အမျိုးသမီးတွေ ဘာကြောင့် အိုဂျီနဲ့ တစ်နှစ်တစ်ခါ ပြသသင့်တာလဲ

အမျိုးသမီးတွေ ဘာကြောင့် အိုဂျီနဲ့ တစ်နှစ်တစ်ခါ ပြသသင့်တာလဲ

ရေးသားသူ Dr. Thiha Phyo Myint 

ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. K Zin Thwe.

အမျိုးသမီး အများစုက အိုဂျီနဲ့ပြရမှာကို အရှက်သည်းတတ်ကြပြီး လှည့်ပတ်ပြေးလေ့ ရှိကြပါတယ်။ Pap Smear Test လို့ ခေါ်တဲ့ သားအိမ်ခေါင်း ချွဲမြှေးယူတဲ့ စစ်ဆေးမှုဟာ သုံးနှစ်တခါ ပြုလုပ်ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် သားဖွားမီးယပ် အထူးကု ဆရာဝန်နဲ့ တနှစ်တခါ မှန်မှန် ပြသစစ်ဆေးတာဟာ ကျန်းမာရေးအတွက် အရမ်းကို အကျိုးများစေတဲ့အတွက် သင့်အနေနဲ့ လိုက်နာဆောင်ရွက်သင့်လှပါတယ်။

ဘာလို့ သားဖွားမီးယပ် အထူးကုဆရာဝန်နဲ့ မှန်မှန် ပြသင့်တာလဲ။

သင့်ရဲ့ ယေဘုယျကျန်းမာရေး အခြေအနေကို သိနိုင်မယ်။

အိုဂျီဆီသွားတာဟာ သင့်မျိုးပွါးအင်္ဂါအဖွဲ့အစည်းစနစ်ကို စစ်ဆေးရုံတင်မကပါဖူး။သင့်ရဲ့ နှလုံးခုန်နှုန်း၊သွေးပေါင်ချိန်တို့အပါအဝင် အရေးကြီးတဲ့ လက္ခဏာတွေ၊BMI (Body Mass Index) လို့ခေါ်တဲ့ အရပ်အမောင်းနဲ့ သင့်တော်တဲ့ ကိုယ်အလေးချိန်ရှိမရှိ တွက်ချက်တာတွေ၊ဝမ်းဗိုက်ပိုင်းကို စမ်းသပ်တာတွေ၊အကျိတ်တွေ ရောင်မရောင် စမ်းသပ်တာ အစရှိတဲ့ စမ်းသပ်မှုတွေကို ဂရုတစိုက်ပြုလုပ်ပေးပါလိမ့်မယ်။

ဒါ့အပြင် မျိုးပွါးအင်္ဂါတွေကိုလည်း စမ်းသပ်မှာဖြစ်ကာ ဓာတ်ခွဲခန်းစစ်ဆေးမှုတွေကိုလည်း လိုအပ်သလို ပြုလုပ်ရမှာဖြစ်ပါတယ်။ဒါကြောင့် အိုဂျီနဲ့ ကျန်းမာရေးစစ်ဆေးခြင်းအားဖြင့် သင့်မှာ ကျန်းမာရေးပြဿနာတခုခု ဖြစ်ပေါ်နေပြီဆိုရင် သိရှိနိုင်မှာပဲ ဖြစ်ပါတယ်။

ဓမ္မတာ မမှန်တာတွေနဲ့ ပတ်သက်ပြီးတော့လည်း သင့်ကို ကူညီနိုင်ပါလိမ့်မယ် 

ဓမ္မတာ မမှန်ခြင်းဟာ မျိုးအောင်ခြင်း ပတ်သက်တဲ့ ပြဿနာတွေရဲ့ အချက်ပေးခေါင်းလောင်းဖြစ်တဲ့အတွက် တကယ်လို့ သင်ဓမ္မတာလာတာ နောက်ကျနေပြီဆိုရင် သားဖွားမီးယပ် ဆရာဝန်နဲ့ သွားပြသင့်ပါပြီ။ရာသီပန်းပွင့်တာနဲ့ ပတ်သက်တဲ့ အပြောင်းအလဲ တခုခုရှိပြီဆိုရင် ဘယ်လိုမျိုး ပြောင်းလဲမှုပဲ ဖြစ်ဖြစ် သားဖွားမီးယပ် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။ဒါမှသာ အချိန်မီ ဆေးကုသမှု ခံယူနိုင်မှာမို့ပါ။

လိင်ကတဆင့်ကူးစက်တဲ့ ရောဂါတွေရှိနေရင် စောစီးစွာ သိနိုင်မယ်

သွေးမဆုံးသေးတဲ့ အမျိုးသမီးတိုင်းဟာ ဆီးပူညောင်းကျ၊ကလာမိုင်းဒီးယား အစရှိတဲ့ လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေ ရှိမရှိသိနိုင်ဖို့အတွက် နှစ်စဉ်စစ်ဆေးသင့်ပါတယ်။ဘာလို့လဲ ဆိုတော့ ဒီရောဂါတွေဟာ မကုသဘဲ ထားရင် ကလေးမရနိုင်တာမျိုး ဖြစ်စေနိုင်လို့ပါပဲ။

လိင်ဆက်ဆံဖော် များတဲ့ အမျိုးသမီးတွေက ဒီလိုရောဂါမျိုးတွေ ကူးစက်နိုင်ခြေပိုများတဲ့အတွက် ပိုလို့ စစ်ဆေးသင့်ပါတယ်။လိင်ကတဆင့်ကူးစက်တဲ့ ရောဂါတွေအပြင် ဆီးအိမ်ပြဿနာ၊ မျိုးပွါးခြင်းနဲ့ သက်ဆိုင်တဲ့ ပြဿနာတွေ၊အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ နဲ့ အရိုးရောဂါတွေကိုလည်း စစ်ဆေးနိုင်ပါသေးတယ်။

သားဆက်ခြားထားတာကို စစ်ဆေးပေးမယ်

တကယ်လို့သင်ဟာ တားဆေး၊ထိုးဆေး၊ ကပ်ခွါ၊ သားအိမ်တွင်းထည့်ပစ္စည်း ဒါမှမဟုတ် အမျိုးသမီး အင်္ဂါတွင်းထည့်ကွင်း စတဲ့ ပဋိသန္ဓေ့တားဆေးတွေကို အသုံးပြုတယ်ဆိုရင် အိုဂျီနဲ့ နှစ်စဉ် ပြသစစ်ဆေးသင့်ပါတယ်။

diaphragm လို့ခေါ်တဲ့ သားအိမ်တွင်းထည့်ကွင်းတွေဟာ သုံးနှစ်တခါလောက် ပြန်စစ်ဆေးဖို့လိုသလို ကလေးမွေးပြီးနောက် ဒါမှမဟုတ် ကိုယ်အလေးချိန်ပြောင်းလဲပြီးနောက်မှာလည်း စစ်ဆေးဖို့ လိုအပ်ပါတယ်။တကယ်လို့ သင့်အနေနဲ့ သားဆက်ခြားတာနဲ့ ပတ်သက်လို့ အကြံဉာဏ်လိုအပ်တယ်ဆိုရင် သင့်အိုဂျီဆီသွားတာထက် ပိုကောင်းတဲ့ နေရာဘယ်မှာ ရှိဦးမှာလဲ။

အရေးကြီးတဲ့ ကျန်းမာရေး ဗဟုသုတတွေ သိရမယ်

နှစ်စဉ် အိုဂျီနဲ့ ပြသစစ်ဆေးချိန်မှာ သင့်ရင်သားကို ကိုယ်တိုင်ဘယ်လိုစမ်းသပ်မလဲ၊လုံခြုံစိတ်ချရတဲ့ လိင်မှုကိစ္စတွေကို ဘယ်လိုလုပ်ဆောင်မလဲ စတဲ့ ကျန်းမာရေးဆိုင်ရာ အသိပညာတွေကိုလည်း မေးမြန်းလေ့လာနိုင်ပါသေးတယ်။

ဒါ့အပြင် သင့်ဆရာဝန်က သင့်ရဲ့ ခန္ဓာကိုယ်ကို ဘယ်လိုထိန်းသိမ်းစောင့်ရှောက်ရမလဲ ဆိုတာကိုလည်း သင့်ကို လမ်းညွှန်ပေးပါလိမ့်မယ်။ဘယ်အရာက ပုံမှန်၊ဘယ်အရာကတော့ဖြင့် ပုံမမှန်ဆိုတာကိုလည်း ပြသသင်ကြားပေးပါလိမ့်မယ်။ဒါမှသာ သင့်အနေနဲ့ ကျန်းမာရေး ပြဿနာတခုခုရှိလာရင် စောစီးစွာ သိရှိပြီး ဆေးကုသမှု ခံယူနိုင်မှာဖြစ်ပါတယ်။

နိဂုံးချုပ်အနေနဲ့ အကြံပေးရရင် သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပထမဆုံးသိနိုင်တာ သင်ပဲ ဖြစ်ပါတယ်။ဒါကြောင့် သင့်ခန္ဓာကိုယ်နဲ့ ပတ်သက်လို့ ထူးထူးခြားခြား ပြောင်းလဲမှုတွေရှိရင် ရေးမှတ်ထားပြီး နောက်တကြိမ် သင့်အိုဂျီနဲ့ တွေ့ဆုံပြသချိန်မှာ ယူသွားနိုင်ပါတယ်။သတိထားသင့်တဲ့ လက္ခဏာတွေက ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ၊မိန်းမကိုယ် မကြာခဏ ပိုးဝင်တာ၊လိင်ဆက်ဆံရင် နာကျင်တာနဲ့ ရင်သားနာကျင်ခြင်းတို့ပဲ ဖြစ်ကြပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello Sayarwon မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly