ရင်သားအလှပြုပြင်ခွဲစိတ်ခြင်းရဲ့ ဆိုးကျိုးများ

ရင်သားအလှပြုပြင်ခွဲစိတ်ခြင်းရဲ့ ဆိုးကျိုးများ

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

ရင်သားအလှပြုပြင်ခြင်းဆိုတာဘာလဲ

ရင်သားအလှပြုပြင်ခွဲစိတ်ခြင်း (Breast augmentation သို့မဟုတ် augmentation mammoplasty) ဆိုတာ ရင်သားရဲ့ အရွယ်အစားကြီးလာဖို့၊ တင်းရင်းလှပစေဖို့ ပုံသဏ္ဍာန်ပြုပြင်ပေးတဲ့ ခွဲစိတ်မှုတစ်မျိုးဖြစ်ပါတယ်။

ခွဲစိတ်မှုမှာ ဆီလီကွန်(silicone)၊ဆားရည် (saline) သို့မဟုတ် တခြားcomposite ရင်သားအတုပစ္စည်းကို ရင်ဘတ်ကြွက်သား သို့မဟုတ် ရင်သားတစ်ရှူးတွေအောက်မှာ ထည့်သွင်းပေးတာဖြစ်ပါတယ်။ အစားထိုးရင်သားအတုတွေရဲ့သက်တမ်းဟာ ပျမ်းမျှအားဖြင့် ၇ နှစ်ကနေ ၁၂ နှစ် အထိ တာရှည်ခံတတ်ပါတယ်။

ဘာကြောင့် ပြုပြင်ကြတာလဲ

အမျိုးသမီးတွေ ရင်သားခွဲစိတ်ရတဲ့ အကြောင်းရင်းတွေကမတူညီကြပါဘူး။ ဒါပေမယ့် ဒီလိုခွဲစိတ်ပြုပြင်သူတွေထဲမှာ ရင်သားကြီးထွားအောင် အလှခွဲစိတ်ပြုပြင်သူတွေနဲ့ ရင်သားကင်ဆာကြောင့်ခွဲစိတ်ခံရပြီးနောက် ပြန်လည်ပြုပြင်ကြရသူတွေပိုများပါတယ်။

  • ဆိုဒ်သေးနေတဲ့ ရင်သားကို ကြီးလာစေဖို့၊
  • ကိုယ်ဝန်ဆောင်ပြီးနောက်၊ ခန္ဓာကိုယ်ပိန်သွားပြီးနောက်၊ ဒါမှမဟုတ် ကလေးနို့တိုက်ရပြီးနောက် ရင်သားအရွယ်အစားနဲ့ ပုံသဏ္ဍာန် ပြန်လှပစေဖို့၊
  • ရင်သားနှစ်ဖက်မညီဖြစ်နေရင် ပြန်အချိုးညှိဖို့၊
  • ရင်သားခွဲစိတ်မှုခံယူပြီးနောက် ပုံမှန်အတိုင်းဖြစ်အောင်ပြန်ပြုပြင်ဖို့ဖြစ်ပါတယ်။

ထည့်သွင်းမယ့် ရင်သားအတုအမျိုးအစားရွေးချယ်ခြင်း

အသုံးများတဲ့ ရင်သားအတုကတော့ ဆီလီကွန်ဂျယ်ဖြစ်ပေမယ့် saline အစားထိုးပစ္စည်းဆိုတာလည်း ရှိပါတယ်။ ဘယ်ပုံသဏ္ဍာန်၊ ဘယ်အမျိုးအစားက အသင့်တော်ဆုံးဖြစ်မလဲဆိုတာ ဆရာဝန်က ဆွေးနွေးအကြံပေးမှာဖြစ်ပေမယ့် အောက်ပါအချက်တချို့ကို သိထားသင့်ပါတယ်။

Silicone gel ရင်သားအတု

saline ရင်သားအတုထက် ပိုပြီးသဘာဝကျပြီး နူးညံ့တာကြောင့် တွန့်ခေါက်မှုဖြစ်နိုင်ခြေပိုနည်းပါတယ်။ Polyurethane အလွှာနဲ့ဖုံးအုပ်ထားတဲ့ပစ္စည်းတွေက capsular contracture (????) နဲ့ ရင်သားအတုနေရာရွေ့ခြင်း တို့ဖြစ်လာနိုင်ခြေပိုနည်းပါတယ်။ ဒါပေမယ့် ဆီလီကွန်ရင်သားအတုပေါက်ပြဲသွားရင် ရင်သားထဲမှာ ဆီလီကွန်ဂျယ်တွေယိုစိမ့်ပျံ့နှံ့မှု (siliconomas ) အခြေအနေဖြစ်စေနိုင်ပါတယ်။ Polyurethane အလွှာဖုံးအုပ်ထားတဲ့ရင်သားအတုတွေမှာ ခဏတာအရေပြားဓာတ်ပြုမှုဖြစ်စေနိုင်ပါတယ်။

Saline ဆားရည်ရင်သားအတု

အစားထိုးရင်သားအတုက ပေါက်ပြဲလာရင် saline ဆားရည်တွေပျံ့နှံ့မှုက ဘေးမဖြစ်စေနိုင်ဘဲ ခန္ဓာကိုယ်က စုပ်ယူသွားမှာဖြစ်ပါတယ်။ ဆီလီကွန်ထက် ပေါက်ပြဲဖို့၊ ပြားသွားဖို့ ဖြစ်နိုင်ခြေပိုများပါတယ်။အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်းချင်းပြားလာလေ့ရှိတာကြောင့် ဖြစ်ပါတယ်။ တွန့်ခေါက်ခြင်းလည်း ဖြစ်လေ့ရှိသလို ဆီလီကွန်လောက် သဘာဝကျတဲ့ခံစားချက်မပေးနိုင်ပါဘူး။

ရင်သားအတုတွေဟာ အသက်အရွယ်ကြောင့်၊ ဖြစ်ရပ်အကြောင်းအရာတစ်ခုခုဆီက သက်ရောက်မှုဒဏ်တစ်ခုခုကြောင့်၊ ကင်ဆာခွဲစိတ်မှုလိုမျိုး ဆေးကုသမှုတစ်ခုခုကြောင့် ပျက်ယွင်းရတတ်ပါတယ်။ ဒါပေမယ့် ဆီလီကွန်ရင်သားအတု ပေါက်ပြဲပျက်ယွင်းမှုတွေက လက္ခဏာပြလာတာကလွဲလို့ တော်ရုံနဲ့ ဘေးအန္တရာယ်မရှိတတ်ကြသလို ဆက်ပြီးဆိုးရွားလာတာမျိုးလည်းဖြစ်ခဲပါတယ်။

ပျက်ယွင်းလာတဲ့ ရင်သားအတုတွေက ကျန်းမာရေးပြဿနာမဖြစ်စေနိုင်ပေမယ့် တချို့မှာတော့ ရင်သားမှာ တင်းနေတဲ့ခံစားချက်ဖြစ်နေတာ၊ ရင်သားအရောင်သို့မဟုတ်အရွယ်အစားပြောင်းလဲလာတာ၊ အနည်းငယ်နေရခက်လာတာ၊ အရေခွံကွာလာတာ တွေခံစားရနိုင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ခံစားရတဲ့လက္ခဏာချင်းမတူကြပါဘူး။ ဆီလီကွန်ရင်သားအတု ပေါက်ပြဲတဲ့အခါ လက္ခဏာသိရှိဖို့ မလွယ်တာကြောင့် MRI သံလိုက်ပုံရိပ်ဖော်စစ်ဆေးမှုနဲ့ပဲ သိရှိနိုင်ပါတယ်။

ရင်သားအတု ပေါက်ပြဲတဲ့အခါ သိနိုင်မယ့်လက္ခဏာများ

  • အရွယ်အစားပိုသေးလာခြင်း – Saline ရင်သားအတုမှာ ပိုးသတ်သန့်စင်ထားတဲ့ဆားရည်ထည့်သွင်းထားတာဖြစ်ပါတယ်။ ဒီအမျိုးအစားက ပေါက်ပြဲလာရင် အခွံလွှာအပြင်ကိုစိမ့်ထွက်ပြီးခန္ဓာကိုယ်က စုပ်ယူသွားမှာဖြစ်ပါတယ်။ တခြားလက္ခဏာတွေကို မသိတာ မျိုးရှိလာနိုင်ပေမယ့် ရင်သားအတုက ပြားလာပြီး အရွယ်အစားပိုသေးလာပါလိမ့်မယ်။
  • ပုံသဏ္ဍာန်ပျက်ယွင်းခြင်း – silicone gel ထည့်သွင်းထားတဲ့ ရင်သားအတုရဲ့ပါဝင်ပစ္စည်းတွေက saline ရင်သားအတုမှာပါတဲ့အရည်ထက် ပိုပျစ်တာကြောင့် အခွံလွှာပေါက်ပြဲပြီးယိုစိမ့်ထွက်ဖို့ မဖြစ်နိုင်ပါဘူး။ တကယ်လို့ဆီလီကွန်က ပေါက်ပြဲလာခဲ့ရင် အနာရွတ်တစ်ရှူး( contracture) ဖြစ်ပေါ်လာမှုကြောင့် ရင်သားရဲ့အရွယ်အစားနဲ့ပုံသဏ္ဍာန် ပျက်ယွင်းလာတာ သတိထားမိနိုင်ပါတယ်။
  • ရင်သားတဝိုက်လက္ခဏာများ –  ဆီလီကွန်ရင်သားအတုပေါက်ပြဲတဲ့အခါ ရင်သားအတု ပတ်ဝန်းကျင်မှာရှိနေတဲ့ တစ်ရှူးတွေမှာ အပြောင်းအလဲတွေဖြစ်စေနိုင်ပါတယ်။ ၎င်းနားတဝိုက် အသားအရေက နီရဲလာနိုင်ပြီး ရင်သားမှာရောင်ရမ်းလာနိုင်ပါတယ်။ ရင်သားအတုထည့်သွင်းထားတဲ့တဝိုက်မှာ ရည်ကြည်ဖုလေးတွေဖြစ်လာသလိုခံစားရနိုင်ပြီး ယိုစိမ့်မှုရှိလာတဲ့ဘက်ခြမ်းက လက်မောင်း သို့မဟုတ် ပခုံးမှာ နေရခက်တာတွေဖြစ်စေနိုင်ပါတယ်။ ရင်သားမှာ ထုံသလို ကျဉ်သလို ခံစားချက်၊ ပူကနဲ ခံစားချက်၊ နာကျင်မှုတို့ကို ခံစားရနိုင်ပါတယ်။
  • ရောဂါရှာဖွေစစ်ဆေးခြင်း – လက္ခဏာမပြတဲ့ ဆီလီကွန်ရင်သား ပေါက်ပြဲမှုဖြစ်နေပြီလို့ ဆရာဝန်က သံသယရှိလာရင် MRI စစ်ဆေးမှုက အဖြေထုတ်ပေးနိုင်ပါတယ်။ MRI စစ်ဆေးမှုရဲ့ရလဒ်က ၉၀ ရာခိုင်နှုန်းသေချာနိုင်ပါတယ်။
  • ဆီလီကွန်နှင့်တခြားရောဂါများ – ဆီလီကွန်ဂျယ် ရင်သားအတုတွေက scleroderma(အရေပြားမာရောဂါ)၊ fibromyalgia (အရွတ်ကြောနာ) နဲ့ တခြားတွယ်ဆက်တစ်ရှူးရောဂါတွေလို ပြင်းထန်တဲ့ရောဂါတွေဖြစ်လာမှာကို စိုးရိမ်စရာတော့ရှိပါတယ်။

ဆီလီကွန်ရင်သားက လေယာဉ်စီးရင် ပေါက်ကွဲနိုင်သလား

ရင်သားအလှပြုပြင်ခွဲစိတ်ဖို့စဉ်းစားနေတဲ့ အမျိုးသမီးတွေက ဒီရင်သားအတုတွေကြောင့် ဘေးကင်းမကင်းကို မေးခွန်းထုတ်တတ်ကြပါတယ်။ အများစုကတော့ ဒီလိုထည့်သွင်းလိုက်ရင် ဘာတွေရှောင်ရမလဲ၊ ဘယ်လောက်သက်တမ်းကြာကြာခံမလဲဆိုတာကို သိချင်ကြပါတယ်။

လူတွေကြားမှာ တော်တော်လေးပြောလေ့ရှိတဲ့အကြောင်းအရာတစ်ခုကတော့ ရင်သားအစားထိုးဆီလီကွန်က လေယာဉ်စီးရင် လေထုဖိအားနည်းသွားတဲ့အခါ ပေါက်ကွဲတတ်တယ်ဆိုတာပါပဲ။ ဒါဟာမမှန်ကန်ပါဘူးလို့ Mythbusters ရုပ်သံလိုင်းက သက်သေထူ ဖော်ပြခဲ့ပါတယ်။ လေယာဉ်စီးရင်း ရင်သားမှာ တမျိုးကြီးနေရခက်တာတွေခံစားရတယ်ဆိုတာ ရင်သားအတု ဘယ်အမျိုးအစားမဆို ထည့်သွင်းထားသူတွေဆီက ကြားရတဲ့အကြောင်းအရာဖြစ်တယ်လို့ ရုပ်သံလိုင်းကဆိုပါတယ်။ တကယ်တော့ ဒီခံစားချက်က လေယာဉ်စီးတဲ့အခါ ရင်ထဲတမျိုးဖြစ်လာလေ့ရှိတဲ့ခံစားချက်ကနေဖြစ်လာတာပါ။ အများစုမှာတော့ လေထုဖိအားကပုံမှန်ပြန်ဖြစ်သွားတဲ့အခါ ဒီခံစားချက်က တဖြည်းဖြည်းလျော့ကျသွားတတ်ပါတယ်။ဒီခံစားချက်က ရင်သားအတုနဲ့မသက်ဆိုင်ပေမယ့် ဖြစ်လာရတဲ့အကြောင်းရင်းကို တိတိကျျကျပြောနိုင်ဖို့ ပဟေဠိဖြစ်နေဆဲပါ။

အပူချိန်နဲ့ ဆီလီကွန်

ရင်သားအတုတွေက ခန္ဓာကိုယ်ထဲမှာရှိနေတာဖြစ်တဲ့အတွက် ပုံမှန်အားဖြင့် ကျန်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ တူညီတဲ့အပူချိန်ကို ထိန်းသိမ်းပေးပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကြီးမှာ အေးခဲမသွားသရွေ့တော့ ရင်သားအတုကလည်း အေးခဲသွားမှာမဟုတ်သလို ခန္ဓာကိုယ်အပြင်မှာ ဖြစ်နေသလောက်လည်း အပူချိန်လွန်ကဲမှာမဟုတ်ပါဘူး။ ခန္ဓာကိုယ်အပူချိန်နဲ့တသားတည်းဖြစ်နေမှာပါ။

ဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးများ

ရင်သားအစားထိုးခွဲစိတ်မှုအပြီးမှာ အောက်ပါအချက်တွေ အဖြစ်များပါတယ် –

  • ခဏတာ နာကျင်ကိုက်ခဲမှု၊ ရောင်ရမ်းမှု၊ အနာတရဖြစ်မှု
  • ရက်သီတင်းပတ်အနည်းငယ်ကြာတဲ့အထိ ရင်ဘတ်ထဲတင်းကျပ်နေသလို ခံစားရခြင်း

ရင်သားအတုထည့်သွင်းမှုက နောက်ပိုင်းမှာ ဖြစ်လာနိုင်တဲ့ ပြဿနာတချို့ကတော့ –

  • အနာရွတ်ဖြစ်လာခြင်း
  • အနာရွတ်တစ်ရှူးက ရင်သားအတုတဝိုက်မှာ ကျုံ့လာခြင်း(capsular contracture)ကြောင့် ရင်သားတစ်ရှူး မာကျောမှုခံစားလာရခြင်း
  • ရင်သားအတုပေါက်ပြဲခြင်း – ရင်သားစကင်န်စစ်ဆေးမှုမှာပဲတွေ့မြင်ရနိုင်တဲ့ ရည်ကြည်ဖုငယ်(siliconomas) တွေဖြစ်လာစေနိုင်ပြီး ရင်သားအတုကို ဖယ်ထုတ်ဖို့လိုလာနိုင်တယ်။
  • ရင်သားအတုမှာ တွန့်ခေါက်မှုဖြစ်လာခြင်း
  • ရင်သားတစ်ဖက်နဲ့တစ်ဖက်မညီခြင်း
  • ရင်သားအတုက အတွင်းမှာ အနေအထားရွေ့နေခြင်း- ပုံသဏ္ဍာန်ပျက်ယွင်းစေနိုင်ပါတယ်။
  • ရင်သားအတုရဲ့မျက်နှာပြင်မှာ ကပ်နေတဲ့ အပေါ်ယံအလွှာပါး ကွာထွက်ခြင်း- ကုသရခက်နိုင်ပါတယ်။
  • နို့သီးခေါင်းထိပ်မှာ အာရုံကြောပြဿနာတွေဖြစ်လာနိုင်ခြင်း – ၎င်းနေရာမှာ အာရုံသိရှိနိုင်စွမ်း လျော့နည်းခြင်း၊လွန်ကဲခြင်း၊ဖြစ်လာနိုင်ပါတယ်။ ဒီလက္ခဏာက ယာယီလည်းဖြစ်နိုင်သလို အမြဲလည်းဖြစ်သွားနိုင်ပါတယ်။
  • နို့တိုက်မိခင်ဖြစ်ရင် ရင်သားမပြုပြင်ထားသူတွေလောက် နို့မထွက်နိုင်တော့ပါဘူး ။ ဒါပေမယ့် ရင်သားအလှပြုပြင်ထားသူတွေ ကလေးနို့တိုက်ရင်လည်း ကလေးကျန်းမာရေးကို မထိခိုက်စေပါဘူး။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly