လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် လျှောက်ရာတွင် အခက်အခဲများကြောင့် တောင်သူတစ်ဦး တကိုယ်တော်ဆန္ဒပြ

လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် လျှောက်ရာတွင် အခက်အခဲများကြောင့် တောင်သူတစ်ဦး တကိုယ်တော်ဆန္ဒပြ

 

မန္တလေး၊ အောက်တိုဘာ ၄ ။              ။ မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့ရှိ တောင်သူအများစု၏ လယ်ယာမြေများအား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇)လျှောက်ထားသော်လည်း မရရှိသောကြောင့် အခက်အခဲ ကြုံတွေ့နေမှုအား ဖြေရှင်းပေးရန် အောက်တိုဘာ(၄)ရက် နံနက်(၁၀)နာရီခွဲက မြစ်သားမြို့ ဗိုလ်ချုပ်လမ်း ရွှေမုဋ္ဌောစေတီတော် အနီးတွင် တောင်သူ ဒေါ်ရွှေမိက ခွင့်ပြုမိန့်ဖြင့် တကိုယ်တော် ဆန္ဒပြတောင်းဆိုမှုပြုလုပ်ခဲ့သည်။

တကိုယ်တော် ဆန္ဒပြရာတွင် ပုံစံ(၇) အမြန်ဆုံးထုတ်ပေးရေး၊ မသမာသော ဝန်ထမ်းများအား ပြင်းထန်စွာ အရေးယူပေးရေး၊ မြို့နယ်တာဝန်ရှိသူများမှ တောင်သူလယ်သမားများအား အကူအညီပေးရေး စသော တောင်းဆိုချက်(၃)ချက် တောင်းဆိုကာ ကြွေးကြော်သံများဖြင့် ဆန္ဒပြခဲ့သည်။

'' ပုံစံ(၇)လျှောက်တာ ဒီနေ့ထိ မရသေးဘူး၊ ပုံစံ(၇)မရတော့ စိုက်ပျိုးရေး ချေးငွေမရဘူး၊ ချေးငွေမရတော့ အခက်အခဲများစွာရှိပါတယ်၊ ပုံစံ(၇)လျှောက်ရင် ငါးရာကျပ် သတ်မှတ်ထားပေမယ့် ပိုတောင်းတာတွေရှိတယ်၊ မပေးတဲ့ တောင်သူတွေကျ မရဘူး၊ ငွေလိုက်နိုင်တဲ့ လူတွေပဲ ရနေတယ်၊ ဒီကိစ္စတွေကို သက်ဆိုင်ရာ လူကြီးမင်းတွေက ကွင်းဆင်းစိစစ်ပြီး ဖြေရှင်းပေးစေချင်ပါတယ် '' ဟု တကိုယ်တော် ဆန္ဒပြတောင်းဆိုသူ ဒေသခံတောင်သူ ဒေါ်ရွှေမိက ပြောသည်။

မြစ်သားမြို့ ဒေသခံတောင်သူအများစုသည် (၂၀၁၂)ခုနှစ် လယ်ယာမြေဥပဒေသစ် ပေါ်ပေါက်လာပြီးနောက် (၂၀၁၃)ခုနှစ်တွင် လယ်ယာမြေဥပဒေအရ ပုံစံ(၇)ရရှိရေး   လျှောက်ထားခဲ့ကြကြောင်း၊   လျှောက်ထားပြီး (၁)လပြည့်အတွင်း ကန့်ကွက်သူမရှိပါက အစီအစဉ်အတိုင်း ပုံစံ(၇) ထုတ်ပေးရမည်ဆိုသော်လည်း ယနေ့ထိ မရ ရှိသေးကြောင်း၊ ငွေကြေးလိုက်နိုင်သော လူတစ်ချို့သာ ပုံစံ(၇) ရ ရှိနေသဖြင့် တရားမျှတမှုရှိအောင် လုပ်ဆောင်ပေးစေလိုကြောင်း မြစ်သားမြို့ ဒေသခံတောင်သူများကဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly