အပြောင်းအလဲမြန် ရာသီဥတုနဲ့ အဲယားကွန်း

အပြောင်းအလဲမြန် ရာသီဥတုနဲ့ အဲယားကွန်း

ရေးသားသူ Poe Ei Win
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အပြောင်းအလဲမြန် ရာသီဥတုနဲ့ အဲယားကွန်း

လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက အဲယားကွန်းဆိုတာကို အသုံးပြုတဲ့နေရာက လက်ချိုးရေလို့ ရပါတယ်။ အခုချိန်မှာတော့ အဲယားကွန်းက အလုပ်ခွင်တွေနဲ့ရုံးတွေ အိမ်တွေမှာတင် မဟုတ်ဘဲ ဈေးဝယ်စင်တာတွေ၊ပြဇာတ်ရုံ တွေ၊ ဆေးရုံတွေ၊ကုသရေးစင်တာတွေအပြင် အိမ်စီးကားတွေနဲ့ အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်တွေမှာပါ မရှိမဖြစ်ထည့်သွင်းလာရတဲ့ အရာတစ်ခုလိုတောင် ဖြစ်လာပြီဖြစ်ပါတယ်။ အဲယားကွန်းကအေးလွန်းတာကြောင့် အချို့သူတွေမှာ ကျန်းမာရေးပြဿနာတေ ွတွေ့ကြုံရတာမျိုး ရှိပါတယ်။

အဲယားကွန်းကဆိုးကျိုးတွေပဲ ပေးတယ်ရယ်လို့တော့ မဟုတ်ပါဘူး။ အဲယားကွန်းကအပူဒဏ် ကို မခံစားမိအောင် လုပ်ဆောင်ပေးတာကြောင့်  ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ပေါ့ပါးလန်းဆန်းမှုကို ရရှိစေပြီး အလုပ်ခွင်မှာ  တက်ကြွလန်းဆန်းနေစေသလို အလုပ်လုပ်နိုင်စွမ်းကိုတိုးတက်စေပါတယ်။ အေးမြတဲ့ခံစားမှုက ပိုးမွှားတွေနဲ့ ဘက်တီးရီးယားတွေ ရှိနေမှုကို လျော့ပါးစေနိုင်သလို ချွေးထွက်နည်းစေတာကြောင့် ရေဓာတ်ဆုံးရှုံးမှုကိုလည်း လျှော့ချ ပေးနိုင်တဲ့အပြင် သန့်စင်တဲ့ အဲယားကွန်းစနစ်က ဓာတ်မတည့်စေတဲ့ အရာတွေနဲ့ ထိတွေ့နိုင်ခြေကို လျှော့ချပေးပါတယ်။ အဲယားကွန်းတပ်ဆင်ထားတဲ့ အနေအထားက ကောင်းမွန်နေမယ်ဆိုရင် သန့်စင်တဲ့လေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

ရာသီဥတုက ပူပြင်းလာပြီဆိုတာနဲ့ပဲ အများစုက အပူဒဏ်သက်သာပြီး သက်တောင့်သက်သာ အလုပ်ပိုလုပ်နိုင်တဲ့ လေအေးပေးစက် တပ်ဆင်ထားတဲ့အခန်းမှာပဲ နေချင်ကြပါတယ်။ ဒါပေမယ့် လေအေးပေးစက်တွေက လူ့ကျန်းမာရေးအတွက် မကောင်းတဲ့ သက်ရောက်မှုတွေ ရှိလာစေနိုင်တာကို သိဖို့လိုပါတယ်။ ဒီလိုသိထားပြိဆိုရင် လေအေးပေးစက်တွေကို အကျိုးရှိရှိ အသုံးချပြီး အန္တရာယ်ထိခိုက်မှု နည်းပါးအောင် ဘယ်လိုနေထိုင်ရမလဲ၊ ဘယ်လို သတိထားရမလဲဆိုတာ နားလည်နိုင်မှာ ဖြစ်ပါတယ်။ ဒါမှပဲ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ရှောင်ရှားနိုင်၊ ဖြစ်နိုင်ခြေ နည်းပါးစေနိုင်ပါလိမ့်မယ်။

လေအေးပေးစက်အသုံးပြုရာမှာ ကျန်းမာရေးအတွက် ဖြစ်လာစေနိုင်တဲ့ သက်ရောက်မှုတချို့ကတော့

(၁) အပူချိန်ရုတ်တရက်ပြောင်းလဲမှု

အပူချိန်နဲ့စိုထိုင်းဆ ရုတ်တရက်ပြောင်းလဲမှုက အသက်ရှူလမ်းကြောင်းစနစ်ကိုထိခိုက်စေနိုင်ပါတယ်။ ရာသီဥတုပူပြင်းနေချိန်မှာ လေအေးပေးစက်ရဲ့အပူချိန်ကို 20 °C အောက်မှာ ထားရင်ထားကြမှာပါ။ ဒါပေမယ့် (တခါတရံ အပူချိန် 40 °C လောက်ရှိတတ်တဲ့) အပြင်ကနေ အဲယားကွန်းခန်းထဲ ဝင်လိုက်ရင် အပူချိန် ရုတ်တရက်ကျဆင်းမှုကြောင့် ခန္ဓာကိုယ်မှာ ဖိအားဖြစ်စေပါတယ်။

(၂) အသားအရေခြောက်သွေ့ခြင်း

လေအေးပေးထားတဲ့ ပတ်ဝန်းကျင်ဖြစ်ရုံနဲ့ အသားအရေ ခြောက်သွေ့မှုဖြစ်စေမယ့် ခိုင်လုံတဲ့ အကြောင်းရင်း ဖြစ်နေပါပြီ။ အဲယားကွန်းတွေက ထုတ်ပေးလိုက်တဲ့ လေအေးတွေက အရေပြားဆဲလ်တွေကို ထိခိုက်စေပြိး အရေပြားခြောက်သွေ့၊ မွဲခြောက်စေပါတယ်။

(၃) ရောဂါပြန့်ပွားမှု

အဲယားကွန်းလေရဲ့ လှည့်ပတ်မှုစနစ်ကြောင့် ကူးစက်နိုင်တဲ့ အသက်ရှူလမ်းကြောင်းရောဂါတွေ ပြန်ပွားစေနိုင်ပါတယ်။ အဲယားကွန်းနဲ့နေတာ ကြာရှည်လာရင် ပန်းနာရင်ကျပ်ရှိသူတွေမှာ ရောဂါပိုဆိုးစေနိုင်သလို  အဆုတ်ရောဂါ ပါဝင်လာနိုင်ပါတယ်။ အဲယားကွန်းဟာ လတ်ဆတ်တဲ့လေနဲ့ မဟုတ်ဘဲ အတွင်းမှာရှိနှင့်ပြီးသား လေတွေနဲ့ပဲ ထပ်ကာထပ်ကာ လှည့်ပတ်နေတဲ့စနစ်ဖြစ်တာကြောင့် အအေးမိခြင်း၊ တုပ်ကွေး စတဲ့ ရောဂါပိုးတွေ၊ဘက်တီးရီးယားတွေကို တခြားသူဆီကနေ ပြန့်ပွားကူးစက်နိုင်ဖို့ များပါတယ်။

(၄) ဓာတ်မတည့်မှုပြဿနာ

လေထုထဲမှာရှိနေတဲ့ ဖုန်မှုန့်တွေ၊ မှိုတွေကြောင့် ဓာတ်မတည့်မှုတွေဖြစ်လာစေနိုင်ပါတယ်။ လေအေးပေး စက်တွေကိုသန့်စင်မပေးဘူးဆိုရင် ဖုန်မှုန့်တွေ၊ဘက်တီးရီးယားနဲ့မှိုတွေက လေထဲမှာပါလာပြီး အရေပြားပြဿနာတွေ၊ ယားယံခြင်းတွေ၊ ဓာတ်မတည့်တာတွေ ဖြစ်လာစေနိုင်ပါတယ်။

(၅) မျက်သားခြောက်သွေ့ခြင်း

အဲယားကွန်းကြောင့် မျက်ရည်ခမ်းခြောက်ပြီး မျက်သားခြောက်သွေ့မှုတွေဖြစ်စေနိုင်သလို မျက်ကပ်မှန်တပ်သူတွေမှာ အခက်တွေ့နိုင်ပါတယ်။ မျက်ရည်ခမ်းခြောက်မှုအပြင် မျက်စိနီရဲယားယံခြင်း၊ မျက်ရည်ထွက်ခြင်း၊ ရောင်ရမ်းခြင်းတွေဖြစ်စေတတ်ပါတယ်။

(၆) ကိုယ်ခံအားနည်းခြင်း

အဲယားကွန်းက အပူချိန်ပြောင်းလဲမှုကို အတုဖန်တီးပေးတဲ့ အရာဖြစ်တာကြောင့် လူ့ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကို ထိခိုက်အားနည်းစေပါတယ်။ အိမ်ခန်း၊ရုံးခန်းတွေထဲမှာနေရာက ပြင်ပက ခြစ်ခြစ်တောက် အပူရှိန်ထဲ ထွက်ပြီး အပူချိန်အပြောင်းအလဲ မကြာခဏ ကြုံတတ်တဲ့သူတွေမှာ အကြောင်းရင်းမရှိဘဲ နာမကျန်းပို ဖြစ်တတ်ပါတယ်။

(၇) အပူဒဏ်မခံနိုင်တော့ခြင်း

လေအေးပေးစက်နဲ့ပဲ နေတာကြာလာတဲ့ သူတွေဟာ အအေးနဲ့အပူအပြောင်းအလဲမှာ ခန္ဓာကိုယ်မှာ ဖိစီးမှုဖြစ်စေတာကြောင့် ပြင်ပအပူချိန်ကို ခံနိုင်ရည် မရှိတော့ပါဘူး။ ဒါ့ကြောင့်ပဲ အပူလှိုင်း ဖြစ်ရပ်တွေမှာ ရုတ်တရက်သေဆုံးမှုတွေ များလာတာဖြစ်ပါတယ်။

လေအေးပေးစနစ်ကိုဘေးကင်းအောင်ဘယ်လိုသုံးမလဲ

  • လေအေးပေးစနစ်ကြောင့် ဖျားနာမှုကင်းဝေးပြီး ကျန်းမာစေဖို့အတွက် လေအေးပေးစက် အပူချိန်ကို ၂၃ ဒီဂရီ စင်တီဂရိတ်နဲ့ ၂၅ ဒီဂရိစင်တီဂရိတ် အကြားမှာပဲ ထားပါ။
  • လေအေးပေးစက်ရဲ့ air filter တွေကို နှစ်စဉ် ဒါမှမဟုတ် ထုတ်လုပ်တဲ့ကုမ္ပဏီက အကြံပြုတဲ့အတိုင်း သန့်ရှင်းရေး လုပ်ပေးပါ။
  • အိမ်တွင်းမှာ သန့်စင်တဲ့လေ ရရှိနိုင်စေဖို့ လေဝင်လေထွက်ကောင်းအောင် လုပ်ဆောင်ပေးပြီး အချိန်အတိုင်းအတာ တစ်ခုကြာတဲ့အထိ လေအေးပေးစက်ကို ပိတ်ပြီးတံခါးတွေနဲ့ ပြတင်းပေါက်တွေကို ဖွင့်ထားပေးပါ။
  • အခန်းတွင်းမှာအဆိပ်ရှိတဲ့အရာတွေမပျံ့နှ့ှံ့စေဖို့ အခန်းထဲမှာတစ်ယောက်မှ မရှိတဲ့အချိန်တွေနဲ့ ညဘက်တွေ မှာ လေအေးပေးစနစ်ကို ပိတ်ထားပေးပါ။
  • အခန်းတွင်းအပူချိန်နဲ့ ပြင်ပအပူချိန် တအားကွာဟအောင် မထားပါနဲ့။
  • မိမိသုံးတဲ့ လေအေးပေးစက်ကရေကို အသုံးပြုရတဲ့ လေအေးပေးစက် ဖြစ်နေခဲ့ရင် လေကို ပုံမှန်လဲလှယ်ပေးပါ။
  • ဖြစ်နိုင်ရင် လေသန့်စင်စနစ်ပါတဲ့ လေအေးပေးစက်ကို တပ်ဆင်ပါ။
  • လေအေးစနစ် တပ်ဆင်ထားတဲ့အခန်းထဲမှာ နေတဲ့အခါ ရေသိပ်ငတ်လေ့ မရှိတာကြောင့် ခန္ဓာကိုယ်မှာရေဓာတ် မခမ်းခြောက်စေဖို့ သတိထားပြီး ရေသောက်ပေးပါ။
  • လေအေးပေးစနစ် တပ်ဆင်ထားတဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးပြုသွားလာမယ်ဆိုရင် ခန္ဓာကိုယ်ကို အပူချိန်ပြောင်းလဲမှုကို ပြင်းပြင်းထန်ထန် မခံစားရစေဖို့အတွက် အနွေးထည်ခပ်ပါးပါးတစ်ထည် ဝတ်ဆင်ပေးပါ။

လေအေးပေးစက်ကြောင့် အန္တရာယ်ရှိနိုင်တဲ့ အနေအထားကနေ ကာကွယ်နိုင်စေဖို့ အပြင်ကနေ ပြန်ပြန်လာချင်း  လေအေးပေးစက်ကို ချက်ချင်းမဖွင့်ပါနဲ့၊ ဖွင့်ခါစမှာ fan-only mode ကိုပဲ စဖွင့်ပြီး အခန်းတွင်းအပူချိန်နဲ့  ပြင်ပအပူချိန် သိပ်မကွာတဲ့ အနေအထားရောက်မှ အပူချိန်ကို ဖြည်းဖြည်းချင်း လျှော့ချပေးပါ။

သန့်စင်မှုအားနည်းတဲ့ အခန်းတွင်းလေနဲ့ လေအေးပေးစနစ်ကို အမြဲအသုံးပြုနေတဲ့ အနေအထားက သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေမှာ အသက်ရှုလမ်းကြောင်းဆိုင်ရာနဲ့ ဓာတ်မတည့်မှုတွေကို  ဖြစ်ပေါ်ခံစားရစေတဲ့ အရင်းခံအကြောင်းတရား ဖြစ်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly