မကွေးမြသလွန် စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် လုံခြံုရေးတိုးမြှင့်ဆောင်ရွက်လျက်ရှိ

မကွေးမြသလွန် စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် လုံခြံုရေးတိုးမြှင့်ဆောင်ရွက်လျက်ရှိ

 

မကွေး၊ အောက်တိုဘာ ၄ ။                 ။ (၂၅၈၁) ကြိမ်မြောက် ကျင်းပလျက်ရှိသည့် မကွေးမြသလွန် စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် လုံခြုံရေးပိုင်းကို ယခင်နှစ်များထက် တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြသလွန်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို စက်တင်ဘာ ၃ဝ ရက်မှ အောက်တိုဘာ ၁၉ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ယမန်နှစ်က ကျင်းပခဲ့သော ယင်းပွဲတော်ရက်အတွင်း မှုခင်းနှစ်ခုဖြစ်ပွားခဲ့ပြီး ယခုနှစ်တွင် မှုခင်းဖြစ်ပွားမှု လုံးဝမရှိစေရန် လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း မကွေးခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်ထွန်းက ပြောသည်။

“ ဒီနှစ်ကျင်းပမယ့် ပွဲတော်မှာ အရင်နှစ်ကထက်ပိုပြီး အဘက်ဘက်ကနေ လုံခြုံရေးပိုင်းကို တိုးမြှင့် ဆောင်ရွက်ထားပါတယ်၊ ရဲတပ်ဖွဲ့အင်အား ၁၈၀ကျော် ချထားပါတယ်၊ ပွဲတော်လာပြည်သူတွေ အနေနဲ့လည်း လုံခြုံရေးတိုးမြှင့် ဆောင်ရွက်တဲ့ အစီအစဉ် အောင်မြင်ဖို့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းစေချင်ပါတယ်” ဟု ဒုတိယရဲမှူးကြီးကျော်ထွန်းက ဆိုသည်။

မကွေး မြသလွန်စေတီတော်မြတ်ကြီး၏ ၂၅၈၁ ကြိမ်မြောက် ဗုဒပူဇနိယ ပွဲတော်ကြီး လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေး အတွက် ရဲတပ်ဖွဲ့အင်အား ၁၈၀ကျော် ချထားသည့်အပြင် သံဃာတော်များ၊ စည်းကမ်း ထိန်းသိမ်းရေးကော်မတီ ကျောင်းသားများ၊စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ၊ထို့အပြင် ဌာနဆိုင်ရာများ၊ သံဃာတော်များ၊ ဂေါပကအဖွဲ့ဝင်များ ဝိုင်းဝန်းလုံခြုံရေး ဆောင်ရွက်ကြသည်ဟု   မြသလွန်ဘုရားဂေါပကအဖွဲ့ ဘဏ္ဍာတော်ထိန်းအဖွဲ့ဝင် ဦးတင်နိင်တင်က ပြောသည်။

“ သံဃာတော်တွေ တစ်ခုခုဖြစ်ရင် သံဃာကော်မတီက ဖြေရှင်းလို့ရအောင် သံဃာကော်မတီဖွဲ့ထားတာ ပါ၊ ကျောင်းသားတွေ ပြသနာဖြစ်ရင်လည်း ဖြေရှင်းနိုင်အောင် တက္ကသိုလ်က ပါမောက္ခဆရာ ဆရာမ တွေ စည်းကမ်းထိန်းသိမ်းရေးရုံးမှာ လာထိုင်မှာပါ၊ ပြီးတော် ဆရာတော်သံဃာတော်အဖွဲ့တွေ ဌာနဆိုင်ရာအဖွဲ့တွေ ဂေါပကအဖွဲ့ဝင်တွေ ဝိုင်းဝန်းထိန်းသိမ်းမှာပါ” ဟု ၎င်းက ဆက်ပြောသည်။

မြသလွန်ဘုရားပွဲတော်ကြီးတွင် ဘုရားဖူးလာပြည်သူများအတွက် ပွဲတော်လုံခြုံရေးအပြင် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရန် ကြက်ခြေနီတပ်ဖွဲ့၊   မြို့နယ်ကျန်းမာရေးမှူးများ ထားရှိကြောင်း၊ ထို့ပြင်ဘုရားပွဲတော် မီးဘေးလုံခြုံရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များ မီးသတ်ကားများ ထားရှိထားသည်ဟု သိရသည်။

မြသလွန်ဘုရားပွဲတော်ကြီးသည် သတင်းကျွတ်လဆန်း ၁၀ ရက်နေ့မှ သတင်းကျွတ်လကုန်အထိရက် ၂၀ကြာ ဇာတ်ပွဲများကပြခြင်း၊ ရုပ်ရှင်ပိတ်ကားများပြသခြင်း၊  မြန်မာ့ခြင်းခတ်ပွဲများပြသခြင်း စသည့် ပွဲလမ်းသဘင်များ ဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိသည်။

ယင်းပွဲတော်တွင် ဈေးဆိုင်ခန်းပေါင်း ၁ဝဝဝ ကျော် ဖွင့်လှစ်ရောင်းချမလျက်ရှိပြီး နှစ်စဉ် အနယ်နယ်အရပ်ရပ်မှ ပြည်သူများနှင့် နိုင်ငံခြားခရီးသွား ဧည့်သည်များ လာရောက်ကြကြောင်း သိရသည်

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly