အမျိုးသားတွေ လျစ်လျူရှုတတ်တဲ့ ကင်ဆာလက္ခဏာ (၁၅) ချက်

အမျိုးသားတွေ လျစ်လျူရှုတတ်တဲ့ ကင်ဆာလက္ခဏာ (၁၅) ချက်

ရေးသားသူ Dr. Thiha Phyo Myint 
ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. K Zin Thwe. 

သင့်အနေနဲ့ တချို့ရက်တွေမှာ ကောင်းကောင်းစားပါလိမ့်မယ်။ရက်အတော်များများမှာ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါလိမ့်မယ်။ ဒါပေမယ့် သင်ဟာ ဆရာဝန်ဆီ သွားရမှာကို သေတာထက်ကြောက်တဲ့ အမျိုးသားအများစုထဲက တယောက်ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။ဒါဟာမကောင်းပါဖူး။ ဘာလို့လဲဆိုတော့ သင့်အနေနဲ့ ကင်ဆာရောဂါရဲ့ ကနဦး လက္ခဏာတွေကို မသိလိုက်ဖြစ်သွားတတ်လို့ပါ။ ကင်ဆာရောဂါကို ခုခံရာမှာ အထိရောက်ဆုံးသော နည်းတွေထဲက တခုက ရောဂါကို စောစောသိပြီး စောစောကုတာ ဖြစ်ပါတယ်။ ပြဿနာက ဘာလဲဆိုတော့ ကင်ဆာရောဂါ အများစုရဲ့ ကနဦးသတိပေးချက်လက္ခဏာတွေက အများအားဖြင့် မပြင်းထန်တဲ့အတွက် သိဖို့ ခဲယဉ်းတာပါ။ အောက်မှာ ဖော်ပြထားတဲ့ ရောဂါလက္ခဏာ ၁၅ချက်ကို ဖတ်ကြည့်ပါ။ တချို့အချက်တွေက ကင်ဆာနဲ့ပိုပြီး နီးနီးကပ်ကပ် ချိတ်ဆက်တဲ့ အချက်တွေဖြစ်ပါတယ်။ တချို့အချက်တွေကတော့ သိပ်အရေးမကြီးဖူးပေါ့။ ဒါပေမယ့် ဒီအချက်တွေ အကုန်လုံးကို သိထားလို့ အကျိုးမယုတ်ပါဖူး။

•ဆီးသွားရင် ပြဿနာတွေ ကြုံရတာ
ဆီးနဲ့ ပတ်သက်တဲ့ တချို့သော ပြဿနာတွေက
-ဆီးခဏခဏသွားရတာ (အထူးသဖြင့်ညဖက်တွေမှာ)။
-ဆီးထွက်ကျတာ၊ဆီးမအောင့်နိုင်တာ။
-ဆီးစသွားဖို့ ခက်တာ၊ ဆီးလုံးသေးတာ။
ဒီလက္ခဏာတွေဟာ ဆီးကျိတ်ကြီးတာ ဒါမှမဟုတ် ဆီးကျိတ်ကင်ဆာတို့ကြောင့် ဖြစ်ပေါ်လာနိုင်တာကြောင့် လျစ်လျူမရှုသင့်ပါဖူး။သင်ထင်တာထက် အန္တရာယ်ပိုရှိပါတယ်။ဆရာဝန်နဲ့ သွားပြပြီး လိုအပ်တာတွေကို စမ်းသပ်စစ်ဆေးကြည့်သင့်ပါတယ်။သွေးစစ်ဖို့လည်း လိုကောင်းလိုမှာပါ။

•သင့်ကပ္ပါယ်အိတ်တွေမှာ အပြောင်းအလဲတွေ ဖြစ်ပေါ်လာတာ
တကယ်လို့ ကပ္ပါယ်အိတ်မှာ အလုံးတွေ့တာ၊လေးလံသလို ခံစားရတာ ဒါမှမဟုတ် တခြားမူမမှန်တာ တခုခုကို ခံစားရပြီဆိုရင် ကပ္ပါယ်အိတ်ကင်ဆာဖြစ်နိုင်ချေတွေ ရှိနေတာမို့ ဆရာဝန်နဲ့ အမြန်ဆုံးပြသစစ်ဆေးပါ။ဒီကင်ဆာဟာ ပျံ့တာ၊ကြီးထွားတာ အရမ်းမြန်တာကြောင့် ဖြစ်ပါတယ်။

•ဆီးဒါမှမဟုတ် ဝမ်းထဲမှာ သွေးပါတာ
ဆီးထဲမှာ သွေးပါလာပြီဆိုရင် ပုံမှန်တော့ လုံးဝမဟုတ်တော့ဖူးဆိုတာကို သိထားရပါမယ်။ဆီးအိမ်ကင်ဆာ၊ကျောက်ကပ်ကင်ဆာ၊အူမကြီးကင်ဆာ၊လိပ်ခေါင်း ဒါမှမဟုတ် ဆီးလမ်းကြောင်းပိုးဝင်တာတွေ ဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ အမြန်ဆုံးပြသပါ။

အရေပြားပြောင်းလဲမှုတွေ ဖြစ်လာတာ
မှဲ့အရောင်ပြောင်းတာ၊ပုံစံပြောင်းတာ၊အရွယ်အစားပြောင်းတာ ဒါမှမဟုတ် အရေပြားပေါ်မှာ တခြားသော အစက်တွေပေါ်လာရင် အရေပြားကင်ဆာဖြစ်နိုင်ပါတယ်။ဒါကြောင့် ဒီလက္ခဏာတွေပေါ်လာပြီဆိုရင် သင့်မှာ ထွေထွေထူးထူးစဉ်းစားဖို့ အချိန်မရှိပါဖူး။

•အကျိတ်တွေကြီးလာတာ
သင့်လည်ပင်းမှာ၊ချိုင်းကြားမှာ ဒါမှမဟုတ် တခြားနေရာတွေမှာ ပဲစေ့အရွယ် အကျိတ်လေးတွေ တွေ့ရတယ်၊အကျိတ်တွေ ရောင်နေတယ်ဆိုရင် တခုခုတော့ မှားနေပါပြီ။ဒီလို အကျိတ်တွေထွက်လာတာဟာ လည်ချောင်းနာတာ ဒါမှမဟုတ် သာမန်အအေးမိတာကို တုန့်ပြန်တဲ့အနေနဲ့ ထွက်လာတာမျိုးဖြစ်နိုင်သလို (ပိုဆိုးတဲ့ အခြေအနေက) ဒါဟာ တချို့ကင်ဆာတွေရဲ့ လက္ခဏာတွေလည်း ဖြစ်နိုင်ပါတယ်။ရောဂါဇစ်မြစ်ကို ရှာတွေ့ပြီး လိုအပ်သလို ဆက်ပြီး ကုသနိုင်ဖို့အတွက် ဆရာဝန်ဆီ အမြန်ဆုံးသွားပြရမှာပါ။

•မြိုချရခက်ခဲတာ
အစာတို့၊ရေတို့မြိုချရခက်တယ်ဆိုတာ တချို့လူတွေမှာ ဖြစ်နေကျ လက္ခဏာတခုပါ။အဆန်းမဟုတ်ပါဖူး။ဒါပေမယ့် ဒီလက္ခဏာတွေနဲ့အတူ ကိုယ်အလေးချိန်ကျသွားတာ၊ပျို့အန်တာမျိုးတွေပါဖြစ်လာပြီဆိုရင်တော့ ဒါဟာ လည်ချောင်းကင်ဆာ ဒါမှမဟုတ် အစာအိမ်ကင်ဆာရဲ့ သတိပေးခေါင်းလောင်းသံတွေပါ။

•ရင်ပူတာ
ကာလကြာရှည် ရင်ပူတာ၊တဖြည်းဖြည်းနဲ့ ပိုဆိုးလာတာတွေဟာလည်း မြိုရခက်တာလိုပဲ လည်ချောင်းကင်ဆာ ဒါမှမဟုတ် အစာအိမ်ကင်ဆာရဲ့ ရှေ့ပြေးလက္ခဏာတွေပါ။

•ပါးစပ်ထဲမှာ အပြောင်းအလဲ တချို့ရှိလာတာ
သင်ဟာ ဆေးလိပ်သောက်တယ် ဒါမှမဟုတ် ကွမ်းစားတယ်ဆိုရင် ပါးစောင်ကင်ဆာဖြစ်နိုင်ချေ ရှိပါတယ်။သင့်အနေနဲ့ ပါးစပ်နားတဝိုက်ကို အမြဲသတိထား ကြည့်နေသင့်ပါတယ်(အထူးသဖြင့် ပါးစပ်ထဲ ဒါမှမဟုတ် နှုတ်ခမ်းပေါ်မှာ အဖြူရောင်၊အနီရောင် အကွက်တွေ၊အဖတ်တွေ ပေါ်လာရင်ပေါ့)။

•ဘာမှမလုပ်ရပါပဲနဲ့ ဝိတ်ကျသွားတာ
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကိုစားလို့ ဒါမှမဟုတ် ကာယလေ့ကျင့်ခန်းလုပ်လို့ ကိုယ်အလေးချိန် အနည်းငယ်ကျသွားတာက ပြဿနာမဟုတ်ပါဖူး။ဒါပေမယ့် သင့်အနေနဲ့ ဘာမှထူးထူးခြားခြား အားမထုတ်ရပါဘဲနဲ့ ၁၀ပေါင် ဒါမှမဟုတ် ဒီ့ထက်ပိုကျသွားမယ်ဆိုရင်တော့ သင့်ကျန်းမာရေးမှာ တခုခု မှားနေပါပြီ။ပန်ကရိယကင်ဆာ၊အစာအိမ်ကင်ဆာ ဒါမှမဟုတ် အဆုတ်ကင်ဆာတို့ ဖြစ်စေနိုင်ပါတယ်။

•အဖျားတက်တာ
အဖျားတက်တယ်ဆိုတာ ကူးစက်ပိုးမွှားတွေကို သင့်ခန္ဓာကိုယ်က ပြန်လည်တိုက်ထုတ်နေတာဖြစ်ပြီး ဒါပြဿနာမဟုတ်ပါဖူး။ဒါပေမယ့် အကြောင်းတစုံတရာ ထူးထူးခြားခြားပြစရာမရှိပါဘဲ ကြာရှည်ဖျားနေမယ်ဆိုရင်တော့ ဒါဟာ လူကီးမီးယား ဒါမှမဟုတ် တခြားသွေးကင်ဆာရောဂါတွေ ဖြစ်နေနိုင်ပါတယ်။ဒါကြောင့် အဖျားတက်တာကိုလည်း အထင်မသေးပါနဲ့။

•ရင်သား အပြောင်းအလဲတွေရှိလာတာ
အမျိုးသားတွေဟာ ရင်သားမှာ အဖုအကျိတ်ထွက်လာတာကို သိပ်ပြီးအလေးထားလေ့မရှိပါဖူး။ဒါပေမယ့် သင်မသိသေးမယ့် အချက်တခုက ရင်သားကင်ဆာတွေရဲ့ တစ်ရာခိုင်နှုန်းက အမျိုးသားတွေမှာ ဖြစ်ပွါးတယ်ဆိုတာပါပဲ။တကယ်လို့ သင့်ရင်သားမှာ အဖုအကျိတ်တခုတွေ့ပြီဆိုရင် သင့်ဆရာဝန်ထံ အမြန်သွားပြပြီး စစ်ဆေးဖို့ လိုပါလိမ့်မယ်။

•ပင်ပန်းနွမ်းနယ်တာ
တနေ့တာလုံး အလုပ်လုပ်ပြီးလို့အိမ်ပြန်ရောက်တဲ့အခါ ဒါမှမဟုတ် ပရောဂျက်တွေနဲ့ လုံးချာလိုက်နေတဲ့ ရက်သတ္တပတ်ရဲ့ အဆုံးမှာ သင်ဟာ လူရောစိတ်ပါ နုံးချိနေပါလိမ့်မယ်။ဒါပေမယ့် ကင်ဆာနဲ့ပတ်သက်လာပြီဆိုရင်တော့ သင်ပင်ပန်းနွမ်းနယ်တာဟာ အလွန်အမင်းဆိုးရွားမှာဖြစ်ပြီး သင့်အနေနဲ့ နားနားနေနေ ဒါမှမဟုတ် စိတ်ရောလူပါ ဖြေလျှော့ပြီးနေမယ်ဆိုရင်တောင် ဘယ်လိုမှ သက်သာသွားဖွယ်မရှိပါဖူး။

•ချောင်းဆိုးတာ
ချောင်းဆိုးတာဟာ ဆေးလိပ်မသောက်တတ်သူတွေအတွက် သိပ်ပြဿနာ မဟုတ်ပေမယ့် သင်ဟာ စီးကရက် ချစ်သူတယောက်ဖြစ်ပြီး ချောင်းဆိုးသွေးပါတာ၊ အသက်ရှုမဝတာတွေဖြစ်လာပြီဆိုရင်တော့ အဆုတ်ကင်ဆာက သင့်ကို တံခါးခေါက်နေပါပြီ။

•နာကျင်တာ
တကယ်လို့ နာကျင်ကိုက်ခဲနေတာတွေဟာ ကာလကြာရှည်ဖြစ်နေပြီး သင်မခံမရပ်နိုင်လောက်အောင် ဖြစ်လာတယ်ဆိုရင် အနီးဆုံးဆေးရုံ၊ဆေးခန်းကို သွားပြသင့်ပါတယ်။ကင်ဆာရောဂါ တခြားနေရာတွေကို ပျံ့နှံ့တဲ့အခါ ဒီလိုကာလကြာရှည်နာကျင်မှုတွေဖြစ်လေ့ရှိပါတယ်။

•ဗိုက်နာ/အောင့်တာ နဲ့ စိတ်ကျဝေဒနာ ခံစားရတာ
စိတ်ကျဝေဒနာခံစားရတာနဲ့ ဗိုက်နာ/အောင့်နေတာ အတူတကွ ဖြစ်လာမယ်ဆိုရင် ဒါဟာ ပန်ကရိယ ကင်ဆာကို ညွှန်းဆိုနေပါတယ်။ဒါမျိုးက ရှားတော့ရှားတယ်ဆိုပေမယ့် သတိဆိုတာ ပိုတယ်မရှိပါဖူး။

ကျန်းမာရေးက ဘယ်လောက်အရေးကြီးတယ်ဆိုတာ ပြောဖို့တောင် လိုမယ်မထင်ပါဖူး။ဒါကြောင့် သေးသေးမွှားမွှား လက္ခဏာလေးတွေကိုတောင် လျစ်လျူမရှုလိုက်ပါနဲ့။ကျန်းမာအောင်နေပါ၊ ကိုယ်လက်လေ့ကျင့်ခန်း မှန်မှန်လုပ်ပါ၊ဆေးလိပ်နဲ့ အရက်ကို တတ်နိုင်သမျှ ရှောင်ပါ။ဒါတွေဟာ ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေနိုင်ဖို့ သင်အကောင်းဆုံးလုပ်နိုင်တဲ့ အရာတွေဖြစ်လို့ပါပဲ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello Sayarwon မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly