ဝိုင်သောက်ခြင်း နဲ့ အားကစားလုပ်ခြင်း

ဝိုင်သောက်ခြင်း နဲ့ အားကစားလုပ်ခြင်း

 

ရေးသားသူ Dr. Thiha Phyo Myint
 ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

ဝိုင်ကို နေ့စဉ် သောက်ပေးခြင်း သို့မဟုတ် ပုံမှန်သောက်ပေးခြင်းဟာ အားကစားလေ့ကျင့်ခန်းလုပ်သလိုပဲ အကျိုးရှိထိရောက်တယ်ဆိုတဲ့ အယူအဆတွေဟာ အခုနောက်ပိုင်းမှာ ပိုပိုများလာပါတယ်။ဒါဟာမှန်ပါသလား။ဒီကိစ္စနဲ့ပတ်သက်ပြီး အခုဆောင်းပါးမှာ ဆွေးနွေးပေးထားပါတယ်။

“ဥရောပတိုက်ဆိုင်ရာ နှလုံးကျန်းမာ အဖွဲ့”ကြီးက သုတေသနပညာရှင်တွေဟာ တပတ်ကို အနည်းဆုံးငါးရက်လောက် အရက်အတန်အသင့် သောက်ဖြစ်သူတွေကို လေ့လာမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဒီ့နောက်သူတို့ကို အရက်လည်းသောက်လေ့ကျင့်ခန်းလည်း လုပ်သူတွေ နဲ့ အရက်ပဲသောက်ပြီး လေ့ကျင့်ခန်းမလုပ်သူတွေ ဆိုပြီး နှစ်အုပ်စုခွဲလိုက်ပါတယ်။လေ့လာမှုတွေ ပြုလုပ်တဲ့အခါ အရက်ပဲသောက်ပြီး အားကစားမလုပ်သူတွေရဲ့ သွေးတွင်းဂလူးကို့စ်ပမာဏ၊ အဆီဓာတ်ပမာဏ၊ ကိုလက်စထရော ပမာဏ ဒါမှမဟုတ် C-reactive protein လို့ခေါ်ပြီး တစ်ရှူးထိခိုက် ရောင်ရမ်းမှုတွေကို ပြသပေးနိုင်တဲ့ ပရိုတင်းတမျိုးရဲ့ ပမာဏ စတာတွေအပေါ် အရက်က ဘယ်လိုမှ ထူးခြားကောင်းမွန်တဲ့ အာနိသင်သက်ရောက်မှုတွေကို မပြသတာကို တွေ့ရှိရပါတယ်။

ဒါပေမယ့် အရက်လည်းသောက်၊လေ့ကျင့်ခန်းလည်း လုပ်သူတွေမှာတော့ (တပတ်နှစ်ခါလောက် လေ့ကျင့်ခန်းလုပ်ရင်ကို ရပါပြီ) ဝိုင်ဟာ သွေးတွင်းကိုလက်စထရောပမာဏအပေါ် သိသာစွာ အာနိသင်သက်ရောက်မှုရှိတာကို တွေ့ရှိခဲ့ရပါတယ်။

ဒါကြောင့် ဝိုင်သောက်ခြင်းနဲ့ အားကစားလေ့ကျင့်ခန်းလုပ်ခြင်းတို့ကို ပူးပေါင်းလိုက်မယ်ဆိုရင် ကျန်းမာရေးအတွက် အမှန်တကယ် အကျိုးရှိတဲ့အပြင် နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေကိုလည်း ကာကွယ်ပေးတယ်လို့ သုတေသီတွေက ကောက်ချက်ချခဲ့ကြပါတယ်။

ဝိုင်သောက်ခြင်းဟာ Endorphins ဓာတ်တွေကို ထွက်ရှိစေတယ်။

သင့်အနေနဲ့ အားကစားလေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ပြီးတဲ့အခါ ဘီယာလေးတခွက် ဒါမှမဟုတ် ဝိုင်လေးတခွက်လောက် သောက်ပစ်လိုက်ချင်လိုက်တာလို့ အာသီသပြင်းပြင်းထန်ထန် ဖြစ်ဖူးပါသလား။

အားကစားလုပ်အပြီးမှာ ဘီယာ ဒါမှမဟုတ် ဝိုင်သောက်တဲ့အခါ ကျွန်တော်တို့ရဲ့ ဦးနှောက်ကနေ Endorphins လို့ခေါ်တဲ့ ဓာတ်တမျိုးကို ထွက်လာစေပြီး အဆိုပါ Endorphins ဟာ စိတ်ခံစားမှုကို ကောင်းစေတဲ့အပြင် သဘာဝအကိုက်အခဲပျောက်ဆေးတမျိုးလည်း ဖြစ်ပါတယ်။

ဘီယာ၊ဝိုင် စတာတွေကို အားကစားလုပ်တဲ့အတွက် ဆုချတာလို့ ဦးနှောက်က ယူဆတဲ့အတွက် Endorphins တွေ ထွက်လာစေတာ ဖြစ်ပါတယ်။

တနည်းပြောရရင် နောက်တရက်ကျရင်လည်း gym ဆော့ပြီးရင် ဘီယာဒါမှမဟုတ် ဝိုင်သောက်ခွင့်ရမယ်လို့ မသိစိတ်ထဲမှာ ရှိနေစေတဲ့အတွက် gym သွားဖို့ တွန်းအားဖြစ်စေပါတယ်။

ဝိုင်က အဆီတွေကို လောင်ကျွမ်းပစ်နိုင်တဲ့အတွက် သင့်ကို ကျစ်လျစ်သွယ်လျစေတယ်။

Nebraska တက္ကသိုလ် နဲ့ Florida တက္ကသိုလ်က သုတေသန ပညာရှင်တွေရဲ့ အလိုအရ စပျစ်သီးမှာ ပါဝင်တဲ့ ellargic acid ဟာ အဆီဆဲလ်တွေရဲ့ ကြီးထွားမှုနဲ့ အသစ်ဖြစ်ပွါးမှုကို နှေးကွေးစေပါတယ်။

ဒါ့အပြင် အသည်းဆဲလ်တွေမှာရှိတဲ့ fatty acids တွေကို ချေဖျက်နိုင်စွမ်းကိုလည်း မြင့်မားစေပါတယ်။ဒါပေမယ့် စပျစ်ဝိုင်တမျိုးတည်း သောက်ရုံနဲ့တော့ ထူးထူးခြားခြား ကောင်းကျိုးရမှာ မဟုတ်ပါဘူး။

ellargic acid ဟာ အဆီဆဲလ်တွေရဲ့ ကြီးထွားမှုကို နှေးစေတယ်ဆိုပေမယ့် အဆီတွေကို မလောင်ကျွမ်းပစ်နိုင်တဲ့အတွက် ဖြစ်ပါတယ်။ဒါကြောင့် သင့်အနေနဲ့ အကောင်းဆုံးသော အကျိုးသက်ရောက်မှုကို ရရှိချင်တယ်ဆိုရင် ဝိုင်သောက်ရုံသာမက အားကစားလေ့ကျင့်ခန်းတွေလည်း လုပ်ဖို့ လိုအပ်ပါလိမ့်မယ်။

အားကစားလုပ်ခြင်းဟာ အဆီပိုတွေကို ဖယ်ရှားပေးမှာ ဖြစ်ပြီး ဝိုင်အတန်အသင့်သောက်ခြင်းက ဒါကို အားပေးကူညီပါလိမ့်မယ်။ဒါကြောင့် ဒီနှစ်တော့ဖြင့် ဝိုင်မသောက်တော့ဖူး၊ဖြတ်တော့မယ်လို့ မစဉ်းစားလိုက်ပါနဲ့။

ဝိုင်နဲ့ အားကစားကို အချိုးမျှမျှပေါင်းစပ်ခြင်းဟာ သင့်ကျန်းမာရေးကို အထောက်အကူပြုတဲ့အပြင် ဆွဲဆောင်မှုလည်း ပိုရှိစေပါတယ်။

အားကစားလုပ်ခြင်းနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ဝိုင်ဟာ သင့်ကျန်းမာရေးကို အထောက်အကူပြုနိုင်တဲ့အပြင် အချို့သော ရောဂါတွေ ဖြစ်ပွါးမှုကနေလည်း ကာကွယ်ပေးပါတယ်။

ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုတာ သိထားဖို့တော့ လိုပါလိမ့်မယ်။ဝိုင်တွေကို အလွန်အကျွံသောက်ရင်တော့ ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ဖြစ်စေပါလိမ့်မယ်။

ဒါကြောင့် သင့်တင့်မျှတတဲ့ ပမာဏကို ပုံမှန်သောက်သုံးနိုင်သလို သင့်ဆရာဝန် အကြံပြုတဲ့အတိုင်းလည်း သောက်နိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly