အတွင်းခံဘောင်းဘီနဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အချက်တွေ

အတွင်းခံဘောင်းဘီနဲ့ ပတ်သက်ပြီး သင်မသိသေးတဲ့ အချက်တွေ

ရေးသားသူ Dr. Thiha Phyo Myint 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

အတွင်းခံအကြောင်းက လူတွေအဆွေးနွေးကြဆုံး ခေါင်းစဉ်တွေထဲက တခုပါ။ ကျန်းမာရေး၊ တကိုယ်ရည်သန့်ရှင်းရေးနဲ့ ပတ်သက်ပြီး အတွင်းခံအကြောင်း သိသင့်တဲ့ အခြေခံ အချက်လေးတွေ ရှိပါတယ်။ အောက်မှာ ဖော်ပြမယ့် အချက်တွေကတော့ သင့်ကို အံ့အားသင့်ကောင်း သင့်သွားစေမယ့် အတွင်းခံ အကြောင်းသိကောင်းစရာ အချက် ခုနှစ်ချက်ပဲ ဖြစ်ပါတယ်။

•ချွတ်မလား ဝတ်မလား။
ဒါဟာ အရေးပါတဲ့ ကိစ္စမဟုတ်သလို သင့်တကိုယ်ရည် ဆုံးဖြတ်ရမယ့် ကိစ္စလည်းဖြစ်ပါတယ်။ဒါပေမယ့် သင့်အနေနဲ့ အတွင်းခံဝတ်သင့်တဲ့ အကြောင်းပြချက်ကောင်းတွေကလည်း ရှိလို့နေပြန်ပါတယ်။စွတ်စိုပူနွေးတဲ့ ပတ်ဝန်းကျင်ရေခံမြေခံဟာ ဘက်တီးရီးယားပိုးတွေနဲ့ yeast မှိုတွေအတွက် အင်မတန်အကြိုက်တွေ့စေမယ့် အနေအထား ဖြစ်ပါတယ်။ဒါကြောင့် သင်အားကစားလုပ်တဲ့အခါ ချွေးတွေကို စုပ်ယူပြီး စိုထိုင်းမှု မရှိစေဖို့အတွက် အားကစားဘောင်းဘီအောက်မှာ အတွင်းခံတထပ်ကို ထပ်ပြီး ဝတ်သင့်ပါတယ်။

•တင်ပါးမဖုံးတဲ့ အတွင်းခံ (thongs) တွေဟာ သင့်ရဲ့ မိတ်ဆွေကောင်း မဟုတ်ပါ။
အမျိုးသမီး အများစုဟာ အတွင်းခံအရာတွေ ပေါ်နေမှာစိုးတဲ့အတွက် တင်ပါးမဖုံးတဲ့ အတွင်းခံ (thongs) တွေကို ဝတ်လေ့ရှိကြပါတယ်။ဒါပေမယ့် ဒီအတွင်းခံ အမျိုးအစားတွေဟာ အရမ်းကျပ်ပြီး သင်ကိုယ်ကာယလေ့ကျင့်ခန်းလုပ်နေချိန်မှာ သူတို့ဟာ သင့်အသားနဲ့ ရှေ့တိုးနောက်ဆုတ် ပွတ်တိုက်နေပါတယ်။ဒီလို ပွတ်တိုက်မှုတွေကရော ပူလှောင်မှုတွေကပါ သင့်ကို ဆီးလမ်းကြောင်းပိုးဝင်တာနဲ့ ယောနိထဲ ဘက်တီးရီးယားပိုးဝင်တဲ့ ရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။တကယ်တမ်းကျတော့ ဒီအတွင်းခံအမျိုးအစားဟာ ခန္ဓာကိုယ် အနောက်ပိုင်းတင်ပါးပိုင်းနဲ့ ယောနိ/ဆီးလမ်းကြောင်းတို့ အကြား ဘက်တီးရီးယားတွေ ပျော်ပျော်ပါးပါးကြီးသွားလို့ရအောင် ရွှေလမ်းငွေလမ်းဖောက်ပေးထားသလို ဖြစ်စေပါတယ်။ဒါကြောင့် ဒီအတွင်းခံ အမျိုးအစားကို ရဲရဲကြီး နိုးလို့ ပြောလိုက်ပါ။

•ဇာကွက်လေးတွေကိုလည်း ရှောင်ပါ။
ပိုးထည်လို အသားမျိုးဟာ ပိတ်လွန်းသလို ဇာကွက်လေးတွေကလည်း သင့်ကို တချိန်လုံး ပွတ်တိုက်နေမှာဖြစ်တဲ့အတွက် ရောင်ရမ်းလာနိုင်ပါတယ်။လေ့ကျင့်ခန်းလုပ်ဖို့အတွက် အကောင်းဆုံး အတွင်းခံဟာ ပိတ်မနေသင့်ပါဖူး(ဥပမာ ချည်သားလေးပေါ့)။ဒါပေမယ့် ခေတ်ပေါ်ဒီဇိုင်းတွေက အဓိကအားဖြင့် သင့်ကိုခြောက်သွေ့သန့်ရှင်းနေဖို့ကို အဓိကထားပါတယ်။တာဝေးပြေးတာလိုမျိုးအတွက်ဆိုရင် မပွန်းတဲ့ (ချုပ်ရိုးခပ်ပြားပြားတွေပါတဲ့) အတွင်းခံမျိုးကို ရွေးချယ်ပါ။လေ့ကျင့်ခန်းလုပ်ဖို့အတွက် အထူးထုတ်ထားတဲ့ အသားတွေဟာ ရိုးရိုးချည်သားထက် ပိုပြီးကောင်းပါတယ်။အားကစားလုပ်ရင် ဝတ်ရတဲ့ ကိုယ်ကျပ်ဝတ်စုံဟာ ဆွဲဆန့်လို့ရနိုင်ပြီး စက်ဘီးစီးတာလို၊ပြေးတာလို အားကစားရုံအပြင်မှာ လုပ်ရတဲ့ အားကစားနည်းတွေအတွက် အထူးအကျိုးရှိပါတယ်။သူတို့ဟာ တခြားချည်သားတွေထက် ချွေးကိုလည်း ပိုပြီးမြန်မြန် စုပ်ယူနိုင်တဲ့အတွက် သင့်ကို ခြောက်သွေ့နေစေပါတယ်။

ဒီခေတ် မိန်းမပျိုလေးတွေ အများအပြားဟာ သူတို့ရဲ့ အောက်ပိုင်းမှာ ရှင်းလင်းနေတော့မှ ပိုပြီးသန့်ရှင်းတယ်လို့ ယူဆတတ်ကြပါတယ်။သန့်ရှင်းတာမှန်ပေမယ့် ရိတ်တာ၊ဖရောင်းနဲ့ ခွါတာတွေဟာလည်း ဘေးထွက်ဆိုးကျိုးတွေ ကိုယ်စီ ရှိကြပါတယ်။ဆီးခုံမွှေးတွေဟာ အလွန်နုနယ်တဲ့ နေရာကို ကာကွယ်ဖို့အတွက် သဘာဝအလျောက် ရှိနေတာပါ။သူတို့ကို ဖယ်ရှားရှင်းလင်းလိုက်မယ်ဆိုရင် သင်ဟာ ကိုယ့်တပ်ကို ပြန်နင်းသလို ဖြစ်သွားတာကြောင့် လိင်မှတဆင့်ကူးစက်တဲ့ ရောဂါတွေ၊အပူလောင်တာတွေ၊အမာရွတ်ဖြစ်တာတွေ စတဲ့ အခြေအနေတွေနဲ့ တွေ့ကြုံဖို့ အခွင့်အလမ်းပိုများသွားစေပါတယ်။

•မြန်မြန်ဆန်ဆန်လဲလှယ်နိုင်တာမျိုးကို ရွေးပါ။
တကယ်လို့ သင်ဟာ မာရသွန်ပြေးတာလိုမျိုး အားကစားနည်းတွေအတွက် ပြင်ဆင်နေတာဆိုရင် သင့်အနေနဲ့ အတွင်းခံနဲ့ပတ်သက်ပြီး သေချာစဉ်းစားရွေးချယ်သင့်ပါတယ်။ဘာလို့လဲဆိုတော့ အကြာကြီး ဝတ်ထားရမှာမို့ပါ။နှစ်မိုင်လောက်အရောက်မှာ နည်းနည်းလောက် ပွန်းရာလေးစ ဖြစ်လာရာက မိုင်၂၀လောက်ရောက်တဲ့အခါမှာ အရည်ကြည်ဖု အကြီးကြီး ဖြစ်နေလောက်ပါပြီ။ရေကူးတာလိုမျိုး ရေနဲ့ ပတ်သက်တဲ့ အားကစားနည်းတွေနဲ့ ပတ်သက်ပြီးပြောရရင် အပူနဲ့ စွတ်စိုမှုတို့ဟာ သင့်ရဲ့ အိပ်မက်ဆိုးတွေပဲ ဖြစ်ပါတယ်။

ဒီ အပူနဲ့ စွတ်စိုမှုတို့ဟာ ဘက်တီးရီးယားတွေ ပေါက်ပွါးတာကို အားပေးလို့ ဆီးလမ်းကြောင်းပိုးဝင်တာမျိုး ဖြစ်နိုင်သလို yeast ပိုးကူးတာ ဒါမှမဟုတ် bacterial vaginosis ဆိုတဲ့ ဘက်တီးရီးယားကူးစက်ရောဂါဖြစ်တာတွေကိုလည်း ဖိတ်ခေါ်နိုင်ပါတယ်။သင့်အနေနဲ့ အဝတ်စိုကြီးဝတ်ပြီး အကြာကြီး နေရမယ့် အနေအထားမျိုးမှာ ပြဿနာ ပိုတက်ပါလိမ့်မယ်။

ရေကူးပြီးရင် စက်ဘီးပြောင်းစီးရမယ့် အနေအထားမျိုး၊အားကစားမျိုး ဆော့တဲ့အခါ အောက်ပိုင်းကို အမြန်လဲလှယ်လို့ရမယ့် အတွင်းခံမျိုးကို ဦးစားပေး ရွေးချယ်ပေးရပါမယ်။ ဒါဆိုရင် ရေကူးပြီး စက်ဘီးမစီးခင် အောက်ပိုင်းကို ဘောင်းဘီ အခြောက်နဲ့ လဲလိုက်လို့ရပါပြီ။လူအမြင်မှာ မသင့်တော်စရာ အနေအထားမျိုး ရှိကောင်းရှိနိုင်မှာ ဖြစ်ပေမယ့် သင့်ကို yeast ပိုးကူးတာကနေ ကာကွယ်ပေးပါလိမ့်မယ်။

ရာသီချိန်ခါရောက်လာရင် ဓမ္မတာလာနေတဲ့အချိန်ကျရင်လည်း အတွင်းခံနဲ့ ပတ်သက်ပြီး သိပ်အာရုံနောက်မနေပါနဲ့။ဖွားဖွားတို့ဝတ်တဲ့ အတွင်းခံကြီးကြီးတွေကိုသာ ဝတ်လိုက်ပါ။သင့်မှာ ရွေးချယ်စရာတွေ တပုံတပင် ရှိနေပါတယ်။တင်းနစ်ရိုက်တဲ့ စကတ်ဖြူဖြူလေးတွေတော့ မဝတ်နဲ့ပေါ့လေ။Tampon သုံးတာနဲ့ menstrual cup ခွက်လေးတွေကို သုံးတာဟာ သင့်ကို နေရတာ သက်တောင့်သက်သာ ရှိစေပါလိမ့်မယ်။ ဒါပေမယ့် သင့်အတွက် နေလို့ အဆင်ပြေဆုံးအရာက သင့်အတွက် အကောင်းဆုံး အရာပဲ ဆိုတာ သိထားရပါမယ်။

အနံ့အသက်အတွက်လား။ ဒါတွေကို ခေါက်ထားလိုက်ပါ။ အောက်ပိုင်းမှာ အနံ့အသက်မွှေးနေဖို့လိုတယ်ဆိုတာ ယုံတမ်းစကားကြီးပါ။ အမျိုးသမီးတွေရဲ့ ပေါင်ခြံမှာ apocrine gland လို့ခေါ်တဲ့ ချွေး/အရည်ထုတ်ပေးတဲ့ ဂလင်းတမျိုးရှိတဲ့အတွက် အနံ့အသက်ကတော့ အနည်းနဲ့ အများ ရှိမှာ သဘာဝပါပဲ။ ပုံမှန်တကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်နေသမျှ ကာလပတ်လုံး အားလုံးအေးဆေးပါ။

ဆီးမထိန်းနိုင်တာ ဆီးမထိန်းနိုင်ဘဲ ထွက်ကျတာဟာ ကလေးမွေးထားတဲ့ အမျိုးသမီး အများအပြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတခုပဲ ဖြစ်ပါတယ် (ကလေးမမွေးဖူးတဲ့ တချို့ အမျိုးသမီးတွေမှာတောင် ဖြစ်တတ်ပါသေးတယ်)။ ဒီတော့ လူကြီးသုံး ဆီးခံလေးတွေကို သုံးနိုင်ပါတယ်။ အားပြင်းပြင်းထန်ထန်သုံးလို့ ဆီးထွက်ကျတဲ့ အသေးအဖွဲ အခြေအနေမျိုးမှာ Kegels လေ့ကျင့်ခန်းကို လုပ်ပေးတာက အကောင်းဆုံးကာကွယ်မှု နည်းစနစ်ဖြစ်ပေမယ့် အခြေအနေပိုဆိုးလာပြီဆိုရင် (ဆီးခံတထည်နဲ့ မရတာ၊တနေ့ကို ခဏခဏ ထွက်ကျတာ) ကျွမ်းကျင်တဲ့ ဆရာဝန်(ဆီးလမ်းကြောင်းဆိုင်ရာ)နဲ့ ပြသပြီး ဆွေးနွေးတိုင်ပင်ပါ။ဟော်မုန်းကို အသုံးပြုပြီး ကုသတာမျိုး ဒါမှမဟုတ် ခွဲစိတ်ပြီး ကုသတာမျိုးလုပ်ဖို့ ဆရာဝန်က အကြံပေးကောင်းပေးပါလိမ့်မယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly