ထိုင်းနယ်စပ်ရှိ မြန်မာတိုင်းရင်းသားများလည်း နတ်ရွာစံ ထိုင်းဘုရင်၏ စျာပန အခမ်းအနား ကျင်းပရန် ပြင်ဆင်နေ

ထိုင်းနယ်စပ်ရှိ မြန်မာတိုင်းရင်းသားများလည်း နတ်ရွာစံ ထိုင်းဘုရင်၏ စျာပန အခမ်းအနား ကျင်းပရန် ပြင်ဆင်နေ
Photo - CNN

 

အောက်တိုဘာလ ၃ ရက်၊ ၂၀၁၇ ခုနှစ်။ ချင်းမိုင်(မဇ္ဈိမ)။                 ။ နတ်ရွာစံ ထိုင်းဘုရင် ဘူမိဘော အဒူရာဒက်၏ ဈာပန အခမ်းအနားကို ထိုင်းတစ်နိုင်ငံလုံးတွင် တစ်ချိန်ထဲ ပြုလုပ်သွားမည်ဖြစ်ရာ ထိုင်းနယ်စပ်နှင့် ထိုင်းနိုင်ငံရောက် မြန်မာတိုင်းရင်းသားများကလည်း ဈာပန အခမ်းအနားများ ကျင်းပကြမည် ဖြစ်ကြောင်း သိရသည်။

လာမည့် အောက်တိုဘာလ ၂၆ ရက်နေ့တွင် တစ်နိုင်ငံလုံးတွင် ကျင်းပမည့် ထိုင်းဘရင်၏ ရုပ်ကလာပ် မီးသဂြိုဟ်ပွဲ အခမ်းအနားကို မွန်တိုင်းရင်းသားများ အများဆုံးနေထိုင်သည့် စံခလပူရီမြို့ ရှိ ဝင်းက ဆရာတော်ကြီး ဦးဆောင်၍ ဘုန်းကြီးကျောင်းကွင်းပြင်တွင် မွန်တိုင်းရင်းသားများကလည်း အခမ်းအနား ကျင်းပရန် ပြင်ဆင်နေပြီ ဖြစ်ကြောင်း အခမ်းအနားအတွက် ပြင်ဆင်နေသော မွန်စာပေယဉ်ကျေးမှု သုတေသီ နိုင်အောက်ပိုင်က ပြောသည်။

“ကျွန်တော်တို့ မွန်တိုင်းရင်းသားတွေက အထူးသဖြင့် စံခလပူရီမြို့နယ်မှာ လုပ်မယ်။ အခမ်းအနားကြတော့ မွန်ဘက်ခြမ်းမှာ လုပ်မယ်။ အခမ်းအနားပုံစံကတော့ မွန်ရိုးရာယဉ်ကျေးပုံစံ မွန်ရိုးရာဓလေ့ ထမ်းစင်နဲ့ ပြသာဒ်ပုံစံ မွန်စတိုင်ပေါ့လေ။ အခုက ပြီးခါနီးနေပြီ။ နောက်ပြီးတော့ ရိုးရာယဉ်ကျေးမှု ယိမ်းအကတွေ၊ ပြသာဒ်ကတော့ ပြီးပြီ ဇော်ဂျီယိမ်းတို့ ဘုန်းကြီးပျံပုံစံပေါ့လေ”ဟု သူက ပြောသည်။

အောက်တိုဘာလ ၂၆ ရက်နေ့ ကျင်းပမည့် အခမ်းအနားကို ဘုန်းကြီးဈပနပုံစံ ပြဿဒ်များနှင့် လောင်တိုက် အသေးစားပုံစံ ပြုလုပ်ကာ မွန်ရိုးရာဓလေ့အတိုင်း ပူဇော်ပသသွားမည် ဖြစ်ကြောင်း၊ လွမ်းဆွတ်ခြင်း ယိမ်းအက များလည်း တစ်နေကုန် ကပြရန် စီစဉ်ထားသည်ဟု သူက ပြောသည်။

“ ထိုင်းနိုင်ငံမှာရှိတဲ့ မွန်လူမျိုးတွေက ထိုင်းဘုရင်ကို လေးစားကြည်ညိုတယ်။ ဘုရင် နတ်ရွာစံသွားတဲ့အချိန်မှာ ကျွန်တော်တို့အတွက် ဆုံးရှုံးမှု တစ်ရပ်၊ လေးစားမှုအနေနဲ့ အိမ်တိုင်းလိုလို ဘုရင်ကြီးရဲ့ ရုပ်ပုံ၊ အဝတ်ဖြူ၊ အဝတ်မဲ အိမ်တိုင်းလို ကပ်ပြီးတော့ ဈာပနလုပ်တဲ့အချိန်မှာလည်း သူတို့က ကွင်းပြင်မှာ လာစုပြီးတော့ လုပ်ကြမယ်”ဟု သူက ဆက်ပြောသည်။

အလားတူ ချင်းမိုင်မြို့တွင် နေထိုင်နေသော ရှမ်းတိုင်းရင်းသားများကလည်း ဝပ်ဒေတီလုံတွင် ထိုင်းအာဏာပိုင်းများမှ ဌာနဆိုင်ရာမှ စီစဉ်သည့် ဂါရဝပြု အခမ်းအနားတွင် ပါဝင်ကျင်းပသွားမည် ဖြစ်ကြောင်း ရှမ်းစာပေယဉ်ကျေးမှု ဥက္ကဋ္ဌ စိုင်းရှဲန်ယက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ နှင့်တခြား နယ်စပ်တလျှောက်ရှိ ကရင်တိုင်းရင်းသားများလည်း ထိုင်းဘုရင်၏ ဈာပနပွဲအတွက် အဝါရောင်ပန်းများ စိုက်ပျိုးခြင်းဖြင့် ပြင်ဆင်မှုများ ပြုလုပ်နေပြီး ယနေ့ အောက်တိုဘာလ ၃ ရက်နေ့က ရှမ်းလူမျိုးများကောင်စီအဖွဲ့မှ ဘုန်းကြီး ဈပနအတွက် အမွှေးနံသာ၊ စံသာကူးပန်းများကို ချင်းမိုင်ခရိုင်အုပ်ချုပ်ရေးမှူးအား လွဲပြောင်းပေးအပ်ခဲ့သည်ဟု သိရသည်။

၂၀၁၆ ခုနှစ် အောက်တိုဘာလ ၁၃ ရက်နေ့က နတ်ရွာစံသွားသည့် ထိုင်းဘုရင်ကြီး ဘူမိဘော၏ ရုပ်ကလပ် မီးသဂြိုဟ်ပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၆ ရက်နေ့တွင် ကျင်းပမည် ဖြစ်ပြီး ယခုလအတွင်း ထိုင်းဘုရင်ကြီး၏ ဈာပနပွဲတော်ကာလအတွင်း ထိုင်း ရုပ်သံလွင့်ဌာနများနှင့် ပြည်သူများအား ဆောင်ရန်ရှောင်ရန်အချက်များကို ဘုရင်ကြီး ဈာပန အခမ်းအနား ကျင်းပရေးဦးဆောင်ကော်မတီက ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၁၃ ရက်မှ ၂၀ ရက်နေ့အတွင်း ဘုရင်ကြီးအား အောက်မေ့လွမ်းဆွတ်ခြင်းအနေဖြင့် ရုပ်သံလွင့်ဌာနများအနေဖြင့် အရောင်တောက်ပမှု ၄၀ ရာခိုင်နှုန်းလျော့ရန်၊ စီစဉ်တင်ဆက်သူများကလည်း ဝမ်းနည်းခြင်း အထိန်းအမှတ်အဖြစ် အနက်ရောင်ဝတ်ဆင်ရန်နှင့် အောက်တိုဘာလ ၂၁ ရက်မှ ၂၄ ရက်ထိ ဖျော်ဖြေရေးအစီအစဉ်များ ဆိုင်းငံ့ထားရန်၊ စီးပွားရေးကြော်ငြာနှင့် ရွှင်မြူးစရာ ဟာသကွက်များ၊ ယဉ်ကျေးသိမ်မွှေ့မှုများ မရှိသည့် ဝတ်စားဆင်ယင်မှုများ ပါဝင်သည့် ကြော်ငြာများ ဆိုင်းငံ့ထားရန်၊ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဘုရင်ကြီး၏ ဈာပန အခမ်းအနားကို နိုင်ငံတော် ပြန်ကြားရေးဌာနမှ တိုက်ရိုက်ထုတ်လွှင့်ချက်နှင့် ဘုရင်ကြီးနှင့် ပတ်သက်သည့် ရုပ်သံမှတ်တမ်းများကိုသာ တင်ဆက်ရန်၊ ၂၆ ရက်နေ့တွင် ဘုရင်ကြီး ဈပန အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်ချက်သာပြသရန်နှင့် အောက်တိုဘာလ ၂၇ ရက်မှ ၂၉ ရက်နေ့ထိ ဘုရင်ကြီးနှင့် ပတ်သက်သည့် အစီအစဉ်များကိုသာ ထုတ်လွှင့်ရန် ထိုင်းအစိုးရ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

အောက်တိုဘာလ ၂၆ ရက်နေ့တွင် နံနက် ၇ နာရီမှစတင်၍ ဘုရင်ကြီး၏ ရုပ်ကြွင်း ရုပ်ကလပ်ကို အခမ်းအနားနှင့် ဗိမာန်တော်ကို စီတန်းလှည့်လည်ပင့်ဆောင်၍ ညနေ ၅ နာရီခွဲမှ ည ၁၀ နာရီထိ ရုပ်ကလပ်မီးသဂြိုဟ်သည့် အခမ်းအနား ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုနေ့တွင် ဘုရင်ကြီး ဈာပန အခမ်းအနားကို ဘန်ကောက်မြို့ အပါအဝင် ထိုင်းတစ်နိုင်ငံလုံးရှိ ခရိုင်နှင့် မြို့နယ် အသီးသီးတွင် ဘုရင်ကြီးအား နောက်ဆုံး ဂါရဝပြု အခမ်းအနား တပြိုင်တည်း ကျင်းပသွားမည် ဖြစ်သည်။ အောက်တိုဘာလတလအတွင်း ဘုရင်ကြီးမွေးနေ့အရောင်ဖြစ်သော အဝါရောင်၊ ပန်းရောင်များကို ဌာနဆိုင်ရာ အဆောက်အအုံများ၊ နေအိမ်များတွင် အလှဆင် စိုက်ပျိုးထားကြရန် တိုက်တွန်းထားသည်။

တစ်နှစ်ပတ်လုံး ဘုရင်ကြီး၏ ရုပ်ကလပ်အား အများပြည်သူများ လာရောက် ဂါရဝပြုမှုကိုလည်း အောက်တိုဘာလ ၅ ရက်နေ့ နောက်ဆုံးထား ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly