အဆိုတော် Rဇာနည် နှင် ့တွေ ့ဆုံခြင်း အပိုင်း(၁)

အဆိုတော် Rဇာနည် နှင် ့တွေ ့ဆုံခြင်း အပိုင်း(၁)

 

မေး ... Rဇာနည် ဆိုတဲ့ နာမည် ဖြစ်လာဖို့ဘယ်လို အခက်ခဲတွေကနေဖြစ်လာလဲ ။

ဖြေ ...   Rဇာနည် ဆိုတဲ့ နာမည်က အရင်ကလည်း ပြောဖူးပါတယ် ။ အရင်ကတော့ ဇာနည်ပေါ့။ ဆိုပျော် မှာတုန်းကတောင် ဇာနည်မျိုးညွန့်ဆိုတဲ့နာမည်နဲ့ပြိုင်ဖူးတယ် ။ အလုပ်တွေဘာတွေ ဝင်လုပ်ရင်းမှ ညဖက်အပြင်ထွက်ရင်းနဲ့ အနဂ္ဂတို့၊ရန်ရန်ချန်းတ့ို ၊ကိုင်ဇာတို့ လင်းလင်းတို့၊ စိုးမိုးမင်းတို့န ဲ့တွေ့ပြီး သူတို့ ပေးတယ်ပဲပြောရမှာပေါ့။ နောက် Acid Producer အဖွဲ့ထဲမှာပါတဲ့ ကိုရဲရဲ ၊ ဦးဗစ်တာခင်ညိုရဲ့သားက ကျွန်တော့ကို တကိုယ်တော်အခွေထုတ်မယ်ပေါ့နော်။ အဲဒီတုန်းက သူဆိုဖို့ရွေးထားတဲ့  သီချင်းတွေပေါ့။ သူ ပြန်ဆိုပြီးသားတွေလည်း ရှိတယ်။ မဆိုရသေးတာတွေရော၊ အများကြီး ။ သူက တော်တော် Key မြင့်မြင့်ဆိုတဲ့ အဖွဲ့ရဲ ့သီချင်းတွေရော ၊ နောက် မဆိုဖြစ်တော့ တေးရေးလည်း အပ်ထားပြီးသား။  ကျွန်တော်က အဆင်သင့် ချင်တော့ လုပ်ဖြစ်သွားတာ ။ သူက မေးတယ် ။ မင်းဘယ်လို ဘာတွေ လုပ်ချင်သလဲဆိုတော့ ။ ကျွန်တော်က အားလုံးနဲ့ အဆင်ပြေချင်တယ်၊ လေးစားတယ်။ အားလုံးနဲ့လည်း သင့်မြတ်ချင်တော့ တီးရင် IC နဲ့ တီးမယ်။ EMG နဲ့ဖြန့်မယ်။ အဲလိုပေါ့။ အစကတည်းက ကိုယ့်စိတ်ကူးလေးနဲ့ပေါ့ ။

မေး  ... ပြန်ဆိုတေးတခေတ် Rဇာနည်ဆိုသမျှ သီချင်းတွေအကုန်ပေါက်တယ်။ တော်တော်ကို ဒါက ထူးခြားတယ်။ Producer ကတော့ ဒီသီချင်းဟာ ဇာနည်နဲ့ လိုက်တယ် ခေါ်ဆိုတယ်။ ဇာနည်ကလည်း ဆိုခဲ့တယ် ။ ဒါပေမယ့် ဒါက ဇာနည်အနေနဲ့ တကယ် ဖြစ်ချင်တဲ့ ဘဝလား။ ကိုယ်တကယ်ဆိုချင်တဲ့ သီချင်းတွေလား။  အဲ့ဒီချိန်က ခံစားချက်လေး ပရိသတ်ကိုပြောပေးပါဦး။

ဖြေ ... Acid မှာစ ဆိုပြီး လူတွေ တစ တစ သိလာပြီးတော့ ငါ့ကိုချစ်တဲ့သူစီးရီးမှာလဲ ဖြတ်..တို့လို၊ မင်းအတွက်တို့လိုသီချင်းတွေက လူတွေလက်ခံလာပြီး ကိုယ်ဘာဆိုမလဲဆိုတာ စောင့်ကြည့်နေတဲ့ အနေထားမှာ ပြန်ဆိုတေး တခေတ်ဖြစ်လာတယ်ပေါ့နော်။ ပြန်ဆိုတေးမှာက အားလုံးက ကိုယ်စီ ကိုယ်စီ သီချင်းတွေရွေးပြီးဆိုကြ၊ ကိုယ်တွေလည်း ငယ်ငယ်တည်းက ဒီအရင်အဆိုတော်ကြီးတွေကို   လေးစားအားကျပြီး သူတို့ သီချင်းတွေနဲ့ ကြီးပြင်းလာခဲ့ရတော့ ပြန်ဆိုရမယ်ဆိုတော့ပျော်တာပေါ့။ မဟုတ်လည်း ကိုယ်က လမ်းဘေးမှာ ဆိုနေကြကိုး ။ တချို့သီချင်းတွေက ကိုယ်ဆိုချင်တာနဲ့ တစ်ထပ်တည်း ကျတယ်။ တချို့သီချင်းတွေကျ အားလုံးရွေးပြီး ဒါပဲကျန်တော့တယ်၊ ဒါပဲဆိုလိုက်တော့ဆိုတဲ့ အခြေနေမျိုးတွေ   ကြုံရတယ်။ ဒါပဲ ဆိုစေချင်တာလဲပါမှာပေါ့။ စိုးလွင်လွင် ဂန္တဝင်ဆည်းဆာ ကျတော့ အဲ့ဒါ ကျန်တဲ့သီချင်း၊ သူ့အချိန်အခါပေါ့နော။  ကျွန်တော်လည်း စန်းထတဲ့အချိန်လို့ပဲ ပြောချင်ပါတယ်။ တိုက်ဆိုင်သွားတာမျိုးလဲဖြစ်မှာပါ။ ကျွန်တော်ကလည်း ကိုယ်ဆိုတဲ့သီချင်းအပေါ်မှာ အမြဲတမ်းစိတ်ထဲမှာ အရှင်းဆုံးထားပြီး ဆိုတယ်။ ဘယ်သူ့ထက် ကောင်းအောင်ဆိုမယ်တို့၊  ဘယ်လိုပျံလန်သွားအောင် လုပ်မယ်တို့၊ အဲ့လိုစိတ်ကတော့ တကယ်ကိုမရှိတာ။ ကိုယ် ဆိုတတ်သလိုပဲ ဆိုလိုက်တာ။  ပြောချင်တာ ခေတ်ကလည်း အသံပိုင်းဆိုင်ရာ တိုးတက်မှုတွေရှိတော့၊ နောက်အတီးပိုင်းဆိုင်ရာတွေပိုတိုးတက်မှုတွေနဲ့ ကျွန်တာ်တယောက်တည်း ကောင်းလို့မဟုတ်ဘူး။ အားလုံး အဖက်ဖက်က ကောင်းလို့၊ သီချင်းတစ်ပုဒ်က ပိုပြီးပြည့်စုံလာတာပါ။

မေး ... Vocal Power အား ကောင်းတော့ ပရိသတ်က ဇာနည်ကို Rock ကြမ်းကြမ်းတွေ ဆိုစေချင်ကြတယ်။  R ဇာနည့် ခံစားချက်ကရော ဘာဖြစ်မလဲ ။

ဖြေ...ကျွန်တော်က အကုန်ဆိုတတ်တဲ့ အလေ့အကျင့်နဲ့ ကြီးပြင်းလာတာမျိုး ဖြစ်သွားတာပေါ့နော်။ ကိုယ် နားထောင်တဲ့သီချင်းတွေကလည်း Power Full ဆိုတာတွေ ၊ Rock Band တွေဆိုတော့ နောက်ဆုံး သူတို့ဆီက ပျော့ပါတယ်၊ သီချင်လေးတွေက ချိုပါတယ်ဆိုတဲ့ Bon Jovi တောင် ကိုယ် တကယ်လိုက်ဆိုတဲ့အခါ ကျတော့ မမှီမကမ်းတွေဖြစ်ရတာမျိုး ကြုံရတယ်လေ ။ ဒါပေမယ့် Metallica နဲ့ Bon Jovi ယှဉ်လိုက်မယ်လည်းဆိုရင်  Metallica က ပိုကြမ်းကောင်း ကြမ်းနေပေမယ့်  တကယ်တမ်းကျ ဆိုရတာ ပင်ပန်းတာက Bon Jovi ဖြစ်ကောင်းဖြစ်နေလိမ့်မယ်။ ကျွန်တော်တို့က အဲ့ဒါမျိုးတွေခွဲခြားသိသွားတဲ့ အခါကျတော့ သီချင်းဆိုရင် မလျှိချင်ဘူး၊ မချန်ချင်ဘူး။ အော်ဟစ်ဆိုမယ်ဆိုရင် ဘယ်လိုအကောင်းဆုံး ဘယ်လိုဆိုမလဲလို့ အသိတရားရသွားတာဖြစ်မှာပါ။ သီချင်းအကြမ်းတွေက နားပဲထောင်တာကို၊ ဆိုဖို့ကြက သိပ်အားမသန်ဘူး။ သီချင်းကို Melody လှလှကို ပညာသားပါပါ နဲ့ ပင်ပင်ပန်းပန်း ဆိုရတာပဲ ပိုကြိုက်ပါတယ်။

မေး ... R ဇာနည်က နိုင်ငံခြားက အဆိုတော်တွေလို ကိုယ်ပိုင် Band နဲ့ရပ်တည်ဖို့ရော စိတ်ကူးဖြစ်လား။

ဖြေ...ကျွန်တော်တို့နိုင်ငံမှာက ခုမှ ဒါတွေက ခေတ်စားလာတယ်ပေါ့။ အရင်ကလည်း ရှိတော့ရှိပါတယ်။ စိုင်ထီးဆိုင်၊ ခင်မောင်တိုး ၊ မဇ္ဈိမလှိုင်း ၊ လေးဖြူ IC၊ သူတို့တွေတောင်မှ မနည်းကို လည်ပတ်ပြီးမှ ပုံမှန်Band ဖြစ်တာ။ ကျွန်တော်တို့ စဖြစ်တဲ့အချိန်က နာမည်ရှိပြီးသာ Band တွေနဲ့ တွဲပြီး အလုပ်လုပ်ရတယ်။ ကိုယ်ပိုင် Band က ခေတ်မစားသေးဘူး။ နောက် ခေတ်တဖြတ်ကျတော့မှ ကိုယ်ပိုင်တွေဖြစ်လာတာပေါ့။ အခုတော့ တီးဝိုင်းအားလုံးနဲ့တော့ ဆိုတယ်။ ဒါပေမယ့် The Tree နဲ့ ကျတော့ ကိုယ်ပိုင် Band လို ဖြစ်နေတာပေါ့။ တွဲလာတာလည်း ၁၇နှစ်လောက်ရှိပြီဆိုတော့ သူတို့က ကျွန်တော့်သီချင်းတွေအားလုံးကို အလွတ် ကျက်ထားတော့ တခါတလေသီချင်း အသစ်ဆိုချင်မှသာ သီချင်းတိုက်စရာလိုပြီး ဆိုနေကြသီချင်းတွေဆို အပုဒ်တစ်ရာလောက်ကို ပြန်မတိုက်ရဘဲ ဆိုလို့ရတယ်။ အဲ့တော့သူတို့နဲ့တော့ အဆိုများတယ်ပေါ့နော် ။

ဆက်လက်ဖော်ပြပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly