Cherry FM ထုတ်လွှင့်မှုရပ်ဆိုင်းရန် ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားသော်လည်း ဥပဒေကြောင်းအရ ရင်ဆိုင်မည်ဆို

Cherry FM ထုတ်လွှင့်မှုရပ်ဆိုင်းရန် ပြန်ကြားရေးဝန်ကြီးဌာန ညွှန်ကြားသော်လည်း ဥပဒေကြောင်းအရ ရင်ဆိုင်မည်ဆို
သြဂုတ် ၁၅ ရက် နံနက်ပိုင်းက  ကန်တော်ကြီး အတွင်းရှိ ချယ်ရီ FM သီချင်းတောင်းဆိုသည့် စတေရှင်ကို တွေ့ရစဉ်။ ဓါတ်ပုံ - ရွေဘုတ်

နေပြည်တော်၊ ဩဂုတ် ၁၅ ။        ။ သူရဦးရွှေမန်း၏ ချွေးမဖြစ်သူ ဒေါ်ဇေဇင်လတ်ဦးစီးလုပ်ကိုင်နေသည့် Cherry FM ထုတ်လွှင့်မှု ရပ်နားရန် ပြည်ကြားရေးဝန်ကြီးဌာနက ညွှန်ကြားလိုက်သည်ဟု Cherry FM ၏ အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက မဇ္ဈိမကို အတည်ပြုသည်။

အဆိုပါ တာဝန်ရှိသူက “Cherry FM Radio Station ကို မိမိတို့သဘောဆန္ဒအလျောက်ပေါ့နော်။ ခေတ္တရပ်နားလိုကြောင်း စာတင်ဖို့ သူတို့(ပြန်ကြားရေးဝန်ကြီးဌာန)ဘက်တော့ ညွှန်ကြားလာတယ်” ဟု ပြောသည်။  

ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူများနှင့် Cherry FM မှ တာဝန်ရှိသူများ နေပြည်တော်တွင် ဩဂုတ် ၁၅ မနက်ပိုင်းကပြုလုပ်သည့် အစည်းအဝေးတွင် ပြန်ကြားရေးဝန်ကြီးဌာနက အထက်ပါ အတိုင်း ညွှန်ကြားလိုက်ခြင်းဖြစ်သည်။

သို့သော် Cherry FMအနေဖြင့် “ရပ်ဆိုင်းစာ တင်သွင်းမှာတော့ မဟုတ်ဘူး။ ဥပဒေကြောင်းအရ စစ်ဆေးဆောင်ရွက်မယ်ဆိုရင်လည်း ကျွန်တာ်တို့ဘက်ကတော့ ရင်ဆိုင်ဖို့ပဲရှိတယ်” ဟု အဆိုပါ တာဝန်ရှိ သူ တစ်ဦးကပြောသည်။

သူရဦးရွှေမန်း၏ သားဖြစ်သူ ဦးတိုးနိုင်မန်းကလည်း ၎င်း၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်တွင် “ဥပဒေအရ စစ်ဆေးဆောင်ရွက်ခြင်းကိုသာလိုလားပါ၍ခေတ္တရပ်ဆိုင်းစာ တင်သွင်းခြင်းများ လုပ်ဆောင်သွား မည်မဟုတ် ပါကြောင်း တင်ပြပါသည်” ဟု ရေးသားထားသေးသည်။  

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဌ (ပူးတွဲဥက္ကဌဟု ပါတီ၏ ထုတ်ပြန်ချက်တွင် သုံးနှုန်း) ဖြစ်သူ သူရဦးရွှေမန်း ရာထူးမှ ဖယ်ရှားခံရသည့် ဩဂုတ် ၁၃ရက်ကစပြီး Cherry FM ထုတ်လွှင့်မှုမှာ ရပ်ဆိုင်းသွားခဲ့သည်။  

ချယ်ရီ FM သည် ၂၀၀၉ခုနှစ် သြဂုတ် ၁၅ရက်နေ့က စတင်ပြီး ပြန်ကြားရေးဝန်ကြီးဌာနနှင့် သဘောတူညီမှုစာချုပ်ဖြင့် ထုတ်လွှင့်ခြင်းဖြစ်ပြီး ၆နှစ်တိတိပြည့်သည့်နေ့တွင် ရပ်ဆိုင်းရန် ညွှန်ကြားခံရခြင်း လည်းဖြစ်သည်။

Cherry FM ရပ်ဆိုင်းရန် ညွှန်ကြားမှုအပေါ် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ အရာရှိတစ်ဦးကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင် ၎င်းအနေဖြင့် ယင်းကိစ္စအပေါ်နေပြည်တော် တွင် အစည်းအဝေးပြုလုပ်သည်ကိုသာသိရှိပြီး အသေးစိတ်သိရှိခြင်းမရှိကြောင်း ပြန်ဖြေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags