ဒေါ်အောင်ဆန်းစုကြည် ဘရူနိုင်းနိုင်ငံသို့ရောက်ရှိလာ

ဒေါ်အောင်ဆန်းစုကြည် ဘရူနိုင်းနိုင်ငံသို့ရောက်ရှိလာ
ဓာတ်ပုံ- နိုင်ငံခြားရေးဝန်ကြီးဌာန

 

ရန်ကုန် ၊ အောက်တိုဘာ ၆ ။            ။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဘရူနိုင်း နိုင်ငံသို့  ဒေသစံတော်ချိန် ၁၃ နာရီ ၁၅ မိနစ်တွင် ရောက်ရှိခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

ဒေါ်အောင်ဆန်းစုကြည်အား ဘရူနိုင်းဒါရုဆလမ်နိုင်ငံ၏ ဘုရင်မင်းမြတ် ဆူလ်တန် ဟာဂျီ ဟာဆာနယ်လ် ဘိုကီးယားမူအစ်ဇာဒင် ဝါဒူလာက ဘရူနိုင်းဘုရင်၏ နန်းမွေဆက်ခံသည့် နှစ်(၅၀)ပြည့် ရွှေရတုအထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား ဘရူနိုင်းနိုင်ငံ၏ ရှေ့နေချုပ် ၊ ကာကွယ်ရေးဦးစီးချုပ်နှင့် တော်ဝင်ဘရူနိုင်း ရဲတပ်ဖွဲ့ အကြီးအကဲတို့အပြင် ဘရူနိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးချိုထွန်းအောင်နှင့် သံရုံးဝန်ထမ်း မိသားစုများက ကြိုဆိုခဲ့ကြသည်။

ယခုခရီးစဉ်သည် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ARSA အကြမ်ဖက်အဖွဲ့များ ဝင်ရောက်တိုက်ခိုက်ပြီး ပဋိပက္ခများ ဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ပထမဆုံးနိုင်ငံခြားခရီးစဉ်လည်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ပြုလုပ်ခဲ့သည့်ကုလသမဂ္ဂအထွေထွေညီလာခံကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နိုင်ခဲ့ခြင်း မရှိပေ။

NLD အစိုးရတက်လာပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ပခရီးစဉ်အဖြစ် လာအိုနိုင်ငံနှင့် တရုတ်နိုင်ငံသို့ ပထမဆုံးသွားရောက်ခဲ့ပြီး ယခုနှစ် ဧပြီလကုန်ပိုင်းကလည်း ဥရောပနိုင်ငံများဖြစ်သည့် အီတလီ၊ ပြင်သစ်၊ အင်္ဂလန်နှင့် ဘယ်လ်ဂျီယံနိုင်ငံများသို့ သွားရောက်ခဲ့သေးသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly