ရွှေတိဂုံဘုရားအနီး၌ စျေးရောင်းသူတစ်ဦးကို သင်္ဃန်းဝတ်ဘုန်းကြီးနှစ်ဦးက မောင်းထုတ်မှု ဖြစ်ပွားခဲ့

ရွှေတိဂုံဘုရားအနီး၌ စျေးရောင်းသူတစ်ဦးကို သင်္ဃန်းဝတ်ဘုန်းကြီးနှစ်ဦးက မောင်းထုတ်မှု ဖြစ်ပွားခဲ့
ဓာတ်ပုံ-ဖေ့ဘွတ်တွင် ပျံ့နှံ့နေသောပုံ 

 

ရန်ကုန် ၊ အောက်တိုဘာ ၆ ။                  ။ ရွှေတိဂုံဘုရားအနီး၌ ငုံးဥပြုတ်ရောင်းချနေသူတစ်ဦးအား ယမန်နေ့အောက်တိုဘာ ၅ ရက်နေ့၌ လူနှစ်ဦးနှင့် သင်္ဃန်းဝတ်ဘုန်းကြီး နှစ်ဦးက ရောင်းချခြင်း မပြုရန် လာရောက်ခြိမ်းခြောက်မှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါမောင်းထုတ်ခံရသူသည် နိုင်ငံသားမှတ်ပုံတင်ကတ်ရှိသူဖြစ်ပြီး ဘုရားအနီး၌ အစ္စလာမ်ဘာသာဝင်များ ဈေးရောင်းချခြင်းမပြုရန် တားမြစ်ကာ မောင်းထုတ်ခံခဲ့ရခြင်းလည်း ဖြစ်သည်။

"ကာယကံရှင်ကို အစ်ကိုတို့သွားတွေ့တယ်။ ဦးအောင်သန်း နိုင်ငံသားကတ်လည်း ရှိတယ်။ မနေ့က ရွှေတိဂုံဘုရားမှာ ငုံးဥပြုတ်ရောင်းရင်းနဲ့ မောင်းထုတ်ခံရတယ်။ ဘုန်းကြီးနှစ်ပါးနဲ့ လူနှစ်ယောက်က မောင်းထုတ်တာ၊ မသွားရင် ရဲနဲ့ဖမ်းခိုင်းမယ်ဆိုပြီး ခြိမ်းခြောက်တယ်" ဟု အဓမ္မဝါဒီ ဆန့်ကျင်ရေးကော်မတီမှ ကိုမြတ်ကျော်က မဇ္ဈိမသို့ ပြောသည်။

အဆိုပါ အဓမ္မဝါဒီ ဆန့်ကျင်ရေးကော်မတီသည် ဘုရားမှ မောင်းထုတ်ခံရသည့် ဦးအောင်သန်းဆိုသူအား ယနေ့ အောက်တိုဘာလ ၆ ရက်၊  နံနက်တွင် သွားရောက်တွေ့ဆုံပြီး ဖြစ်စဉ်ကို မေးမြန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖြစ်ပျက်ခဲ့သည့် အခြေအနေများကို ကာယကံရှင် ဆန္ဒအရ အမှုဖွင့် တိုင်ကြားသွားမည် မဟုတ်သော်လည်း ဗဟန်းရဲစခန်းသို့ သွားရောက်ပြီး ပြောဆိုခဲ့ကြောင်း ရဲစခန်းမှ အဆိုပါဖြစ်ပျက်သွားသည်ကို မသိရှိသော်လည်း အခြေအနေများကို စိစစ်ပြီး အထက်အဆင့်ဆင့်သို့ တင်ပြသွားမည်ဟု ပြောဆိုခဲ့ကြောင်း ကိုမြတ်ကျော်က ပြောသည်။

သင်္ဃန်းဝတ်များက ရွှေတိဂုံဘုရားအနီးတွင် ဗုဒ္ဓဘာသာဝင်မဟုတ်သူများအား ဈေးရောင်းချနေခြင်းများကို မကြာခဏဆိုသလို မောင်းထုတ်ခြင်း၊  လူစုလူဝေးဖြင့် နှင်ထုတ်ခြင်းများ ပြုလုပ်လေ့ရှိနေပြီး သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းများမှ အရေးယူဆောင်ရွက်ခြင်းများ မရှိသေးပေ။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly