မိုးသည်းရေကြီးရေလျှံကြောင့် သေဆုံးသူ ၁၀၇ ဦး၊ ဘေးသင့်သူ ၁ ဒဿမ ၅ သန်း

မိုးသည်းရေကြီးရေလျှံကြောင့် သေဆုံးသူ ၁၀၇ ဦး၊ ဘေးသင့်သူ ၁ ဒဿမ ၅ သန်း

သြဂုတ် ၁၅ ။        ။ ဇွန် ၊ ဇူလိုင်နှင့် သြဂုတ်လအတွင်း မိုးသည်းထန် ပြီးရေကြီးရေလျှံ ၊မြေပြိုမှုများကြောင့် ဘေးသင့်သူ စုစုပေါင်း ၁ ဒဿမ ၅ သန်းခန့်ရှိသွားပြီဟု အစိုးရက ထုတ်ပြန်သည်။

ဇွန်လထဲက မိုးကြီးနေခြင်းဖြစ်ပြီး သြဂုတ် ၁၄ ရက်နေ့အထိ သေဆုံးသူ စုစုပေါင်း ၁၀၆ ဦးရှိသည်ဟုလည်းဆိုသည်။ သို့သော် မိုးကုတ်မြို့တွင် သြဂုတ် ၁၅ ရက်နေ့က မိုးထပ်သည်း ၍မြေပြိုရာမှ အိမ်တစ်လုံးပါသွားပြီး လူတစ်ဦး သေဆုံးသဖြင့် ၁၀၇ ဦးဖြစ်သွားသည်။

ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းတစ်ချို့၌ နေသူများသည် ၎င်းတို့၏ မူလနေရာများတွင် ရေကျဆင်းနေပြီဖြစ်သဖြင့် ပြန်သွားသူများလည်း ရှိနေသည်။

ဧရာဝတီတိုင်းအတွင်းမှ မြို့နယ် ၁၇ ခုတွင်မူ ရေမကျသေးပဲဖြစ်နေပြီး တိုင်းအဆင့်အစိုးရတာဝန်ရှိသူအပြောအရ ဧရာဝတီတိုင်း၌ လူပေါင်း ၄၅၀,၀၀၀ ကျော် ရေဘေးသင့်နေသည်ဟုလည်း သတင်းများ ကဖော်ပြကြသည်။

ဇွန်၊ ဇူလိုင်နှင့် သြဂုတ်အတွင်း မျောပါပျက်စီးသည့် အိမ်ထောင်စုပေါင်း ၁၅,၂၉၈ ရှိပြီး ပြောင်းရွှေ့နေထိုင်ရသူ ၃ သိန်း ၂ သောင်းကျော်ရှိသည်ဟု အစိုးရက ထုတ်ပြန်သည်။

အစိုးရသတင်းအရ ဆန်ရိက္ခာအတွက် ဇွန်၊ ဇူလိုင်နှင့် သြဂုတ်အတွက် ထောက်ပံ့ငွေ ကျပ် ၉၃၇,၆၈၇,၅၀ ကုန်ကျပြီးဖြစ်ပြီး သေဆုံးသူ ၁၆၀ အတွက် ကျပ် ၉၀,၀၀၀,၀၀ ထောက်ပံ့ထားသည်။ အရေးပေါ် အစားအစာ၊ အိမ်ဆောက်ပစ္စည်း၊ ကယ်ဆယ်ရေးပစ္စည်းများအတွက် အပါအဝင်ဆိုလျင် စုစုပေါင်း ထောက်ပံ့ငွေ ၅၇၄၁,၃၃၄,၀၈ ကျပ် ရှိသည်ဟုဆိုသည်။

သို့သော် ချင်းပြည်နယ် မင်းတပ်-မတူပီမြို့ကားလမ်းလည်း မြေပြိုမှုများရှိသဖြင့် မတူပီမြို့မှ ဒုက္ခသည်များထံ စားနပ်ရိက္ခာ ပို့ဆောင်ရန် ခက်ခဲနေသည်ဟုလည်း သိရသည်။

အမျိုးသားသဘာဝဘေးစီမံကော်မတီ၏ သြဂုတ် ၁၃ အထိ ကိန်းဂဏန်းများအရ ရိက္ခာအထောက်အပံ့ကို လူပေါင်း လေးသိန်းသုံးသောင်းငါးထောင်ထံရောက်ရှိခဲ့ပြီး အိမ်ထောင်စုပေါင်းနှစ်သိန်းကိုးသောင်း ခုနှစ်ထောင်ပြောင်းရွှေ့ ရသည်ဟု OCHA ရုံးက ဖော်ပြထားသည်။ ဘေးသင့်သူ ၁ ဒဿမ ၃ သန်းရှိသည်ဟုဆိုသည်။

မူလနေရာများတွင် ရေကျဆင်းနေပြီဖြစ်သဖြင့် ဘေးလွတ်ရာ ကယ်ဆယ်ရေးစခန်းတချို့မှ ပြန်သွားသူများလည်း ရှိနေသဖြင့် ကိန်းဂဏန်းများမှာ မတည်ငြိမ်ပဲဖြစ်နေသည်။ သွားရေးလာရေးနှင့် ဖုံးဆက်သွယ်ရေး အခက်အခဲများကြောင့် အချက်အလက်အတိအကျရရှိနိုင်ရန် မလွယ်ကူကြောင်း ပြောဆိုမှုများလည်းရှိသည်။

OCHA ရုံး၏ ထုတ်ပြန်ချက်အရ စာသင်ကျောင်း ၁,၆၀၀ ပြန်ဖွင့်နိုင်ပြီဖြစ်သော်လည်း ၂၅၀၀ ခန့်ပိတ်ထားရသေးသည်ဟု သိရသည်။ ပညာရေးဝန်ကြီးဌာနနှင့် ပညာရေးဆောင်ရွက်နေသည့် အဖွဲ့အစည်း များပူးပေါင်း၍ စာအုပ်နှင့် စာရေးကိရိယာ များ ဖြန့်ပေးမည်။

အမေရိကန်၊ ဂျပန်၊ ဒိန်းမတ်၊ အီတလီ၊ ချက်ရီပတ်ပလစ်၊ ကနေဒါ၊ သြစထြေးလျ၊ ဥရောပကော်မရှင်၊ ဂျာမနီ၊ ဗြိတိန်၊ တရုတ် နိုင်ငံအစိုးရများနှင့် ပြည်တွင်းပြည်ပ အန်ဂျီအိုများ၊ လခြမ်းနီကြက်ခြေနီ အဖွဲ့၊ မြန်မာကြက်ခြေနီ၊ မြန်မာ့တပ်မတော် စသည်တို့ကလည်း ငွေအား လူအားဖြင့် ကူညီဆောင်ရွက်နေကြသည်။

ဘေးသင့်သူများထဲတွင် အသက် ၅ နှစ်အောက် ကလေးငယ် ၁၀၀,၀၀၀ ကျော်နှင့် ကိုယ်ဝန်ဆောင်မိခင် ၄၂,၀၀၀ ဦး ပါဝင်ကြောင်း OCHA ရုံးက ထုတ်ပြန်သည်။

ဧရာဝတီ၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းတိုင်းနှင့် ချင်း၊ ကချင်၊ ရခိုင်ပြည်နယ်တို့တွင် ဒေသခံများ၊ အန်ဂျီအိုများ၊ အာဏာပိုင်များ ထံမှ ရရှိသည့်အချက်အလက်များပေါ်အခြေခံ၍ အရေးပေါ်ကာလ ဦးစားပေး လိုအပ်ချက်များကို OCHA ရုံးက ကောက်ယူ ထားသည်ဟု သိရသည်။

ချင်း၊ ရခိုင်၊ စစ်ကိုင်း၊ ပဲခူးနှင့် ဧရာဝတီတိုင်းတို့တွင် သောက်သုံးရေအခက်အခဲ၊ ရိက္ခာမလုံလောက်မှုတို့လည်း ကြုံတွေ့နေရသည်။ ထို့ပြင် မိုးသည်းရေလျှံသဖြင့် ၎င်းတို့၏ အိုးအိမ်ပစ္စည်းများပျက်စီး ဆုံးရှုံးခြင်း၊ ပညာရေး တစ်ပိုင်းတစ်စ ဖြစ်သွားခြင်းတို့ကြောင့် ကလေးငယ်အများစုသည် စိတ်ပိုင်းဆိုင်ရာ အားပေးနှစ်သိမ့်မှုများလည်း လိုအပ်နေသည်။

ရေလျှံရေမြုပ်သွားသည့် ဒေသများမှ ဘေးသင့်ပြည်သူအားလုံးမှာ ပြောင်းရွှေ့နေထိုင်ခြင်းနှင့် သောက်ရေသန့် ရရှိရေးအပါအဝင် ဝမ်းလျှောရောဂါ၊ ငှက်ဖျား၊ သွေးလွန်တုတ်ကွေး၊ မြွေအန္တရာယ်၊ အရေပြား ယားနာ စသည့် နောက်ဆက်တွဲ ပြဿနာများဆိုင်ရာ သတင်းအချက်အလက် ရရှိရန် လိုအပ်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly