ဆူညံသံတွေရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုများ

ဆူညံသံတွေရဲ့ ကျန်းမာရေးအပေါ် သက်ရောက်မှုများ

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

လူအများစုကနေ့စဉ်ကြားနေရတဲ့ အသံတွေနဲ့ တော်တော်လေးကို အသားတကျဖြစ်နေကြပြီ ဖြစ်ပါတယ်။ သီးချင်းအကျယ်ကြီးဖွင့်တာ၊ တီဗွီကို အသံအကျယ်ကြီးကြည့်တာ၊ ယာဉ်တွေ သွားလာတာ၊ ညနက်သန်းခေါင် အိမ်မွေးတိရစ္ဆာန်တွေ အော်မြည်တဲ့ အသံတွေနဲ့ အကျွမ်းတဝင် ဖြစ်နေပြီဖြစ်ပါတယ်။ အဆိုပါ ဆူညံသံတွေကမြို့ပြရဲ့ အလေ့အထတစ်ရပ်လိုတောက်ဖြစ်နေပါပြီ။ တီဗွီကို အသံကျယ်ကျယ်ဖွင့်တာကြောင့် တစ်ညလုံး ကောင်းကောင်းအိပ်စက်ခွင့်မရတာကို ဖြစ်စေနိုင်သလို ယာဉ်တွေသွားလာနေတဲ့ အသံတွေကြောင့် အိပ်စက်မှုမှာ အနှောင့်အယှက် ဖြစ်တာက   ခေါင်းကိုက်ဝေဒနာကို စတင်ခံစားရစေနိုင်ပါတယ်။ ပတ်ဝန်းကျင်က ဆူညံသံတွေက ဘဝရှင်သန်မှု စည်းချက်ကို စည်းဝါးမကိုက်တာမျိုး ဖြစ်ပေါ်စေနိုင်သလို ကျန်းမာရေးအပေါ်မှာ သက်ရောက်မှုတွေရှိလာနိုင်စေပါတယ်။

Noise Pollution

ဆူညံသံ (သို့) သဘာဝတရားရဲ့ ဟန်ချက်ညီမှုကို အခိုက်အတန့်အားဖြင့်အနှောင့်အယှက်ဖြစ်စေတဲ့ စိတ်ရှုပ်ထွေးစေတဲ့ အသံတွေထွက်ပေါ်တဲ့အခါ noise pollution ဖြစ်လာပါတယ်။ ပုံမှန် မဟုတ်တဲ့ ဆူညံသံတွေ နဲ့ အသံပလံတွေကို noise pollution လို့သတ်မှတ်တာဖြစ်ပါတယ်။ ပတ်ဝန်းကျင်မှာ နေထိုင်ရင်း အဆိုပါ ဆူညံသံတွေကိုရှောင်ရှားဖို့ဆိုတာက မလွယ်ကူတဲ့ကိစ္စပါ။ဆူညံသံတွေက များပြားလာပြီး နေရာတိုင်းလိုလိုမှာဖြစ်ပေါ်တဲ့အခါ ဆူညံသံတွေကနေ လွတ်ကင်းနိုင်မယ့်  ကောင်းမွန်တဲ့ အစီအစဉ် မရှိဘူးဆိုရင် နေ့စဉ်နဲ့အမျှ noise pollution တွေနဲ့ ထိတွေ့နေရမှာ ဖြစ်ပါတယ်။

မကြာသေးခင်က လုပ်ဆောင်ခဲ့တဲ့ လေ့လာမှုတွေအတွင်း ယာဉ်သွားလာမှုတွေကနေ ဖြစ်ပေါ်တဲ့ ဆူညံသံတွေ နဲ့ လေယာဉ်ကြောင့်ဖြစ်တဲ့ ဆူညံသံတွေက သွေးပေါင်ချိန်တိုးနိုင်ခြေကို တိုးစေနိုင်ပါတယ်။ ညဘက်မှာ ဖြစ်ပေါ်တဲ့ ဆူညံသံတွေက ကျန်းမာရေးကိုပိုမိုထိခိုက်စေပါတယ်၊ လို့တွေ့ရှိခဲ့ရပါတယ်။ လေယာဉ်ကနေ ထွက်ပေါ်တဲ့ဆူညံသံတွေက ဆေးရုံတက်ရနိုင်ခြေကို တိုးစေနိုင်သလို။ လေဖြတ်ဝေဒနာကြောင့်သေဆုံးနိုင်ခြေနဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါတွေနဲ့ နှလုံးရောဂါတွေခံစားရနိုင်ခြေကိုလည်းတိုးစေပါတယ်၊ လို့တွေ့ရှိခဲ့ပါတယ်။ လေယာဉ်ကနေ ထွက်ပေါ်တဲ့ဆူညံသံတွေနဲ့ထိတွေ့မှုက သွေးတိုးနိုင်ခြေ။ ရုတ်တရက်နှလုံးရပ်တန့်နိုင်ခြေ နဲ့ လေဖြတ်နိုင်ခြေကို ၇ ရာခိုင်နှုန်း ကနေ ၁၇ ရာခိုင်နှုန်းလောက်အထိတိုးစေနိုင်ပါတယ်။ လို့ဖော်ပြထားပါတယ်။

နောက်ထပ်လေ့လာမှုတစ်ရပ်မှာတော့ ဆူညံသံက ကလေးငယ်တွေရဲ့ သင်ယူမှုစွမ်းရည်ကို ထိခိုက်စေနိုင်ပါတယ်။ လေ့လာမှု အခု ၂၀ ကျော်အတွင်း လေယာဉ်နဲ့ယာဉ်တွေကနေထွက်ပေါ်တဲ့ ဆူညံသံတွေက ကလေးငယ်တွေရဲ့ စာဖတ်စွမ်းရည်ကို ထိခိုက်စေနိုင်သလို ကာလရှည်မှတ်ဉာဏ်ကို လည်း ထိခိုက်စေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။

ကျယ်လောင်လွန်းတဲ့ အသံတွေဆိုတာက

လူမှုပတ်ဝန်းကျင် ဆူညံမှုဆိုတာက စက်မှုလုပ်ငန်းတွေက ထွက်ပေါ်လာတဲ့ ဆူညံသံတွေကလွဲလို့ အခြားဆူညံသံအားလုံးကို ဆိုလိုတာပါ။ ပတ်ဝန်းကျင်က ဆူညံသံတွေ၊ အိမ်တွင်းဆူညံသံတွေ ကလည်း လူမှုပတ်ဝန်းကျင်ဆူညံသံတွေပဲဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့ အကြားအာရုံခံနိုင်မှုက ၂၀ Hz ကနေ ၂၀,၀၀၀  Hz အထိကို အာရုံခံနိုင်စွမ်း ရှိပါတယ်။ လူတစ်ဦးချင်းစီရဲ့ အာရုံခံနိုင်စွမ်းက ပတ်ဝန်းကျင်အနေအထားပေါ်မှာ လိုက်ပြီး ပြောင်းလဲနိုင်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက စက်မှုထွန်းကားတဲ့ နိုင်ငံတွေမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် အကြားအာရုံပိုမိုကောင်းမွန်တာပဲဖြစ်ပါတယ်။

ဆူညံသံတွေဖြစ်ပေါ်ရတဲ့အကြောင်းအရင်းတွေ

-စက်မှုထွန်းကားလာခြင်း – စက်မှုထွန်းကားတဲ့နိုင်ငံအများစုမှာ အကြီးစားစက်ကိရိယာတွေကို အသုံးပြုတာကြောင့် ဆူညံသံတွေ အများအပြားဖြစ်ပေါ်စေပါတယ်။ လျှပ်စစ်ဓာတ် အားပေးစက်တွေ၊ လေပူစုပ်စက်တွေနဲ့ကြိတ်ခွဲစက်တွေက ကျယ်လောင်တဲ့ဆူညံသံတွေကို ထုတ်လွှတ်ပါတယ်။

-မြို့ပြစီမံကိန်းအားနည်းခြင်း – ဖွံဖြိုးဆဲနိုင်ငံအများစုမှာ မြို့ပြစီမံကိန်းအားနည်းတာကလည်း ဆူညံသ့တွေကို ဖြစ်ပေါ်စေတဲ့နေရာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ အိမ်ခြေစိပ်တာ၊နေရာကျဉ်းကျဉ်းလေးမှာ မိသားစုအများကြီး စုနေတာ၊ ကားပါကင် အတွက် တစ်ဦးနဲ့တစ်ဦးရန်ဖြစ်တာ၊ အခြေခံလိုအပ်ချက်တွေ အဆင်ပြေချောမွေ့စွာရရှိရေးအတွက် မကြာခဏဆိုသလို စကားများရန်ဖြစ်တာတွေက လူမှုပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေပါတယ်။

-လူမှုရေးရာကိစ္စရပ်များ – လူမှုရေးရာကိစ္စရပ်တွေရှိတဲ့အခါ ဆူညံသံက အမြင့်ဆုံးအနေအထား ထိရောက်ရှိတာမျိုးတွေ ရှိတတ်ပါတယ်။ လက်ထပ်ပွဲအခမ်းအနားတွေ၊ ပါတီတွေ၊ဘားတွေနဲ့ ဘာသာရေးဆိုင်ရာ အခမ်းအနားပွဲတွေမှာ ဆူညံသံတွေက အမြင့်ဆုံးအနေအထားတွေအထိ ရောက်ရှိတတ်ပါတယ်။ လူတွေနေထိုင်တဲ့ အနီးအနားမှာ သန်းခေါင်ယံအချိန်ထိ သီချင်းတွေကို ဘားဆုံးဖွင့်ပြီး လူတွေ ကခုန်နေတာက တော်တော်လေးကို ဆိုးဝါးတ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်။ ဈေးတွေမှာလည်း အများပြည်သူကိုဆွဲဆောင်နိုင်ဖို့  အသံချဲ့စက်တွေကိုအသုံးပြုပြီး အဝတ်အထည်တွေရောင်းချမှုကလည်း ဆူညံသံတွေကို ဖြစ်ပေါ်စေပါတယ်။

-သယ်ယူပို့ဆောင်ရေးကဏ္ဍ – လမ်းတွေပေါ်မှာ ယာဉ်အသွားအလာများလာတာ၊ လေယာဉ်ပျံတွေက လူနေအိမ်တွေပေါ်ကနေပျံသန်းတာ၊မြေအောက်ရထားတေါခုတ်မောင်းမှုက ကျယ်လောင်တဲ့ ဆူညံသံတွေထွက်ပေါ်စေပါတယ်။ အဆိုပါအသံတွေကို နားယဉ်ဖို့ဆိုကမလွယ်ကူပါဘူး။ ကျယ်လောင်လွန်းတဲ့ ဆူညံသံတွေက လူတွေကိုအကြားအားရုံဆုံးရှုံတာမျိုးဖြစ်ပေါ်စေနိုင်ပါတယ်။

-ဆောက်လုပ်ရေးလုပ်ငန်းခွင်များ- မိုင်းတွင်းလုပ်ငန်းတွေ၊တံတားတည်ဆောက်တာ၊ တာတမံဆောက်လုပ်တာ၊ အဆောက်အဦးတွေ၊ဘူတာရုံတွေတည်ဆောက်တာ၊ လမ်းတွေဖောက်လုပ်တာ၊ ခုံးကျော်တံတားတွေက ကမ္ဘာ့နေရာတော်တော်များများမှာ လုပ်ဆောင်နေတဲ ့ဆောက်လုပ်ရေးလုပ်ငန်းတွေဖြစ်ကြပါတယ်။ တိုးတက်လာတာနဲ့အမျှ အဆောက်အဦးတွေကလည်း ပိုမိုလိုအပ်လာတာကြောင့် ဆောက်လုပ်ရေး လုပ်ငန်းတွေကလည်း နေ့စဉ်နဲ့အမျှလုပ်ဆောင်နေကြပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေမှာ အသုံးပြုတဲ့ ကိရီယာတွေကနေထွက်ပေးလာတဲ့အသံတွေက ပတ်ဝန်းကျင်ကို တအားဆူညံစေပါတယ်။

-အိမ်သုံးပစ္စည်းတွေ –  လူတွေရဲ့နေ့စဉ်ဘဝမှာ တီဗွီ၊မိုဘိုင်းဖုန်း၊ ဟင်းပေါင်းအိုး၊ ဖုန်စုပ်စက်၊အဝတ်လျှော်စက်၊ အဝတ်အခြောက်ခံစက်၊  လေအေးပေးစက်၊ အဲကွန်းတွေကို မပါမဖြစ်အသုံးပြုလာကြပါတယ်။ အဆိုပါ အိမ်သုံးပစ္စည်းတွေကနေ ထွက်ပေါ်တဲ့ဆူညံသံတွေက ဘဝရှင်သန်မှုကို ထိခိုက်စေနိုင်သလို အိမ်နီးနားချင်းတွေကိုလည်း ဆိုးကျိုးတွေခံားရစေနိုင်ပါတယ်။

ဆူညံသံတွေကြောင့် ဘာတွေဖြစ်နိုင်သလဲ

အကြားအာရုံထိခိုက်နိုင်ခြင်း

နားတွေမှာ မကြားချင်တဲ့အသံတွေက စစ်ထုတ်ပစ်နိုင်စွမ်းမရှိတာကြောင့် ဆူညံသံတွေက ခန္ဒာကိုယ်အတွင်းပိုင်းမှာ ထိခိုက်မှုတွေဖြစ်ပေါ်စေပါတယ်။ နားက ခံနိုင်စွမ်းရှိတဲ့ အတိုင်းအတာ အတွင်းရှိတဲ့ ကျယ်လောင်လွန်းတဲ့အသံတွေကြောင့် မပျက်စီးနိုင်ဘူးဆိုပေမယ့် အပေါက်ဖောက်စက်တွေ၊ကားဟွန်းသံတွေ၊စက်ကိရိယာတွေရဲ့အသံတွေ၊လေယာဉ်သံတွေနဲ့ယာဉ်အမျိုးမျိုးကနေထွက်ပေါ်လာတဲ့ အကြားအာရုံအတွက် အရမ်းကို ကျယ်လောင်လွန်းတဲ့အသံတွေ ဖြစ်ပါတယ်။ ကျယ်လောင်တဲ့အသံတွေနဲ့ အမြဲတစေ ထိတွေ့နေမှုက နားစည်ကို ပျက်စီးစေပြီး အကြားအာရုံဆုံးရှုံးမှုကို အလွယ်တကူဖြစ်စေနိုင်ပါတယ်။

ကျန်းမာရေးပြဿနာများ 

ရုံးတွေ၊ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ၊ဘားတွေနဲ့အိမ်မှာ အလွန်အကျွံဆူညံမှုတွေက စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုထိခိုက်စေပါတယ်။ လေ့လာမှုတွေမှာတော့ စိတ်ဆိုးလွယ်တာ၊ ကောင်းကောင်းအိပ်မပျော်တာ၊ အမြဲတစေ စိတ်ဖိစီးတာ၊ခြေကုန်လက်ပန်းကျတာ နဲ့ သွေးတိုးတာ (hypertension) တွေနဲ့ အလွန်အကျွံဆူညံမှုတွေကြားမှာ ဆက်စပ်မှုရှိတာကို  တွေ့ရှိခဲ့ရပါတယ်။ အလွန်အကျွံဆူညံမှုတွေ နဲ့ အမြဲတစေ ထိတွေ့မှုက အသက်အရွယ် ကြီးရင့်လာတဲ့အခါ နာတာရှည်ရောဂါတွေခံစားရနိုင်ခြေကိုတိုးစေပါတယ်။

အိပ်စက်မှု မူမမှန်ခြင်း 

ကျယ်လောင်တဲ့ဆူညံသံတွေက အိပ်စက်မှုပုံစံကိုအနှောင့်အယှက်ဖြစ်စေနိုင်ပြီး စိတ်ဆိုးလွယ်တာ၊မအီမသာဖြစ်တာမျိုးတွေကို ခံစားရစေနိုင်ပါတယ်။ ညဘက်ကောင်းကောင်း မအိပ်ရတဲ့အခါ ခြေကုန်လက်ပမ်းကျတာ နဲ့ အလုပ်ခွင်မှာ စွမ်းဆောင်ရည်ကျတာမျိုးတွေ  ဖြစ်ပေါ် စေနိုင်ပါတယ်။ ခန္ဓာကိုယ်ကို ကောင်းမွန်တဲ့အနားယူမှုရရှိစေဖို့  ကောင်းကောင်း အိပ်စက်ဖို့ အကြံပြုလိုက်ပါရစေ။

နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေဖြစ်စေနိုင်ခြင်း

ဆူညံသံတွေက သွေးတိုးတာ၊ နှလုံးသွေးကြောဆိုင်ရာရောဂါတွေ၊စိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ နှလုံးရောဂါတွေ ခံစားရနိုင်ခြေကိုတိုးစေပါတယ်။ လေ့လာမှုတွေအရ ကျယ်လောင်လွန်းတဲ့ အသံတွေက  သွေးဖိအားကိုတိုးစေပြီး နှလုံခုန်နှုန်းကိုတိုးစေနိုင်တာကြောင့် ပုံမှန်သွေးစီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။လို့သုံးသပ်ထားပါတယ်။

လူမှုဆက်ဆံရေးမှာ အခက်အခဲတွေ့စေခြင်း

ကျယ်လောင်လွန်းတဲ့ ဆူညံသံတွေက ပြောဆိုဆက်ဆံရာမှာအနှောင့်အယှက်ဖြစ်စေနိုင်သလို လူတစ်ဦးနြ့တစ်ဦး လွတ်တွတ်လပ်လပ် ပြောဆိုဆက်ဆံရာမှာလည်း အနှောင့်အယှက်ဖြစ်စေပါတယ်။ အဆိုပါအနေအထားတွေက နားလည်မှုလွဲတာကို ဖြစ်စေသလို၊ တစ်ဦးနဲ့တစ်ဦးကြားမှာ နားလည်ရခက်တဲ့အနေအထားမျိုးတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဆူညံသံတွေနဲ့ အမြဲတစေထိတွေ့မှုကပြင်းထန်တဲ့ ခေါင်းကိုင်ခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ဟန်ချက်ညီမှုတွေကို ထိန်းသိမ်းရာမှာ အနှောင့်အယှက်ဖြစ်စေပါတယ်။

ဆူညံသံတွေကို ဘယ်လိုကာကွယ်မလဲ

  • အိမ်တွင်းကလျှပ်စစ်ပစ္စည်းတွေအားလုံးကို ပိတ်ထားပါ – ကွန်ပျူတာတွေ၊ဂိမ်းစက်တွေ၊ တီဗွီတွေ နဲ့ အခြားဆူညံသံထွက်နိုင်တဲ့ လျှပ်စစ်ပစ္စည်းတွေ အားလုံးကို ပိတ်ထားပါ။ အမြဲတစေ တီဗွီဖွင့်ထားတာမျိုး မလုပ်ပါနဲ့။ လျှပ်စစ်ပစ္စည်းတွေကို အသုံးမပြုရင် ပိတ်ထားပါ။ လျှပ်စစ်ဓာတ်အား ကုန်ကျစရိတ်ကို ချွေတာနိုင်မယ့်အပြင် ပတ်ဝန်းကျင်က ဆူညံသံတွေကိုလည်း လျှော့ချနိုင်မှာဖြစ်ပါတယ်။
  • အသံလုံအောင်ထားပါ – နေအိမ်မှာ ပတ်ဝန်းကျင်က ဆူညံသံတွေ မဝင်ရောက်နိုင်အောင် အသံလုံအောင်ထားပါ။ အဝတ်လျှော်စက်ကို သီးသန့်အခန်းတစ်ခန်းနဲ့ ထားတာမျိုးလုပ်ပါ။
  • အနီးဝန်းကျင်မှာ သာယာနာပျော်ဖွယ် အသံထွက်တဲ့အရာလေးတွေထားရှိပေးပါ – အချို့သူတွေက သူတို့အနီးဝန်းကျင်မှာ သာယာနာပျော်ဖွယ် အသံထွက်တဲ့အရာလေးတွေကို ထားရှိရတာ ကြိုက်နှစ်သက်ကြပါတယ်။ မိမိကြိုက်နှစ်သက်တဲ့ သီချင်းလေးတွေ နားထောင်ရင်း ဆူညံသံတွေကို နှုတ်ဆက်လိုက်ပါ။
  • နားကြပ်တပ်ပါ – အရိုးရှင်းဆုံးနဲ့အထိရောက်ဆုံး နည်းလမ်းတစ်ရပ်ပါ၊ ညဘက်မှာ ဖြစ်ပေးတတ်တဲ့ ဆူညံသံတွေကနေ ကင်းဝေးစေဖို့ ညအိပ်တဲ့အခါ နားကြပ်တပ်အိပ်ပါ။ နှိုးစက်ကိုလည်း အသံကျယ်ကြီး မထားပါနဲ့။
  • ပုံမှန်တရားထိုင်ပေးပါ –  တရားထိုင်တာက ဆူညံတဲ့ပတ်ဝန်းကျင်ကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှုတွေကို သက်သာစေပါတယ်။ အရမ်းလည်း ထိရောက်တဲ့ နည်းလမ်းတစ်ရပ်ပါ။ တစ်နေ့ကို အနည်းဆုံး မိနစ် ၂၀ လောက် ၂ ကြိမ်ခန့် တရားထိုင်ပေးပါ။ တစ်လလောက်ကြာတဲ့ အခါထူးခြားမှုကို တွေ့ရမှာပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly