ပထမဦးဆုံးအကြိမ်အဖြစ် ပရိသတ်များမဲပေးနိုင်မည့် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆု ဆန်ကာတင်စာရင်းထုတ်

ပထမဦးဆုံးအကြိမ်အဖြစ် ပရိသတ်များမဲပေးနိုင်မည့် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးဆု ဆန်ကာတင်စာရင်းထုတ်

 

အောက်တိုဘာ ၇၊ လန်ဒန်။           ။ ပထမဦးဆုံးအကြိအဖြစ် ပရိသတ်များပါ မဲပေးရွေးချယ်ခွင့်ရှိသည့် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမား ဆန်ကာတင် ခုနစ်ဦးစာရင်းကို ပရီးမီးယားလိဂ်က ထုတ်ပြန်လိုက်သည်။

စက်တင်ဘာလအတွက် ဆန်ကာတင်စာရင်းတွင် ဟာရီကိန်း၊ အဂူရိုနှင့် ဒီဘရိုင်းတို့က ထိပ်ဆုံးမှဦးဆောင်နေကြသည်။ ဆန်ကာတင်စာရင်းတွင် ယင်းကစားသမားသုံးဦးနှင့်အတူ ချယ်လ်ဆီးမှ မိုရာတာ၊ နယူးကာဆယ်အသင်းခေါင်းဆောင် လက်ဆယ်လက်စ်၊ မန်ယူတိုက်စစ်မှူးလူကာကူ၊ ဘရိုက်တန်မှ ပက်စ်ကယ် ဂရော့စ်တို့ပါဝင်နေသည်။

စက်တင်ဘာလအတွင်း ရှုံးပွဲမရှိသေးသည့် စပါးအသင်းအတွက် အင်္ဂလန်တိုက်စစ်မှူးကိန်းက ခြောက်ဂိုးသွင်းယူထားရာ ယင်းလ အတွင်း အခြားတိုက်စစ်မှူးများထက်ပိုများသည့် ဂိုးအရေအတွက်ဖြစ်သည်။

စက်တင်ဘာလအတွင်းကစားခဲ့သည့်ပွဲများတွင် အမှတ်ပြည့်ရထားသည့် မန်စီးတီးအသင်းအတွက် တိုက်စစ်မှူးအဂူရိုမှာ မရှိမဖြစ် ကစားသမားဖြစ်သည်။ ချယ်လ်ဆီးနှင့်ပွဲကိုလွဲခဲ့သော်လည်း အာဂျင်တီးနားတိုက်စစ်မှူးသည် ကျန်သုံးပွဲတွင် ငါးဂိုးသွင်းပြီး သုံးဂိုးဖန်တီးကာ ခြေစွမ်းပြခဲ့သည်။

ချယ်လ်ဆီးဘက်သို့အနိုင်ဂိုးသွင်းခဲ့သည့် မန်စီးတီးအသင်းဖော်ဒီဘရိုင်းသည်လည်း ဂိုးဖန်တီးမှုသုံးကြိမ်ပြုလုပ်ထားသည်။

သုံးဂိုးစီသွင်းထားသည့် လူကာကူနှင့် မိုရာတာတို့အနက် မိုရာတာသည် ရီးယဲလ်မက်ဒရစ်မှ အင်္ဂလန်သို့ရောက်လာပြီးနောက် ပျမ်းမျှပွဲကစားချိန် ၇၆ မိနစ်တိုင်းဂိုးသွင်းသည့် မှတ်တမ်းကိုရရှိထားသည်။

နှစ်ဂိုးသာပေးထားရသည့်နယူးကာဆယ်အသင်းအတွက် လက်ဆယ်လက်စ်က အနိုင်ဂိုးနှစ်ဂိုးသွင်းပေးထားပြီး ခံစစ်ကိုလည်း အကောင်းဆုံး ကစားပေးထားသည်။

ဘရိုက်တန်မှ ကစားကွက်ဖော်ဆောင်သူ ဂျာမန်ကစားသမား ဂရော့စ်မှာ အသင်းရရှိထားသည့် လေးဂိုးစလုံးတွင်ပါဝင်ပတ်သက် နေပြီး နှစ်ဂိုးသွင်းကာ နှစ်ဂိုးဖန်တီးထားသည်။

ပရိသတ်များမှာ ပရီးမီးယားလိဂ်တရားဝင်ဝက်ဘ်ဆိုက် www.premierleague.com သို့ဝင်ရောက်ကာ ဗြိတိန်စံတော်ချိန် အောက်တိုဘာ ၉၊ တနင်္လာ ည ၁၁း၅၉ မိနစ်အချိန်ထိ ဝင်ရောက်မဲပေးရွေးချယ်နိုင်မည်ဖြစ်သည်။

Ref; Mirror

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly