ရခိုင်အမျိုးသားပါတီတွင်း နုတ်ထွက်မှုများ မြင့်တက်လာ

ရခိုင်အမျိုးသားပါတီတွင်း နုတ်ထွက်မှုများ မြင့်တက်လာ

စစ်တွေ၊ အောက်တိုဘာ ၄ ရက်။                   ။ ရခိုင်အမျိုးသားပါတီဝင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၃ ဦးနှင့် ပါတီဝင်အချို့က ပါတီမှ နုတ်ထွက်ကြောင်း အကြောင်းကြားစာကို   အောက်တိုဘာလ ပထမသီတင်းပတ် အတွင်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် အများပြည်သူအား အသိပေးဖော်ပြခဲ့ကြသည်။

နုတ်ထွက်သူများတွင် ပါတီ၏ ဗဟိုကော်မတီဝင် တာဝန်ကို ထမ်းဆောင်နေသူများလည်းဖြစ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များလည်းဖြစ်သော ဦးခင်မောင်ဌေး (အမ်းမြို့နယ် မဲဆန္ဒနယ်အမှတ် - ၂ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်) ၊ ဦးသန်းမောင်ဦး (ရမ်းဗြဲမဲဆန္ဒနယ်အမှတ် - ၂ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်) ၊ ဦးကျော်လွင် (ရမ်းဗြဲမဲဆန္ဒနယ် အမှတ် - ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်) တို့ ပါဝင်ပြီး အမ်းမြို့နယ် (တပ်မတောင်) ပါတီဝင်များဖြစ်သော ဒေါ်ကြည်ခင်၊ ဦးအောင်ဆန်းဝင်း၊ ဦးအောင်ကျော်ညွန့်၊ ဒေါ်ခင်စန်းလွင်တို့ ပါဝင်ကြသည်။

ရခိုင်အမျိုးသားပါတီ၏ ဖွဲ့စည်းပုံ အခန်း (၉) ပုဒ်မ ၆၅ အရ နုတ်ထွက်စာ တင်ရခြင်း ဖြစ်ကြောင်းကို နုတ်ထွက်သူများက ပြောကြသည်။

 “ ကျွန်တော်က အစကတည်းကနေ ALD (ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်)ဖက်က ပါလာတာဖြစ်လို့လေ။ ပါတီနှစ်ခု ပြန်ကွဲသွားတယ်ဆိုတဲ့အခါ ကိုယ့်အုပ် စုခွဲတယ်ပေါ့။ မူရင်းပါတီ ALD ဖက်ကို လုပ်မယ့်အတွက် ထွက်ရတယ်။ အဲဒီသဘောပါပဲ။ တခြားအထွေထူး ကိစ္စတော့ မရှိပါဘူး။” ဟု ယခုသီတင်းပတ်အတွင်း နုတ်ထွက်သူများထဲမှ ရမ်းဗြဲမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးက ပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် ပြန်လည် တည်ထောင်ဖွဲ့စည်းပြီးနောက် ရခိုင်အမျိုးသားပါတီတွင်း ကျန်ရှိနေသည့် ALD ပါတီဝင်များမှာ ပူးပေါင်းပါတီ ANP မှ နုတ်ထွက်မှုများ အများအပြားရှိနေသော်လည်း ၎င်းတို့၏ နုတ်ထွက်စာကို လက်မခံကြောင်းနှင့် ပါတီ၏ ညီလာခံမှသည်သာလျှင် ဆုံးဖြတ်နိုင်မည် ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ၏ လက်ရှိ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ကျောက်ဖြူမဲဆန္ဒနယ် အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က ပြောသည်။

သြဂုတ်လ ၁၁ ရက်နေ့က ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်၏ ပြောကြားချက်အရ ရခိုင်အမျိုးသားပါတီတွင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် ပါတီဝင်များနှင့် ပါတီအား ထောက်ခံသူများမှာ ANP မှ နုတ်ထွက်မှု အများအပြားရှိနေပြီး အတိအကျအား အတည်မပြုနိုင်ဟု  ပြောထားသည်။

ရခိုင်အမျိုးသားပါတီ (ANP) အား ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) နှင့် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) တို့က ၂၀၁၄ ခုနှစ်တွင် ပူးပေါင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ် နိုဝင်ဘာရွေးကောက်ပွဲအလွန် ပါတီတွင်း မူဝါဒများကို နှစ်ပါတီထိပ်သီးများက ညှိနှိုင်း၍ မရတော့သဖြင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ်ကို ပြန်လည် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ရခိုင်အမျိုးသားပါတီ၏ ညီလာခံတစ်ရပ်အား ဒီဇင်ဘာလမတိုင်မီ ကျင်းပပြုလုပ်နိုင်ရန် ပါတီမှ မျှော်လင့်ထားပြီး မကြာခင်အချိန်ကာလတစ်ခုအတွင်း ဗဟိုကော်မတီဝင်များ မျက်နှာစုံညီအစည်းအဝေးတစ်ခု  ပြုလုပ်နိုင်ရန်လည်း စီစဉ်ထားကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly