ကမာရွတ်စခန်းမှူးအား အရက်မူးပြီး ကားဖြင့်ဝင်တိုက်ခဲ့သူအား ထောင်ဒဏ် ရ နှစ်ချမှတ်

ကမာရွတ်စခန်းမှူးအား အရက်မူးပြီး ကားဖြင့်ဝင်တိုက်ခဲ့သူအား ထောင်ဒဏ် ရ နှစ်ချမှတ်
ဓာတ်ပုံ-ရန်ကုန်တိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ အောက်တိုဘာလ ၄ ။                      ။ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ (၉) ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဓမ္မာရုံရှေ့တွင် ကမာရွတ် မြို့နယ်စခန်းမှူးအား အရက်မူးပြီး ကားဖြင့်ဝင်တိုက်ခဲ့သူအား ယနေ့ အောက်တိုဘာလ ၃ ရက်နေ့တွင်ထောင် ဒဏ် ၇ နှစ်ချမှတ်ခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ကမာရွတ်မြို့နယ်စခန်းမှူးအား ကားဖြင့်ဝင်တိုက်ခဲ့သူ အသက် ၃ဝ အရွယ် တရားခံချမ်းမြေ့အောင်ဆိုသူအား ယနေ့ အောက်တိုဘာလ ၃ ရက်နေ့တွင် ကမာရွတ်မြို့နယ်တရားရုံးမှ ရာဇသတ်ကြီးပုဒ်မ ၃ဝ၄-က အရ ထောင်ဒဏ် (၇)နှစ်၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉ အရ ထောင်ဒဏ် (၁)နှစ် ကျခံစေရန်နှင့် ပြစ်ဒဏ်များအား တပေါင်းတည်းကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ ကမာရွတ်မြို့နယ်၊ စခန်းမှူး ဒုတိယရဲမှူး စိုးအောင်မှာ ရဲတပ်ဖွဲ့ဝင်များနှင့်အတူ သတင်းအရ သြဂုတ်လ ၇ ရက်၊ နံနက် ၂ နာရီအချိန်တွင် ကမာရွတ်မြို့နယ်၊ (၉) ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်း၊ ဓမ္မာရုံရှေ့တွင် ယာဉ်တိုက်မှုအား သွားရောက်ဆောင်ရွက်နေစဉ် ချမ်းမြေ့အောင်ဆိုသူက အရက်မူးပြီး အရှိန်ဖြင့် မောင်းနှင်လာသော ယာဉ်မှ စခန်းမှူး ဒုတိယရဲမှူး စိုးအောင်အား ဝင်တိုက်ခဲ့ခြင်းဖြစ်သည်။

ယာဉ်တိုက်ခံရမှုကြောင့် ကမာရွတ်မြို့နယ်၊ စခန်းမှူး ဒုတိယရဲမှူး စိုးအောင်မှာ သေဆုံးသွားခဲ့သည်။

အဆိုပါအမှုနှင့်ပတ်သက်ပြီး သြဂုတ်လ ၂၁ ရက်နေ့တွင် ကမာရွတ်မြို့မရဲစခန်းစွဲချက်အမှတ် ၃၇၃/၂၀၁၇၊ ရာဇ သတ်ကြီးပုဒ်မ ၃၀၄-က/၂၇၉ဖြင့် ကမာရွတ်မြို့နယ် တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ခြင်းဖြစ်ပြီး ရာဇဝတ်ကြီး အမှုအမှတ် ၂၈၇/၂၀၁၇ဖြင့် မြို့နယ်တရားသူကြီးမှ လက်ခံခဲ့၍ အမှုအား ကြားနာစစ်ဆေးခဲ့ရာ ယနေ့ အောက်တိုဘာလ ၃ ရက်နေ့တွင် အပြီးသတ်အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအမှုမှာ ၂ လအတွင်း အပြီးသတ်အမိန့်ချကာ ပြစ်ဒဏ်ချမှတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly