ရေဘေးသင့်ဒေသများတွင် မြေမြုပ်မိုင်းနှင့် ပေါက်ကွဲစေသောပစ္စည်းများ အန္တရာယ်ရှိဟု ယူနီဆက်အသိပေး

ရေဘေးသင့်ဒေသများတွင် မြေမြုပ်မိုင်းနှင့် ပေါက်ကွဲစေသောပစ္စည်းများ အန္တရာယ်ရှိဟု ယူနီဆက်အသိပေး
ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့ရှိ ရေဘေးသင့်ကျေးရွာ တစ်ခုကို တွေ့ရစဉ် ၊ ဓါတ်ပုံ - ဟောင်ဆာ (ရာမည)

ဇူလိုင်လကုန်နှင့် သြဂုတ် ပထမအပတ်မှစ၍ ယနေ့တိုင် ဖြစ်ပေါ်လျက်ရှိသည် ရေဘေးဒဏ် ကို ခံစားရသည့် ဒေသများတွင် မြေမြုပ်မိုင်းနှင့် ပေါက်ကွဲစေတက်သော ပစ္စည်းများ အန္တရာယ်ရှိနေဆဲဟု ယူနီဆက် မြန်မာက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် အသိပေးထားသည်။

ရေကြီးခြင်းကြောင့် မြေမြုပ်မိုင်းနှင့် ပေါက်ကွဲနိုင်သည့် ပစ္စည်းများသည်မူလနေရာမှ ရွှေ့လျားသွားပြီး ရေမြုပ်ပြီးသည့်တိုင် ပေါက်ကွဲမှုများ ဆက်လက်ဖြစ်ပေါ်နိုင်သဖြင့် ရေဘေးသင့်ဒေသများတွင် ဆက်လက်အန္တရာယ်ရှိနေသည်ဟု ထုတ်ပြန်သည်။

လက်ရှိ ရေကြီးနစ်မြှပ်မှု ခံစားနေရသည့် ဧရာဝတီတိုင်းအတွင်း ပေါက်ကွဲစေတက်သော ပစ္စည်းများ တွေ့ရှိပြီး ယင်းကြောင့် ထိခိုက်မှုများဟူ၍မရှိသေးကြောင်း တိုင်းအစိုးရအတွင်းရေးမှုး ဦးအေးကျော်က မဇစ္ဈိမပြောသည်။

၎င်းက  "အဲဒီသတင်းကို အဆင့်ဆင့်ကိုပို့ထားတယ်။ သတင်းစာတွေကလည်း အသိပေးထားတယ်။ ကျွန်တော် တို့တိုင်းက အပေါ်ကရေတွေပြန်ကျလို့ ဧရာဝတီမြစ်ရေကြီးတယ်။ ပါလာတယ်ဆိုရင်လည်း မြစ်ထဲမှာပဲရှိမယ် အဲဒီကိုလည်း ဘယ်သူမှမသွားလို့ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်" ဟု  ဆိုသည်။

ယင်းကဲ့သို့ ပေါက်ကွဲစေနိုင်သည့်ပစ္စည်း၊ မြေမြုပ်မိုင်းများကို တွေ့ရှိပါက ထိတွေ့ကိုင်တွယ်ခြင်းမပြုပဲ၊ အစိုးရ၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ ချက်ချင်းအကြောင်းကြားကြရန်လည်း တိုက်တွန်းထား သည်။

၎င်းအကြောင်းအရာများကိုလည်း ရေဘေးသင့်ပြည်သူများထံသို့ အားလုံးက သတင်းအချက်အလက် ရရှိစေရေး ဆောင်ရွက်ပေးရန်လည်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။

ကမ္ဘာပေါ်တွင် မြေမြုပ်မိုင်းကို အများဆုံးအသုံးပြုသည့် ထိပ်ဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံက ပါဝင်နေသေးသည်။

မိုးသည်းထန်စွာရွာသွန်းမှု၊ မြေပြိုမှုများကြောင့် မြန်မာနိုင်ငံအနံှ့အပြားမှ နိုင်ငံသား  တစ်သန်းကျော်ထိ သဘာဝဘေး သင့်သူများအဖြစ်သတ်မှတ်ထားပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ပြည်သူများအချင်းချင်းနှင့် အရပ်ဖက်အဖွဲ့အစည်းများကလည်း ဆောင်ရွက်ပေးနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly