန်မာဆေးနဲ့ ကျောက်ကပ်ရွက်တို့ ဘာတို့နဲ့ ကျောက်ကြေတဲ့ ဆေးပေါ့နော်။ ဒီကျောက်ကို ကုတဲ့ဟာလေးကို လုပ်မယ်ဆိုပြီးတော့ ကျွန်တော် တိုင်းရင်းဆေး သုတေသနကို သွားတယ်။ တိုင်းရင်းဆေး ဦးစီးဌာနကိုသွားတယ်။ ကျွန်တော်တို့ ဒါတွေဒါတွေ လုပ်ပါမယ်ဆိုတော့ တိုင်းရင်းဆေးက အဲဒီတုန်းက ဒုညွှန်ချုပ် ဆရာကြီးတစ်ယောက်ကလည်း ကူညီတယ်။ ကူညီပြီးတော့ ကျွန်တော်တို့ တိုင်းရင်းဆေး Library မှာရှိတဲ့ တိုင်းရင်းဆေးစာအုပ်တွေပေါ့နော် ဆီးကျောက်နဲ့ပတ်သက်တာတွေ အကုန်လုံး ကျွန်တော် ဖတ်တယ်။ ဖတ်ပြီးတော့ ဒီဟာတွေကို ဘယ်မှာ ဝယ်လို့ စုလို့ရမလဲပေါ့နော်။ ကျွန်တော်က ကိုယ်ပိုင်ဆေးပြား ထုတ်ပါတယ်။ အဲဒီအချိန်မှာပေါ့။ အဲ့တော့ အဲဒီဆရာကြီးကလည်း မုံရွာက တိုင်းရင်းဆေးတိုက်တစ်ခုကို ဆက်ပေးတယ်။ သူတို့က ဆေးပြားတွေ ရိုက်ပေးမယ်ပေါ့နော်။ ကျွန်တော်တို့ တော်တော်စီစဉ်လိုက်တယ်။ အဲဒါလုပ်ပြီးတော့ ကျွန်တော်တို့ တင်တာပေါ့နော်။ တင်တော့မယ် ဟိုကိုလည်း လှမ်းချိတ်ပြီးပြီ ဆေးပြားတွေ ရိုက်ထုတ်မယ်။ ဒီဆေးပြားနဲ့ ဒီဘက်ကဆေးနဲ့ နောက် ဘာမှအာနိသင်မရှိတဲ့ ဆေးနဲ့ နှိုင်းယှဉ်ကြမယ်ဆိုပြီးတော့ အဲဒီအချိန်မှာ ကျွန်တော်တို့က Article Board ဆိုတာရှိတယ်။  ဒီဟာသည် ကျင့်ဝတ်နဲ့ ညီမညီဆိုပြီေးတာ့ ကြည့်ုလိုက်တော့ အနောက်တိုင်းဆေးကျမ်းမှာ ကျွန်တော်တို့ အခုသုံးမယ် ဆေးတွေသည် ဘာမှ တိတိကျကျ ရှင်းပြထားတာ မရှိဘူး။ အဲဒါအပြင်ကို ဒီဆေးတစ်ပြားမှာ ဘယ်ဓာတ်က ဘယ်လောက်ပါတယ် ဘယ်ဓာတ်က ဘယ်လောက်ပါတယ်ဆိုတာ ကျွန်တော်တို့ ခိုင်ခိုင်မာမာ မပြနိုင်ဘူး။ ဆိုလိုတာက ဒီဆေးရဲ့အရွက်တွေ ထောင်းပြီးတော့ အကုန်လုံးကို ရောပြီးထောင်းလိုက်တယ် ပြီးရင် အပြားလုပ်တယ်။ ဆေးတစ်လုံးစီမှာ ဘယ်အရွက်ရဲ့ ဘယ်အသီးပင်က ဘယ်လောက်ပါဝင်သွားတယ်လို့ တိတိကျကျ ပြောနိုင်လားဆိုတော့ မပြောနိုင်ဘူး။ အဲဒီမှာ စပြီးတော့ Article နဲ့ ငြိပြီပေါ့။ အဲဒါအပြင်ကို ရှေ့က ဆရာကြီးတွေကလည်း ဆီး၊ကျောက်ကပ်နဲ့ ပတ်သက်တဲ့ ဆရာကြီးတွေ ဒီ Result ကို လုပ်ခဲ့တယ်။ ဒီအပေါ်မှာ တိတိကျကျ မှတ်ချက်တော့ ကျွန်တော် မပေးချင်ဘူး။ မပေးတတ်ဘူး။

မေး - ဟုတ်ကဲ့ပါဆရာကြီး။ ဆရာကြီးကို မေးခွန်းလေးတစ်ခု ထပ်ပြီးတော့ ဖြေပေးဖို့ အထူးမေတ္တာ ရပ်ခံချင်ပါတယ်။ KoKo Myo Zaw က သူ့ကလေးရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ မေးထားတာပါ။ ဆရာကြီးအနေနဲ့ ဖြေကြားပေးစေလိုပါတယ်။ ကျွန်တော်သားလေးက ၆ လပါတဲ့။ ကလေးရဲ့ ဘယ်ဖက် ပေါင်ထိပ်နဲ့ အမျိုးသားအင်္ဂါကြားနေရာလေးက ငိုယင် ဖောင်းဖောင်းလာတယ် တစ်ခါတစ်ခါ ဆီးမသွားခင် တအားငိုတယ် ဆီးက တော်တော်နဲ့ မထွက်ဘူး ထွက်ပြီးသွားလိုက်မှ အငိုတိတ်သွားတယ်။ ဆရာကြီးခင်ဗျာ ဘာလက္ခဏာ ရောဂါ ဖြစ်နိုင်ပါသလဲဆိုတာရယ် ဘယ်လို စစ်ဆေးပြီး ကုသမှု ခံရမလဲဆိုတာ လမ်းညွှန်ပေးပါခင်ဗျာတဲ့။

ဖြေ - ငိုရင် ဖောင်းဖောင်းတက်လာတယ်ဆိုတာကတော့ အူကျတာပေါ့။ ကလေးအငယ်တွေမှာလည်း အူကျတက်ပါတယ်။ အဲဒါတစ်ခုပေါ့နော်။ နောက်တစ်ခုကတော့ ဆီးမသွားခင် တအားငိုတယ်။ ဆီးသွားရင်လည်း တော်တော်နဲ့ မထွက်ဘူးဆိုတော့ ကျွန်တော်တို့က အဲဒါလေးက ဆီးအိမ်နဲ့ ပတ်သက်တဲ့ ရောဂါလေးတစ်ခုပေါ့။ တစ်ခါတစ်လေ ကလေးငယ်လေးတွေမှာလည်း ဆီးအိမ်ထဲမှာ ကျောက်ဖြစ်တတ်တယ်။ ဒါမှမဟုတ်ရင်လည်း တခြားပြဿနာလေးတွေပေါ့။ အဲဒါလေးတွေ တစ်ခုရှိတော့ ငိုရင် ဖောင်းဖောင်းလာတာက ရောဂါတစ်ခု။ ဒီဘက်က ဆီးမသွားခင် တအားငိုတယ် ဆီးထွက်သွားမှ အငိုတိတ်တာက ဆီးအိမ်ထဲက ပြဿနာတစ်ခု။ အဲလိုလေး နှစ်ခု ကျွန်တော် ခွဲပြ့ီးတော့ စဉ်းစားပါမယ်။ ဒါပေမယ့် တစ်ခုတစ်လေကျရင်လည်း ဆီးအိမ်ကနေ ဘေးကို အိတ်တစ်ခု ဖောင်းထွက်နေရင်လည်း ဒါပေမယ့် အဲဒီဟာက အပေါ်ထိကို ဒီလောက်ထွက်မလာနိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အတွင်းထဲမှာရှိတဲ့ ကြွက်သားက အထူကြီး။ ဆိုတော့ ဒီနှစ်ခုသည် သပ်သပ်ရောဂါလို့ပဲ ထင်တယ်။ အဲတော့ သက်ဆိုင်ရာ ကလေးအထူးကုဆရာဝန်နဲ့ အရင်ပြပေါ့။ အဲဒီမှာမှ လိုအပ်ရင်လည်း ကလေးအထူးကုဆရာဝန်ရော ဆီးကျောက်ကပ်ကုတဲ့ဆရာဝန်ရော တွဲပြီးတော့ ကြည့်လိုက်ရင်တော့အဆင်ပြေမယ်ထင်ပါတယ်။

မေး - ဟုတ်ကဲ့ခင်ဗျ။ ပရိသတ်များခင်ဗျာ ကျွန်တော်တို့ရဲ့ တိုက်ရိုက် မေးခွန်းတွေ ဖြေကြားမှုက ဒီနေရာမှာ အဆုံးသတ်မှာဖြစ်ပါတယ်ခင်ဗျာ။ ဆိုတော့ မေးခွန်းတွေကတော့အများကြီးပဲ တွေ့ရပါတယ်ခင်ဗျာ။ တချို့မေးခွန်းတွေကလည်း ဆင်တူလေးတွေ ဖြစ်တဲ့အတွက်ကြောင့်မို့ ပေါင်းပြီးတော့ မေးပေးတာလည်း ဖြစ်ပါတယ်ခင်ဗျာ။ ဆိုတော့ ဆရာကြီးကိုလည်း အထူး ကျေးဇူးတင်ပါတယ်လို့ ကျွန်တော်က မဇ္ဈိမ ကိုယ်စား ပြောချင်ပါတယ်ခင်ဗျာ။ ဆိုတော့ ကုသချင်းထက် ကာကွယ်ချင်းဟာ ပိုပြီးတော့ ထိရောက်တယ်လို့ လေ့လာ မှတ်သားဖူးတယ်ခင်ဗျ။ အဲတော့ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းနဲ့ ပတ်သက်ပြီးတော့ ရောဂါတွေမဖြစ်ခင် ကုသမှုတွေ မလုပ်ခင်မှာ ဘယ်လို ပြုမူနေထိုင်သင့်တယ်ဆိုတဲ့ ဆရာကြီးရဲ့ ပညာရပ်ဆိုင်ရာ အတွေ့အကြုံ ဗဟုသုတတွေအရ မိဘပြည်သူများကို နောက်ဆုံး အကြံပေးပေးပါခင်ဗျာ။

ဖြေ - မှန်ပါတယ်။ ဆီးနဲ့ပတ်သက်ရင်တော့ ရေက အဓိကပေါ့နော်။ ဒီလိုပဲ ကျွန်တော် စပြီးတော့ ပြောပါရစေ။ ဒါပေမယ့် ရေကလည်း လိုတာထက် ပိုသောက်ရင်လည်း မကောင်းဘူး။ ကျွန်တော်တို့က ရေကို တစ်နေ့ကို အနည်းဆုံး ဘယ်လောက်လောက် သောက်သင့်သလဲဆိုရင် ၂ လီတာပေါ့။ ဒါ သာမန် ကျန်းမာနေတဲ့လူသည် တစ်နေ့ကို အနည်းဆုံး ၂ လီတာ သောက်သင့်ပါတယ်။ ဆီးကိုလည်း အနည်းဆုံး ၁ လီတာအထက်မှာ တစ်နေ့ကို သွားဖို့ ထိန်းထားပေးနိုင်ရင် ဆီးအတွက် ကျောက်ကပ်အတွက်ကို ကောင်းမွန်တဲ့ အထောက်အပံ့လေးတစ်ခု ရပါမယ်။ နောက်တစ်ခုကတော့ အစားအသောက်တွေပေါ့။ ဘယ်အရာမဆို လွန်လွန်ကျွံကျွံ စားပြီဆိုရင်တော့ မကောင်းဘူး။ အဲတော့ အစားအသောက်လေးတွေရယ် နောက်တစ်ခုက တစ်ချို့ ဆေးလေးတွေပေါ့ တစ်ချို့ဆေးတွေမှာ ကျောက်ကပ်ကို ထိခိုက်စေတဲ့ ဆေးလေးတွေရှိတယ်။ နောက်တစ်ခုက တချို့ အစားအေသာက်တွေသည် ဆီးကျောက်တည်တာကို အားပေးတဲ့ အစားအသောက်တွေရှိတယ်။ ဒါလေးတွေကိုလည်း သတိနဲ့ထားပြီးတော့ ရှောင်သင့်တယ်ပေါ့။

မေး - ဟုတ်ကဲ့ခင်ဗျ။ ကျေးဇူးတင်ပါတယ်။

ဖြေ - ဟုတ်ကဲ့ပါ။ ကျွန်တော်ကလည်း မဇ္ဈိမ သတင်းဌာနကို ကျေးဇူးတင်ပါတယ်။

အပိုင်း(၁) အား ကြည့်ရန်-http://www.mizzimaburmese.com/article/32598

အပိုင်း(၂) အားကြည့်ရန်-http://www.mizzimaburmese.com/article/32661

အပိုင်း(၃)အားကြည့်ရန် - http://mizzimaburmese.com/article/32700

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly