ဥပဒေချုပ်နေအိမ်အတွင်းမှ လက်ပတ်နာရီ နှစ်လုံး ခိုးယူခံရ

ဥပဒေချုပ်နေအိမ်အတွင်းမှ လက်ပတ်နာရီ နှစ်လုံး ခိုးယူခံရ

 

မော်လမြိုင်၊ အောက်တိုဘာ ၅ ။            ။ မော်လမြိုင်မြို့၊ ငန်းတေးရပ်ကွက်၊ ဝန်ကြီးအိမ်ရာဝင်းတွင် အောက်တိုဘာ ၃ ရက်နေ့က မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဥပဒေချုပ် ဒေါ်အေးအေးမို့   နေအိမ်အတွင်းမှ လက်ပတ်နာရီနှစ်လုံး ဝင်ရောက်အခိုးခံခဲ့ရကြောင်း ဇေယျာသီရီနယ်မြေရဲစခန်းမှ သိရသည်။

မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဥပဒေချုပ် ဒေါ်အေးအေးမို့သည် မွန်ပြည်နယ်ဥပဒေချုပ်ရုံးမှ ရုံးဆင်း၍ ဝန်ကြီးများအိမ်ရာရှိ နေအိမ်သို့ ပြန်လည်ရောက်ရှိလာစဉ် နေအိမ်အတွင်းရှိ သံဘီဒိုမှာ ပွင့်ဟနေ၍ မသင်္ကာဖြစ်ကာ ပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့ရာတွင် CITIZEN ၊ ECO- DRIVE အမျိုးအစား လေးသိန်းတန် နာရီတစ်လုံးနှင့် ROMANSON အမျိုးအစား နှစ်သိန်းတန် နာရီတစ်လုံးတို့   ပျောက်ဆုံး နေသဖြင့် နေအိမ်အနှံ့လိုက်လံရှာဖွေသော်လည်း မတွေ့ရှိဘဲ ပျောက်ဆုံးခဲ့ရကြောင်း ရဲမှတ်တမ်းအရ သိရသည်။

" ဒီကိစ္စက တော်တော်နက်နဲလွန်းတယ်၊ အိမ်တံခါးတွေလည်း သော့ခတ်ထားတယ်၊  အိမ်ရာဝင်းမှာ ဆောက်လုပ်ရေးအလုပ်သမားတွေလည်း မရှိဘူး၊ အိမ်ခြံသော့တွေလည်း တစ်ခုမှ ဖျက်ဆီးထားတာ မတွေ့ဘူး၊ ကျွန်တော်တို့ စစ်ဆေးတွေ့ချက်က ဘာခြေရာလက်ရာမှ ပျက်နေတာမတွေ့ခဲ့ရဘူး"ဟု မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက သုံးသပ်ပြောဆိုသည်။

ယင်းအိမ်ရာဝင်းအတွင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးများနေထိုင်ပြီး ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးအပြည့်အဝဆောင်ရွက်ထားရှိသည့် နေရာတစ်ခုလည်း ဖြစ်သည်။

အဆိုပါ လက်ပတ်နာရီနှစ်လုံး ဝင်ရောက်ခိုးယူသွားသူကို စုံစမ်းဖော်ထုတ်အရေးယူနိုင်ရန် ဒေါ်အေးအေးမို့က တိုင်ကြားသဖြင့် ဇေယျာသီရိနယ်မြေရဲစခန်းမှ (ပ) ၂၃၁/၂၀၁၇၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀ အရ အမှုဖွင့်ထားပြီး နေအိမ်အတွင်း ဝင်ရောက်ခိုးယူသည့် တရားခံဖမ်းမိနိုင်ရေးအတွက် လိုက်လံစုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း ရဲအရာရှိတစ်ဦးက ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly